Featured post

daily reflections 3

 15. 9. 23 (FRI)


အချစ်

အချစ်ဆိုတာ မျှော်လင့်ချက်မပါဘဲ ထည့်စဉ်းစားပေးတဲ့အရာ။ လူတိုင်း အချစ်ကို ခံစားရဖို့ ထိုက်တန်တယ်။ လူတိုင်းက အပြုအမူတစ်ခုကြောင့်၊ ပို့လာတဲ့ စာတစ်ကြောင်းကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ဖို့ ထိုက်တန်တယ်။ အချစ်က ပုံစံအမျိုးမျိုးနဲ့ လာတယ်။ "စားပြီးပြီလား" လို့ မေးတာပဲဖြစ်ဖြစ်၊ "ငါ့ကို ကြည့်မနေနဲ့၊ လမ်းကိုပဲ ကြည့်" လို့ သတိပေးတာပဲဖြစ်ဖြစ်၊ "ဘာဖြစ်လာလဲ ပြော" လို့ နားထောင်ပေးတာပဲ ဖြစ်ဖြစ်၊ သူ့အင်္ကျီတွေ ခေါက်ပေးတာပဲဖြစ်ဖြစ်၊ လိုချင်နေတာ တစ်ခုကို ဝယ်ပေးလိုက်တာပဲဖြစ်ဖြစ် အချစ်ကြောင့် ဖြစ်နိုင်တယ်။ လူတွေဟာ စက်ရုပ်တွေလို တိကျတဲ့ ဘာသာစကားမျိုး မရှိဘဲ အတိတ်က အတွေ့အကြုံ၊ သင်ယူထားတဲ့ အသိတွေနဲ့ လက်ရှိအဖြစ်အပျက်တွေကို အဓိပ္ပာယ်ကောက်ယူနားလည်ကြတာကြောင့် ကိုယ့်ရဲ့ အချစ်ကို ဖော်ပြပုံဟာ တဖက်လူအတွက် ဘယ်လိုရှိနေမလဲဆိုတာ ထည့်စဉ်းစားဖို့ လိုတယ်။ (လုပ်ပေးတဲ့ ပုံစံ၊ အပြုအမူ၊ စကားပြောတဲ့ လေသံ ဒါတွေ) သူက ဘယ်လိုကြီးပြင်းလာသလဲ၊ သူအခု ဘာဖြစ်နေလဲ၊ ကိုယ်က ဒီလိုလုပ်ရင် သူက အချစ်လို့ ခံစားမိမှာလား ဒီလိုပေါ့။ ဘာကြောင့်လဲဆိုတော့ ချစ်တာကိုး။ ရှင်းရှင်းပြောရရင် ချစ်တယ်ဆိုတာ ကိုယ့်ကြောင့် သူကောင်းကောင်းလေး ဖြစ်သွားတာကို လိုချင်တာပဲ။ တကယ်လို့ "ငါ့ဟာငါ လုပ်ချင်ရာ လုပ်ပေးမယ်၊ လိုက်စဉ်းစားမပေးနိုင်ဘူး" ဆိုရင် ဒီလိုပဲ စွဲလမ်းမှုတစ်ခုကို အချစ်လို့ နာမည်တပ်တာလားလို့ ပြန်စဉ်းစားဖို့ လိုမယ်. 🤔

မျှော်လင့်ချက် လုံးဝ မပါတဲ့အချစ်မျိုးကို တစ်ဖက်သက် crushတဲ့အခါ တွေ့နိုင်တယ်။ အင်း... ဘယ်လိုပြောရမလဲ တဖက်လူကို မယှဉ်နိုင်လို့ ပြန်ကြိုက်ဖို့ မမျှော်လင့်တဲ့အခါ၊ သူ့typeက ကိုယ်မဟုတ်မှန်း သိနေတဲ့အခါ၊ ဘာမှမပြောဘဲ ထိုင်ကြည့်ဖို့ပဲ တတ်နိုင်တဲ့အခါမျိုးပေါ့။ သူ့ဘက်က ဘာမှ ပြန်မလာမှန်း သိနေတာတောင် မညည်းမညူ လိုက်ဖြည့်ဆည်းပေးတဲ့အခါပေါ့။ 
အချစ်က အပြာရောင်ကောင်းကင်လိုပဲ ကြည်လင်ပြီး လှပတယ်



ဆက်လက်ရှင်သန်ခြင်း (moving on)

တစ်နှစ်တစ်ယောက် crush ပြောင်းကြောင်းကို တစ်စုံတစ်ယောက်ကို ပြောပြလိုက်တဲ့အခါ သူ့ဆီက ဒီလို ပြန်လာတယ် "တော်တော် move on နိုင်တာပဲ" တဲ့။ ကိုယ့်ကို စိတ်မဝင်စားတဲ့သူဆီမှာ ဘာလို့ ရပ်တန့်နေဦးမှာလဲ။ ဘဝကြီးဟာ မြစ်တစ်စင်းဖြစ်တယ်၊ ပြီးတော့ ကျွန်မတို့ဟာ ပြောင်းလဲတဲ့ အခြေအနေတွေကို လိုက်လို့ စီးဆင်းရှင်သန်ကြတယ်။ 

ဒီနေ့ ဒီလိုကောင်းတာလေးတွေ ဖြစ်ခဲ့တယ်

  • အစာ သုံးနပ်စားတယ်
  • ကျောင်းသွားပြီး ကျန်တဲ့ tutorial ၂ခု ဖြေလိုက်တယ်
  • စာသင်ဖို့ အချိန်ကွက်တိ ရောက်သွားတယ်
  • ကျက်ဖို့ ရည်ရွယ်ထားတာ ကျက်ပြီးသွားတယ်
  • အပြန်မှာ ထိုင်ခုံရတယ်

အရင်က တွေ့ခဲ့တဲ့ ခွေးကလေးတောင် ကြီးသွားပြီ (ဒီတစ်ခေါက်တွေ့တော့ သူကလေး မဟောင်တော့ဘူး)

စနေ၊ တနင်္ဂနွေမှာ လုပ်စရာ

စာကျက်ရန် 😑
စာသင်ဖို့ ကြိုပြင်ထားရန်
အဝတ်လျှော်ရန်
စာထပ်ကျက်ရန် 😑😑

Comments