Featured post
- Get link
- X
- Other Apps
ခေတ်သစ်သမီးပျိုတို့သည် နတ်သမီးများလည်း ဖြစ်ကြပြန်သေးသည်။ နတ်ပြည်တောင် တာဝတိံသာလောက် အဆင့်မဟုတ်သေး။ အမြင့်ဆုံးဘုံဖြစ်သော ဝဿဝတီနတ်ပြည်မှ နတ်ယမင်းပျိုကလေးများ ဖြစ်ကြပေသည်။ နတ်သမီးဖြစ်ရပေမဲ့ သန္တာတို့တော့ မပျော်နိုင်ပါ။ အို…အမှန်တကယ်နတ်ပြည်ဆို ကောင်းပါသေးရဲ့၊ အခုဟာက နတ်ပြည်ဒီဇိုင်းကို တု၍ဆောက်ထားသော လူ့ပြည်က တိုက်ခန်းတွင်နေရသောကြောင့် ညီအစ်မတစ်စုတို့ ညည်းမဆုံးနိုင်တော့ပြီ။ အခန်းကို ဝယ်မိသူက ဒေါ်ခင်ခင်ဖြစ်သောကြောင့် သူ့ကိုမဲကာ အပြစ်တင်ကြသည်။ ကြည့်ပါဦး…သန္တာတစ်ယောက် ဘာဖြစ်နေသလဲ..
“လျှာထွက်နေပြီဗျို့။ တကယ်ပါပဲ မနက်စောစောကလည်း အသုပ်ဝယ်ဖို့ တစ်ခါဆင်းရ၊ နောက် သိပ်တောင် မကြာသေး မုန့်ဖတ်ဆိုလို့ သွားရပြန်ပြီ။ အခုတစ်ခါကျ ဘာတဲ့ ကြက်သွန်နဲ့ မြေပဲတဲ့။ ခြောက်လွှာကနေ ဆင်းရသူကိုမှ ကိုယ်ချင်းမစာ ခိုင်းရက်ကြတယ်။ တကယ်ပါပဲ အကြင်နာတရားကို မရှိကြဘူး။ တစ်ခါတည်းမှာလိုက်တော့ ဘာဖြစ်လို့လဲ”
“ငါက အသက်ကြီးပြီဆိုတော့ မေ့တတ်လို့ပါဟယ်။ ဆင်းလိုက်တက်လိုက်ဆိုတော့ ချွေးကလေးတောင်ထွက်လို့ အပူအပုပ်စင်ပါတယ်၊ ဪ ပြီးတော့ ညည်းသူငယ်ချင်းတွေဆို ဘာတဲ့...ခန္ဓာကိုယ်အချိုးကျအောင် ဂျင်တွေဘာတွေ သွားရတယ်ဆို…။ ဟောဒီမှာ အမေက တင်တွေရင်တွေလည်းထွက် ပိုက်ဆံလည်းမကုန်တဲ့ လေ့ကျင့်ခန်းမျိုး ပေးနေတယ်လို့ပဲ သဘောထားလိုက်။ ဟုတ်ပြီလား” ခိုင်းမိသူဆိုတော့ကာ စိတ်ပြေအောင် ပြန်လည်ချော့မော့ရသည်က ဒေါ်ခင့်အလုပ်။
“အမလေး တော်ပါ တော်ပါ။ အခုကျမှ လာပြီး တော့နေတယ်။ အစကတည်းက မြေညီထပ်ဝယ်ထားရင် ဒီလိုဒုက္ခတွေ ဖြစ်မှာမဟုတ်။ ခြံကလေးသာ ဝယ်ထားလိုက်ရင် အပင်တွေတောင် စိုက်လို့ရသေး။ ဘာစိတ်ကူးနဲ့ ခြောက်လွှာကို ဝယ်ခဲ့မှန်းမသိ” သန္တာ မျက်မှောင်ကြီး ကျုံ့လိုက်သည်။ သူတို့ကတော့ ပါးစပ်ကလေးနဲ့တင် ပြီးသွားတာပဲ။ အမှန်လုပ်ရသူမှာတော့ သေပြီ။
