Featured post

တောသူမ မြို့ရောက်

 

ကျွန်မ ဘန်ကောက်ရောက်လာတာ တစ်ပတ်ရှိပါပြီ။ တစ်ပတ်ဆိုတော့ နည်းနည်းလူရည်လည်လာပါပြီ။ ဒီတော့ ကျွန်မ တောကျခဲ့တဲ့အကြောင်း ပြန်ပြောပါရစေ။ (ကျွန်မလိုသူများ ရှိခဲ့ရင် အထောက်အကူဖြစ်လိုဖြစ်ငြားပေါ့)


ကျွန်မ ဖုန်းနဲ့ တက်ဘလက်ပျောက်သွားတာ သိကြရဲ့မဟုတ်လား။ အဲဒါပြီးတော့ ကျွန်မ တော်တော် စိတ်ဓာတ်ကျသွားပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာ ဆက်နေဖို့ မဖြစ်တော့ဘူးလို့လည်း နားလည်လိုက်တာပေါ့။ ကျွန်မက ပစ္စည်းတွေကို ဟိုပေါ်တင် ဒီပေါ်တင် တင်ခဲ့လေ့ရှိတယ်။ သူများပစ္စည်းတင်ထားရင် ယူကိုင်ချင်ပေမဲ့လည်း မကိုင်တော့လေ (ဖုန်းခိုးသုံးရင်တောင် သူ့နေရာတကျလေး ပြန်ထားခဲ့သေးတာ) သူများလည်း အဲလိုမလုပ်ဘူးထင်တာပေါ့။ တစ်ခါက british council စာကြည့်တိုက်သွားတော့ ကျွန်မစာကြည့်တိုက်ကတ်ကို စာအုပ်အပ်တဲ့နား ထားရစ်ခဲ့တယ်၊ နောက်စာအုပ်ထပ်ငှားရင် အဆင်သင့်ဖြစ်အောင်ဆိုပြီးတော့ပေါ့။ သူများက ကျွန်မကတ်ကို ခိုးတယ်ထားဦး၊ ကျွန်မမဟုတ်ဘဲ သုံးမရဘူးလေ၊ အဲဒီတော့ မယူဘူးထင်တာပေါ့။ အဲလိုစိတ်ချနေတုန်း အန်တီကြီးတစ်ယောက်က "သမီးရေ ကတ်ကို အဲလို မထားခဲ့ရဘူးနော် ပျောက်သွားရင် ဘယ့်နှယ်လုပ်မလဲ" ဆိုပြီး ကလေးကို ဆူတဲ့အသံနဲ့ လာပြောပါတယ်။ (ကျွန်မကပဲ ကိုယ့်ပစ္စည်းကိုယ်တောင် ထိန်းသိမ်းတတ်တဲ့အသိဉာဏ်မရှိတဲ့ ကလေးကြီးပါပေါ့) ဟင်.. ခိုးလည်း သုံးမရမှာကို ဘာလို့ခိုးဦးမှာလဲ၊ သူများမကိုင်ရင် သူ့ထားတဲ့နေရာမှာပဲ ရှိမှာပေါ့ ဆိုတာကို စိတ်ထဲကပဲ ပြန်ပြောပြီး ကတ်ကို သွားသိမ်းလိုက်ရပါတယ်။ ထားလိုက်ပါတော့


အဲဒါနဲ့ နိုင်ငံခြားထွက်ဖို့ ပြင်ပါတယ်။ ကျွန်မက သွားမယ် ဘိုင့် ဆိုပြီး လုပ်လို့မရတော့ (အိမ်က အမေက သတ်မှာလေ) အကြောင်းပြချက်ကောင်းကောင်းပေးလို့ရအောင် ကျောင်းလျှောက်ပါတယ်၊ အလုပ်လျှောက်ပါတယ်။ အဲဒါနဲ့ အရင်postမှာ ပြောခဲ့တဲ့ proposalတွေပြင်နေရသပေါ့။ ၁၈ရက်နေ့ကျတော့ လေဆိပ်ဆင်းရပါတယ်။ visa လျှောက်တုန်းက show ticket and hotel booking နဲ့ တင်တာဆိုတော့ "ဟိုက စစ်နေရင် ပြထားတာနဲ့ တကယ်လုပ်တာနဲ့ မကိုက်တော့ ဒုက္ခရောက်မယ်" ဆိုပြီး show ticketမှာပါတဲ့အချိန်နဲ့ ကိုက်တဲ့လေယာဉ်ချိန်ကို ဝယ်ပါတယ်။ မနက် ၇နာရီထွက်မယ်ဆိုတော့ မနက် ၄နာရီတည်းက ထသွားရပါတယ်။ ညဘက်ကလည်း ဆရာမကြီးကို ဝင်တွေ့တာနဲ့ printထုတ်နေတာနဲ့ အိမ်ကို ၉နာရီလောက်မှ ရောက်တဲ့အပြင် အထုပ်ထည့်နေရသေးတော့ ၁၂လောက်မှ အိပ်ရပါတယ်။ (နောက်ကျမှ အိပ်ရတာကို ဘောင်ဘောင်တစ်ယောက် ၃နာရီထိုးကတည်းက မီးဖွင့်နေလို့ ကောင်းကောင်း မအိပ်ရ) အဲဒါနဲ့ လေဆိပ်ရောက်သွားရော ဆိုပါတော့။ check in ဝင်ရော အဲဒီက စာရေးမက ပြောတယ် 

