Featured post

(၄) သူတို့ဘုံ

 ယခင်အပိုင်းတွင် သန္တာတစ်ယောက် “ဘာစိတ်ကူးနဲ့ ခြောက်လွှာကို ဝယ်ခဲ့မှန်းမသိ”ဟု ညည်းညူခဲ့ဖူးသည်။ ယခုအပိုင်းတွင်တော့ ဒေါ်ခင့်၏ နတ်ပြည်ခြောက်ဆင့်ရှိသည့်အနက် အပေါ်ဆုံး ခြောက်လွှာကိုမှ ဝယ်ခဲ့ရခြင်း အကြောင်းရင်းကို ရှင်းလင်းပြပါမည်။ ဇာတ်ထုပ်ဆိုသည်မှာလည်း ဟိုးအစကိုသိမှ ဇာတ်ရည်လည်သည်ဆိုတော့ ဦးခေတ်ဟောင်းနှင့် ဒေါ်ညွန့်ညွန့်တို့အထိ ပြန်လှန်၍ ကြည့်ကြပါစို့။

ဦးခေတ်ဟောင်းနှင့် ဒေါ်ညွန့်ညွန့်တို့သည် နယ်မြို့ကလေးမှ ဖြစ်ကြသည်။ ရန်ကုန်ရွှေမြို့တော်ကြီးသို့ ရောက်လာအောင် ကြံဆောင်သူမှာ ရွှေသမက်ကလေး မောင်ခေတ်သစ်ဖြစ်သည်။ ဇနီးချော ဒေါ်ခင့်လက်ကိုဆွဲကာ ရွှေမြို့တော်ကြီးသို့ နှစ်ကိုယ်အတူလာကြမည်ဟု ကြံရွယ်ရာတွင် သမီးကို စိတ်မချ ဟူသောဆင်ခြေဖြင့် ယောက္ခမကြီးကပါ ကပ်လိုက်လာခြင်း ဖြစ်သည်။ ကပ်လိုက်လာသည်တွင် ယောက္ခမကြီးသာ မကသေး၊ ယောက္ခထီးကြီး၏ အရိုးပြာအိုးကိုပါ တရိုတသေနှင့် ခေါင်းပေါ် မရွက်ထားရရုံတမယ် ပင့်ဆောင်လာခဲ့ရပြန်သေးသည်။ 

“အို... မေမေကလည်း ပါပါက ဆုံးသွားပြီပဲကို သူ့ဟာသူ လွတ်ရာကျွတ်ရာ သွားပါစေတော့။ မြို့အထိ ပြာအိုးကြီး သယ်လာပြီး ဘာလုပ်မှာလဲ” ဟု ခင့်ထံမှတဆင့် ယောက္ခမကြီးကို နားချဖို့ မောင်ခေတ်သစ်တစ်ယောက် ကြိုးပမ်းရှာသေး၏။ သို့သော် 

“တော် တန် တိတ်။ နင်တို့က ဒီအဘိုးကြီး သေသွားပြီဆိုပြီး ဘေးဖယ်ထားဖို့ စိတ်ကူးတာလား။ ရှေးထုံးကို မပယ်နဲ့ လူကြီးမိဘစကားဆိုတာ မြေဝယ်မကျ နားထောင်ရသကွဲ့။ ငါက သယ်ဆိုရင် သယ်လိုက်” ဟူသော တစ်ချက်လွှတ်အမိန့်ကို မလွန်ဆန်နိုင်သဖြင့် မောင်ခေတ်သစ်တစ်ယောက် အံကိုကြိတ်ကာ မျက်စိမှိတ်နေလိုက်ရတော့သတည်း။

အစကတော့ နည်းနည်း ချောင်ကျကျနေရာကလေးတွင် ခြံတစ်ခြံကို ငှားနေကြ၏။ မည်သို့ပင် အံကြိတ်ခဲ့ရသည်ပင်ပြောပြော အသင့်အတင့်ကျယ်သော နှစ်ထပ်အိမ်ကလေးတွင် အေးချမ်းစွာ စံနေတော်မူသည့် ယောက္ခမကြီး၊ သူငယ်ချင်းဟူသမျှကို အိမ်အလည်ဖိတ်ကာ ခြံတွင်းပျော်ပွဲစားထွက်နေသည့် ချစ်ဇနီး၊  သီချင်းကလေးဆိုကာ ပန်းပင်များ၊ ဘူးသီးပင်များ စိုက်ပျိုးနေသည့် သမီးကြီး၊ ဝဲပေါက်အောင် ဆော့ကြသည့် မျောက်ကလေးနှစ်ကောင်တို့ကိုမြင်ရသော် သည်းခံခဲ့ရသည့် အဖုအထစ်တို့ အကုန်လွင့်စင်ကြ၍ ကြည်နူးစိတ်သာ ဖြစ်မိလေတော့သည်။