“ငါက ခြံနဲ့မှ မနေချင်တာ။ ခြံဆို ပေါင်းရှင်း၊ မြက်ရှင်းရ၊ ခြံစည်းရိုးကာရနဲ့ အလုပ်ရှုပ်တယ်။ တိုက်ခန်းဆို ဟော… ကြည့်လိုက်လေ ဘာမှအပိုမကုန် ဘာမှလည်း အပိုလုပ်စရာမလို။ အေးချမ်းလို့ ကောင်းတယ်။ ခြောက်လွှာဆိုတော့ ဈေးလည်းသက်သာတယ်လေ။ ပိုတဲ့ပိုက်ဆံနဲ့ ငါ ရွှေဝယ်ဝတ်လို့ရတယ်။ အဲဒါကြောင့်ပဲ နင်တို့ တရောင်တပြောင် ဖြစ်နေတာပေါ့”
“သူ့ဟာသူ ရောင်ပဲ ရောင်ရောင် ပြောင်ပဲ ပြောင်ပြောင်။ အို… ခြံနဲ့ မနေချင်ဘူးလို့လည်း ရှိသေး။ အံ့ပါရဲ့”
“ငါ့အစီအမံကြောင့်ပဲ လူကြားသူကြားထဲသွားရင် မျက်နှာမငယ်တာဟဲ့”
အိမ်ရှေ့ခန်းတွင် ထိုင်နေရာမှ သန္တာတစ်ယောက် အထဲဝင်သွားသည်။ သူ့အမေ၏ အတွေးအခေါ်ကို ပြန်လည်ဆန်းစစ်ရဦးမည်။ ဘာလို့များ ခြံနဲ့ဝင်းနဲ့ မနေချင်ရသလဲ။ သူတို့ ရန်ကုန်ရောက်ခါစက ငှားနေသောအိမ်မှာ ခြံအကျယ်ကြီးနှင့် အားရပါးရ ပြေးလွှားခဲ့ရသည်မှာ ပျော်စရာကောင်းသည် မဟုတ်ပါလော။ အဲသည်တုန်းကဆို ညီအစ်မနှစ်ယောက် တစ်ခန်းနေခဲ့ရသည်မို့ privacy အပြည့်နှင့် လုပ်ချင်ရာသာ လုပ်ပါလေ့။ ဒီမှာတော့ နှစ်ခန်းသော အိပ်ခန်းတို့တွင် လူငါးယောက် တိုးဝှေ့ကာ အိပ်ရသည်။ ဘုရားရှိခိုးတာတောင် သူတို့အရိပ်အခြေ ကြည့်နေရသည်။ စိတ်ပျက်စရာအတိ ရှိလိုက်ပါဘိ။ သူတို့ငယ်ငယ်တုန်းကလည်း ခြံနဲ့ နေခဲ့ရတာပဲ။ အခုကျ ဘာဖြစ်လို့ စိတ်ပြောင်းသွားရသလဲ။ စဉ်းစားရင်း တွေးခေါ်လိုက်သည်မှာ ခလောသွားသည်အထိ။
“သန္တာရေ ထမင်းမစားသေးဘူးလား။ နေ့လယ် ၂နာရီထိုးပြီဟဲ့။ ထတော့။ ထမင်းစား ကြားလား”
အဲသလိုခေါ်မှ အိပ်ချင်မူးတူး ထမင်းထခူးရသည့်အဖြစ်။
ထမင်းတစ်လုတ် ပါးစပ်ထဲ ထည့်မည်အပြု ဒေါက်ဒေါက်ဒေါက်အသံက ဆင့််ခေါ်သဖြင့် သွားရပြန်ပြီ။
“မမကြီးရေ ဘာစားစရာရှိလဲ အသုပ်ရှိသေးလား”
“မရှိတော့ဘူး ကုန်ပြီ”
“အခု ဘာလုပ်နေလဲ”
“ထမင်းစားနေတယ်”
“မုန့်တီဆိုင် ဖွင့်ပြီလား”
“ဖွင့်ပြီ”
“အဲဒါဆို ထမင်းစားပြီးရင် မုန့်တီဝယ်ပေးနော်”
“အိုကေ”
ထမင်းစားပြီး ခဏထိုင်ကာ ဂိမ်းကလေး ဆော့လိုက်မည်ပဲရှိသေး…
ဒုန်း ဒုန်း ဒုန်း ဝုန်း ဒုန်း ဒုန်း
ဘာများ ဖြစ်ကြသလဲ။ ထိုစဥ် အောက်မှ အော်သံတစ်ခု ကြားရလေသည်။
“ရေပေးထားပြီဗျို့”
“သမီးရေ ရေခံလိုက်ပါဦးဟေ့”