"ပတ်စပို့က အသစ်လဲထားတာလား" တဲ့။ 

"အင်းလေ" ဆိုတော့ 

"အရင်ခရီးသွားထားတာတွေရော" တဲ့ 

"အခုက ပထမဦးဆုံးသွားမှာလေ" ဆိုတော့ 

"ခရီးလည်း မသွားရသေးဘဲ အသစ်လဲထားတာလား" တဲ့ 

"အင်းလေ သက်တမ်းကုန်ရင် လဲရတယ်လေ" လို့ ပြန်ပြောရရော။ စိတ်ထဲကတော့ "ဒီစာရေးမကတော့ လုပ်ပြီ။ သက်တမ်းကုန်ရင် လဲရတာတောင် မသိဘူးလား" ပေါ့။ ပြီးတော့ ဘတ်၂သောင်း ပြခိုင်းတယ်။ ဘတ်၅ထောင်နဲ့ ဒေါ်လာ၅၀ပဲပါတယ်လို့ပြောတော့ သူက ကြည့်မတဲ့။ ရော့ကြည့် လို့ဆိုပြန်တော့ "ကိုယ့်ဘာသာကိုယ် ထုတ်ပြ" တဲ့။ "ဟ ဘာဖြစ်နေတာလဲ" ပေါ့ တွေးတာ။ သူက ထပ်ပြောတယ် "ဘတ်၂သောင်း ဒါမှမဟုတ် ဒေါ်လာ ၃၀၀ ပါရမယ်၊ မပါရင် ပေးမဝင်ဘူး" တဲ့။ ရုတ်တရက်ဆိုတော့ ပူထူသွားပြီး အမေ့ကိုပြော၊ ထုံးစံအတိုင်း အဆူခံရရောပေါ့ 

"ငါက ပိုက်ဆံပေးမယ်လို့ပြောတာကို ဘာလို့မယူတာလဲ" 

"ယူရင် အပြောခံရမှာပေါ့" 

"နင် မိဘကို စော်ကားနေပြီ" အဲလို

အဲဒါနဲ့ သေပါပြီ။ ငါ့ ၁၆သိန်းတော့ ဆုံးပါပြီ တွေးနေတုန်းမှာ အမေ့ရဲ့ တိုင်းမှူးသား တပည့်နဲ့ တွေ့ပါလေရော။ အဲဒါနဲ့ သူ့ကိုပြောတော့ "ကျွန်တော့်ကိုကျ မတောင်းဘူး" တဲ့။ အဲဒီမှာ သူတို့က ပထမဆုံးသွားမဲ့သူတွေကိုပဲ တောင်းတယ်ဆိုတာ သိလိုက်ပြီ (ကျွန်မပုံကလည်း အူတူတူ အတတပုံနဲ့ မယောင်မလည်လေး ဖြစ်နေတာလည်း ပါမှာပေါ့) အဲဒါနဲ့ သူ့ဆီက ပိုက်ဆံခဏချေးပြီး ပြန်ဝင်တယ်ပေါ့။ စာရေးမနောက်တစ်ယောက်ပြောင်းလေရော သူကျ စောစောက ပိုက်ဆံချေးနေတာကို မြင်လို့လား ဘာလား ကျွန်မကို ပိုက်ဆံမတောင်းတော့ဘူးတော့။ 

"ဘာလို့သွားမှာလဲ" 

"ကျောင်းအင်တာဗျူးဖြေမလို့"

"အဲဒီစာရွက်ပါလား"

"ပါတယ် ရော့"

"အပြင်လက်မှတ်ရောဝယ်ထားလား"

"ရော့"

အဲဒါနဲ့ boarding pass ပေးပြီး လွှတ်လိုက်ရော။ ကျွန်မလည်း အပေါ်တက်ပြီး မှတ်ပုံတင်စစ်၊ ဖောင်ဖြည့်ရရော။ အဲ.. ဖြည့်ဖို့ဖောင်မပါလာလို့ စောစောက check in counter မှာ ပြန်ယူ၊ မှတ်ပုံတင်စစ်တဲ့နေရာမှာ ပြန်တန်းစီ "စောစောကတစ်ယောက်ပဲ" လို့ပြော၊ ပြီးတော့ immigrationမှာ တန်းစီ။ 