သို့သော် အိမ်ငှားဘဝဟူသည် အိမ်ပိုင်ကဲ့သို့ စိတ်ကို ဒုံးဒုံးချ၍ မပျော်နိုင်။ ၆လတစ်ခါဆိုသလို “အိမ်ငှားအသစ်တင်တော့မှာနော်”ဟု လေသံချိုချိုနှင့် လည်ပင်းထက် ဓားမထောက်ရုံတမယ် ခြိမ်းခြောက်တတ်စွာသော ပွဲစားမမကို ကြောက်ရ၊ ဖုန်းဆက်လည်း မကိုင် အိမ်ကိုသွားတွေ့လည်း ဘယ်သောခါမျှ မရှိ ပျောက်နိုင်လွန်းသော်လည်း အိမ်ငှားခပိုပေးမည်ဆိုပါက လေထဲ၌ပင် ဘွားခနဲ ပေါ်လာတတ်သည့် အိမ်ရှင် အန်တီကြီးကို ရွံ့ရနှင့် ဘယ်နေ့လမ်းဘေးရောက်မလဲကို ပူပင်နေရသောကြောင့် နှလုံးရောဂါ မရရုံသာ ရှိပေသည်။ ထို့ကြောင့်ထင့် ရွှေမြို့တော်သို့ ရောက်လာပြီး များမကြာမီတွင် “ကိုယ်ပိုင်အိမ်ကလေးနဲ့ နေကြမလား ခင်ရယ်” ဟု မေးခွန်းလိုလို ကတိလိုလို ဘာလိုလို ညာလိုလိုကလေး ပြော၍ စီးပွားတိုးအောင် အမောင်ကြံမည်ဟု ထွက်ခွာသွားလေတော့သည်။ အမောင်ခေတ်သစ် သင်္ဘောပဲ ပျက်လေသလား. . ခိုးသားငါးရာတို့နှင့်ပဲ တွေ့လေရော့သလား. . ဘယ်လိုဖြစ်ဖြစ် နှစ်ချီသည့်တိုင် ပေါ်မလာတော့ဘဲ ခင်ခင်တို့ သားအမိနှစ်ယောက်သာ ရွှေမြို့တော်၌ နေထိုင်ကျန်ရစ်ကြရလေသည်။

ခင်ခင်နှင့် မေမေညွန့်တို့က တစ်သဘောတည်းဖြစ်၏။ “အိမ်အပိုင်နဲ့နေရတာကို မကြိုက်ဘူး။ ကိုယ့်အိမ်ဆိုရင် ဟိုပျက် ဒီပျက်တာတွေကို လိုက်ပြင်ရ၊ တာဝန်ခံရ၊ တစ်ခုခုဖြစ်ရင် ငွေထွက်စရာကြီးပဲ။ အိမ်ငှားနေရင် ခေါင်မိုးပေါက်သလား ကြမ်းပေါက်သလား ခေါ်လိုက်ရင် အိမ်ရှင်က ချက်ချင်း လာပြင်ပေးတယ်။ မတော်တဆ လွဲစေ ဖယ်စေ ဖတ် ဖတ် ဖတ် စစ်ဖြစ် ဘာဖြစ်လို့ မီးလောင်ဘာလောင်ရင်တောင် ကောင်းတဲ့အိမ်ကို ရှာငှားလိုက်ရုံပဲ” 

ထိုသို့ဖြင့် ပါလာသမျှသော ငွေအထုပ်အထည်တို့ကို ဆွေမျိုးတို့အား ချေးငှားခြင်း၊ ရွှေဝယ်ခြင်း၊ ချို့တဲ့သည့် အမျိုးမိတ်သဟာတို့ကို ပေးကမ်းခြင်း၊ တင်ကျွေးခြင်း စသည်တို့ပြုလုပ်ကာ သုံးစွဲပစ်လိုက်လေ၏။ မိုးရာသီ ဆောင်းရာသီ နွေရာသီ တစ်လီ နှစ်လီ သုံးလီခန့်ကြာသော် ပွဲခမရသည်မှာ ကြာပြီဖြစ်သော ပွဲစားမမနှင့် အိမ်လခပိုပေးမည့်သူပေါ်လာ၍  အဟောင်းတို့ကို နှင်ချချင်သော အိမ်ရှင်အန်တီကြီးတို့ ပေါင်းဆင်သည့် ခွင်ထဲသို့ မခင်နှင့် ဒေါ်ညွန့် တန်းဝင်မိကြလေရာ ပျော်လို့မဝသေးသည့် သမီးသုံးယောက်လက်ကိုဆွဲ၊ အမိုးမပျောက်လျှင် ပြီးရော ကျယ်သည် ကောင်းသည် မကြည့်နိုင်ဘဲ လွတ်သည့် အိမ်တစ်ခန်းကိုသာ အမြန်ရှာလိုက်ရလေသည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဆွေမျိုးများထံ အကြွေးချထားသည့်ငွေတို့ ပြန်မရသည့်ပြင် မိမိတို့ ကူညီကျွေးမွေးခဲ့ဖူးသည့် အမျိုးများ၏ အထက်စီးမှ ဆက်ဆံခြင်းကို ခံလိုက်လေရသောကြောင့် ငှားနေရင်း တိုက်ခန်းကျဉ်းကျဉ်းကလေးကိုသာ မချိမဆန့် ဝယ်လိုက်ရတော့သတည်း။ 

သန္တာတို့ ဝဿဝတီနတ်သမီးများ ဖြစ်ရခြင်းအကြောင်း ဤတွင် ဆုံး၏။

 previous|next


Comments