လာပြန်ပြီ။ ဒါကလည်း သန္တာမကြိုက်ရသော အကြောင်းအရင်းတစ်ခု။ အခြားသူတို့နှင့် မတူ သူတို့အိမ်ရာတွင် တစ်ရက်ခြားတစ်ခါမှ ရေပေးသည်။ ရေပေးသည့်အချိန်တွင် မရလိုက်လျှင် နောက်၂ရက်လောက် မျက်နှာသစ်ရေကအစ ခံပြီး ချွေတာသုံးပေရော့ပဲ။ ထို့ကြောင့် နာရီဝက်ဟူသော အချိန်တွင် လုပ်လက်စအလုပ် အကုန်ရပ်၊ ရှိသမျှ အိုး ခွက် ပုံး ပလုံးတို့တွင် ရေခံရလေတော့သည်။ တခါတလေ အိမ်ကို ဧည့်သည်ဘာညာရောက်သော် သုံးဖို့ ရေမလောက်သဖြင့် ကိုယ်ရေမချိုးပဲ ဧည့်သည်သုံးရန် ချန်ထားပေးရသည်က ရှိသေး။ အဲဒါကြောင့် ရေလာတုန်း တစ်အိမ်သားလုံး တန်းစီကာ ခပ်သုပ်သုပ် ရေချိုးကြရသည်။ 'အင်း… သည်လိုနေရာမျိုးကို ရွေးပဲ ရွေးတတ်ပလေတယ်။ အံ့ပါရဲ့'
သန္တာတစ်ယောက် အံ့ဩ၍ မဆုံးနိုင်သေးခင်
“ရော့ ရော့ ဒီအိုးမှာပါ ခံလိုက်ဦး” ဟု ဒေါ်ခင်က ဟင်းချက်သည့်အိုးကို လှမ်းပေးသည်။
“ဟာ ဒီထဲက ဟင်းတွေရော” လှမ်းယူရမည့်လက်ပင် တွန့်သွားသည်။ ဒါက မနက်က ငါးခြောက်ထည့်ချက်ထားသည့် အိုးကြီး။ ဒီရေကိုသာ သောက်ရေတည်မည်ဆိုရင်ဖြင့်… အမလေး ငါးခြောက်သောက်ရေဖြစ်သွားမှာ။ ‘ငါတော့ ရေသန့်ဘူးပဲ ဝယ်သောက်တော့မယ်’ ဟု သန္တာတစ်ယောက် ကျိတ်တွေးနေလေသည်။
“ဆေးပြီး ပန်းကန်မှာ လှပ်လိုက်ပြီ။ သေချာဆေးထားပါတယ် အသန့်ပါ။ ရော့ မြန်မြန် ထည့်လိုက်။ ပန်းကန်ဆေးဖို့ရလည်း မနည်းဘူး။ ခွက်ကလေးတွေမှာလည်း ထည့်နော် ဘာတစ်ခုမှ အလွတ်မချန်ထားနဲ့။”
“အသက်ကြီးသလောက် လောဘကြီးလိုက်တာလည်း လွန်ရော” ခွက်ပိစိလေးနဲ့ခံ၊ ပြီးတော့ တိုက်မိလို့ မှောက်ကျ၊ ဘာထူးသလဲ။ ပင်ပန်းတာပဲ အဖတ်တင်သည်။
အဲလိုနှင့် ရေလည်းအုတ်ကန်မှာပြည့်ရော ရေချိုးခန်းတစ်ခုလုံးလည်း ခြေချစရာမရှိအောင် အိုးတွေနှင့်ပြည့်ရော။
ဪ...ရေခံလို့လည်း ကိစ္စက မပြီးသေးဘူး။ အဘွားကြီးအတွက် မုန့်တီက ဝယ်ရပြန်ဦးမည်။
တဟောဟော တဟဲဟဲဖြင့် အပေါ်သို့ အရောက်
“ဪ... သမီးရေ စောစောက မှာဖို့ မေ့သွားလို့။ အမေ့အတွက် မုန့်လက်ဆောင်းကလေးပါ ဆင်းဝယ်ပေးပါလား”
“ဟာ... အမေ”
ဒေါ်ခင်ခင်တစ်ယောက် မျက်နှာကို ခပ်တည်တည်ကလေးလုပ်၍ အပေါ်သို့ အနည်းငယ် မော့ထားလေသည်။ အံမယ်...
Comments
Post a Comment