တန်းစီနေတုန်း အရာရှိတစ်ယောက်က လာစစ်ပြန်လို့ စာရွက်တွေ ပြရပြန်ရော။ ကျောင်းက အင်တာဗျူးခေါ်စာကိုမြင်တော့ "ဪ.. phd program" ဆိုပြီး လွှတ်လိုက်ပြန်ရော (အမှန်ကတော့ မာစတာလျှောက်တာပါ)။ နောက် တုံးထုခံ (အဲဒီမှာ စောစောကဖြည့်ခဲ့တဲ့ဖောင်ကို ပေးတာ သူ့ရှေ့တည့်တည့်မရောက်လို့ဆိုပြီး အဟောက်ခံလိုက်ရသေး)

အဲလိုနဲ့ လေယာဉ်ထွက်မှာကို ထိုင်စောင့်။ စောင့်ရင်း ကိုယ့်အဖြစ်ကိုယ် သနားလို့ ထိုင်ငို။ အဲဒါဟာလည်း လေယာဉ်ထွက်မှပဲ တိတ်တော့တယ်။ လေယာဉ်ဆင်းတော့ service အပ်ထားတဲ့ ထိုင်းimmigration officerကလာခေါ် တုံးထု၊ အထုပ်ရွေး၊ customဖြတ်၊ ပြီးတော့ လာကြိုမဲ့သူကို ဖုန်းဆက်။ 

အဲဒီတစ်ယောက်ကလည်း ကြောင်တောင်တောင်ပဲ။ ဘာလုပ်လို့လုပ်ရမှန်းမသိ။ နောက်ကျ အမေ့သူငယ်ချင်းအန်တီအိမ်ကို တက်စီငှားသွားကြပါလေရော။ (လမ်းပျောက်နေလို့ ညွှန်နေရတာက တစ်နာရီလောက်)

နောက်နေ့ကျ ကျောင်းကို သွားကြည့်ကြမယ်ဆိုပြီး သွားကြပါလေရော။ ရယ်ရတယ် အဲဒီအန်တီတွေကလည်း ကျောင်းကို ရထားနဲ့ ဘယ်လိုသွားရမှန်းမသိ (သူတို့က ကားနဲ့ပဲ သွားတတ်တာတဲ့လေ) အဲဒါနဲ့ ရထားပေါ်က ဆင်း၊ ဆိုင်ကယ်ကယ်ရီငှား၊ တက်စီငှား အမျိုးမျိုး မျက်စိလည်ပြီးနောက်မှာ တွေ့သွားကြရောဆိုပါတော့။ အဲဒါနဲ့ ပြန်လာ အင်္ကျီဝယ်။ ဖြစ်ရပုံက လူကြီးအင်္ကျီတွေ မတော်လို့ ကလေးထဲက ဝယ်ရပါလေရော။ အဲဒါနဲ့ အိမ်ပြန်ရောက်၊ တစ်ညလုံး အိပ်မပျော်။

မနက်ကျ သွားပြီး ဟိုရောက်တော့ waiting roomထဲဝင်ရရော။ အင်တာဗျူးက ဒီလိုရှိတယ်ပြောတယ်။ အင်တာဗျူးချိန်ထက် နာရီဝက်စောပြီး ပေပါတစ်စောင်ပေးမယ်၊ ပြီးရင် ဗျူးမယ်ပေါ့။ ကျွန်မရောက်သွားတဲ့အချိန်က နည်းနည်းစောနေတော့ အခန်းထဲထိုင်စောင့်နေရရော။ အဲဒီမှာ အဖြူမတစ်ယောက် ပေပါဖတ်နေတာမြင်တော့ "ဟိုက်ရှားပါး အဖြူတောင် လာဖြေရင် ငါတော့ သွားပြီထင်တယ်" လို့ တွေးမိရော။ နောက် သူဝင်သွားတော့ ကျွန်မကို ပေပါရယ်၊ စာရွက်တစ်ရွက်ရယ် ပေးရော။ (အဲဒီမှာ ကျွန်မရည်းစား ကိုယ်တော်ချောက AI နဲ့ ဖတ်လို့ရမလား မေးလိုက် ဆိုပြီး တကျိကျိလုပ်နေတယ်၊ ရေးဖို့တောင် စာရွက်ပေးတာ၊ ဖတ်ဖို့ကိုလည်း printထုတ်ပြီး စာရွက်ပေးပါတယ်ဆိုမှ AIနဲ့ ဖတ်လို့ရမလားလို့ ရှင်တို့ပဲ စဉ်းစားကြည့်။ ဒါပေမဲ့လည်း သူစိတ်ကျေနပ်အောင် eletronic devicesတွေ သုံးလို့ရလား မေးကြည့်လိုက်တယ်။ လာပေးတဲ့သူက ရုတ်တရက်ကြောင်သွားပြီး "အမ် ဘာအတွက်သုံးမှာလဲ" တဲ့။ "presentation ပြင်လာတယ်၊ အဲဒါပြဖို့" ဆိုတော့ "ပြစရာမလိုဘူး" တဲ့။ ပြီးပါလေရော)

ပေပါကို ခက်မယ်ထင်ပေမဲ့ လွယ်လွယ်လေးတော့။ အဲဒါတောင် သူ့ fontတွေက ကြားထဲမှာ ဟိုပြောင်းဒီပြောင်း လုပ်ထားတာမို့ ခေါင်းစဉ်က ဘာလဲဆိုပြီး ထိုင်ရှာနေတာ ၁၀မိနစ်လောက် ကြာသွားသေးတယ်။ နောက်မှ အာ.. သဘောပေါက်သွားပြီး အရေးကြီးတာလေးတွေ ချရေးပြီး အလွတ်ကျက်တယ်ပေါ့။ အချိန်ပြည့်တော့ အင်တာဗျူးခန်းထဲ ဝင်ရရော။ ကြောက်လိုက်တာဆိုမှ ပြောဖို့လုပ်ထားတာရော မလုပ်ထားတာရော အကုန်ကို ပြောထွက်နေတော့တာ။ တစ်ဝက်လောက်ကျ ငိုသံပေါက်လာပြီ မျက်ရည်ကျလာရော။ စိတ်ထဲမှာလည်း တွေးနေတာပေါ့ "ငါတော့ သေပြီ သေပြီ သေပြီ" ဆိုပြီး။ အင်္ဂလိပ်ဆရာမဆိုပြီးပြောတော့ elt researchတစ်ခုလောက် ပြောပါဆိုတော့ "စာစသင်တုန်းက သင်တန်းဘာညာတက်ပြီး လုပ်ခဲ့ရတာမဟုတ်ပါဘူး။ နောက်ပိုင်းလည်း cpdမလုပ်နိုင်ပါဘူး။ ဖတ်ထားတာတွေလည်း ကျွန်မ မေ့သွားပါပြီရှင်" ဆိုတာလောက်ပဲ ပြောနိုင်တော့တယ်။ ဪ .. ဘဝ ဘဝ။ ဒါပေမဲ့ အားရတာတစ်ခုကတော့ မြန်မာနိုင်ငံကအကြောင်းကို အများကြီး ပြောလိုက်ရတာပါပဲ။ labလည်း မရှိတဲ့အကြောင်း၊ တော်တဲ့ဆရာမတွေလည်း အလုပ်ထွက်ကုန်လို့ မကောင်းတဲ့သူတွေပဲ ကျန်ခဲ့ကြောင်း၊ ဘာမှလည်း မတတ်ကြောင်းပေါ့ (ကိုယ့်သေတွင်းကိုယ်တူးမိနေလားတော့မသိ) 

ထွက်လာမှပဲ ချုံးပွဲချ ငိုမိပါတော့တယ်။ အခုတော့ "ရချင်လည်းရ မရချင်လည်း နေဟာ" လို့ စိတ်ထားလိုက်ပါတော့တယ်။ ဒါပေမဲ့ အတွင်းစိတ်တစ်နေရာကတော့ ရဖို့ မျှော်လင့်နေမိပါတယ်ပေါ့ (အခုတောင် မရမှာတွေးပြီး ငိုနေလေရဲ့)


ကဲ... ကျွန်မရဲ့ တောသူမမြို့ရောက်တဲ့ဇာတ်လမ်းကတော့ ပြီးပါပြီ။ နောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ မေလ ၁ရက်နေ့မှပဲ သိရပါမယ်တဲ့ရှင်။ ဆုတောင်းလို့ရရင် ဆုတောင်းပေးကြပါဦး။ 


(သီချင်းအကြောင်း နည်းနည်း ပြောပါရစေ။ အစက ဂျပန်rapသီချင်းတစ်ပုဒ်ထည့်ဖို့ လုပ်ထားပေမဲ့ အခုတော့ Linkin Parkရဲ့ နောက်ဆုံးထွက်တဲ့ albumကိုပဲ ထည့်ပေးလိုက်ပါတယ်။ Chesterဆုံးသွားပြီးနောက် နောက်ထပ် lead singerတစ်ယောက်နဲ့ အပိုင်းသစ်စတဲ့ အခွေပေါ့။ နားထောင်ကြည့်ရင် Emilyက ဒီbandနဲ့ အတော်လိုက်ဖက်ကြောင်း ခံစားမိပါလိမ့်မယ်)

Comments