Featured post

(၂) ကံကောင်းကြသူများ



ဪ... အလွန်ပူပြင်းလှသော နေ့လယ်ခင်းပါတကား။ ဇွန်လ ဤအချိန်လောက်ဆို မိုးလေး တဖြိုင်ဖြိုင်နှင့် နေကောင်းထိုင်ကောင်းသော အခါသမယ ဖြစ်ရမည့်အစား နွေခေါင်ခေါင်ထက်ပင် အပူက ပိုပြင်းနေပါပေါ့လား။ သည်အချိန် ခေတ်သစ်တို့မိသားစု ဘာများလုပ်နေကြသလဲ…။ ဒေါ်ခင်ခင်ကတော့ ဧည့်ခန်းတွင် တီဗွီဖွင့်၍ အိပ်ပျော်နေ၏။ ဒေါ်ညွန့်ညွန့်ကလည်း အခန်းထဲတွင် ပန်ကာဖွင့်၍ စာအုပ်လေးတစ်အုပ်နှင့် ဇိမ်တွေ့နေ၏။ လူအားလုံးတို့သည် နွေကြောရှည်၏အပူကို မိမိတတ်နိုင်သောနည်းဖြင့် ဖြေဖျောက်နေကြချေသည်။

ပတ်ဝန်းကျင်အပူထက် ဆိုးသော အပူတစ်မျိုးကတော့ သန္တာကို လောင်မြိုက်နေ၏။ အဲဒါ ဘာအပူပါလဲ။ ဝမ်းတွင်းထဲက စိတ်အပူပေါ့။ ဆယ်တန်းအောင်စာရင်းတို့လည်း ထွက်တော့မည်လေ။ ထို့ကြောင့် သန္တာတစ်ယောက် အပူဟူသမျှ ငြိမ်းအေးစေရန် အထူးပင် (ဘုရားအရိပ်ခိုသည်လို့ပဲ ပြောရလေမလား) ဘုရားရှိခိုးနေ၏။ ရှိရှိသမျှသော ပရိတ်ပဋ္ဌာန်း ဓမ္မစကြာပါမကျန် ရွတ်ဖတ်ကာ နွေတုန်းက အကြွား မှန်ပါစေကြောင်း ဆုတောင်းနေ၏။ ဆုမတောင်းဘဲ နေရရိုးလား၊ ဂုဏ်ထူးခြောက်ဘာသာဟု ကြွေးကြော်ထားပြီး တစ်ဘာသာမှ မပါလာလျှင် အိမ်ပေါ်က ခေါင်းနှင့်ဆင်းရလိမ့်မည်။

"ဪ... ဒါကလည်း မိဘ စိတ်ချမ်းသာအောင် ပြောရတာပ"


မှန်ပါပေ့ သန္တာရယ်။ ကဝိပညာရှိ ပီသပါပေသည်။ စာကိုသာ သေသေချာချာ ကျက်ခဲ့ရင် ပိုတောင်မှ စိတ်ချမ်းသာကြပေဦးမည်။

"ဪ ဒါကတော့ စဥ်းစားကြည့်လေ…ဘယ်သူက စာကျက်ချင်မှာမို့လို့လဲ ဒီလောက်သည်းခံပြီး ကျက်ပေးတာတောင် ကံကောင်း"

ကဲ ကဲ ထားလိုက်ပါ။ ကိုယ့်ဘုရားသာကိုယ် ပြီးအောင်ရှိခိုးပါတော့။

“ရှိရှိသမျှ တောစောင့်နတ် အိမ်စောင့်နတ် ရပ်ကွက်စောင့်နတ် နတ်မြတ်နတ်ကောင်းသာမက နတ်ဆိုးနတ်ယုတ် မှင်စာ သရဲပါမချန် အားလုံးကို မေတ္တာပို့ အမျှဝေပါ၏။ ကျွန်တော်မျိုးမကို ကူညီစောင်မတော်မူကြပါ။ ကျမယ်ထင်သော ဘာသာများလည်း အောင်ရလိုပါ၏၊ အောင်မည်ထင်ထားသော ဘာသာများလည်း ဂုဏ်ထူးပါပါစေဘုရား၊ ဂုဏ်ထူးမှန်းသည့် ဘာသာများလည်း အမှတ်ကောင်းရပါလို၏အရှင်ဘုရား" ဦးသုံးကြိမ် ပုဆိန်ပေါက်သလိုချ၊ ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှာက်ကြည့်ပြီးသော် ဘုရားအရိပ်ခိုခြင်းကိစ္စ အဆုံးသတ်လေ၏။

ဒါနဲ့ နေပါဦး။ နတ်ကောင်းနတ်မြတ်ကို ထားပါတော့၊ နတ်ဆိုးနတ်ယုတ်နဲ့ မှင်စာသရဲကို ဘာလို အမျှဝေရသတုန်း။

“ဪ... နတ်ကောင်းနတ်မြတ်တို့ ကူညီပေမဲ့ နတ်ဆိုးနတ်ယုတ်က လိုက်ဖျက်နေရင် ဘယ်လိုလုပ်မတုန်း။ အဲဒါကြောင့် သူတို့ပါ ထည့်ဝေတာ တကယ်ပဲ တော်တော် စကားများတယ်။ အိမ်ရှေ့ကအမေ နိုးသွားရင် ဒုက္ခ”

နိုးတော့ရော ဘာဖြစ်သလဲ။

“နိုးသွားတော့ အိမ်ခန်းထဲ တစ်ယောက်တည်း ဘာကြိတ်လုပ်နေသလဲ မေးမှာပေါ့။ ဘုရားကုန်းရှိခိုးနေတာသိရင် အရင်တုန်းက စာမလုပ်ရကောင်းလားဆိုပြီး ဆူမှာပေါ့။ သွားပါ။ စိတ်ညစ်နေရတဲ့အထဲ”

“သန္တာရေ အိမ်ခန်းထဲ ဘာလုပ်နေလဲ။ ထမင်းမစားသေးဘူးလား”

                                                                        “တွေ့လား နိုးသွားပြီ”

◇◇◇




ထမင်းစားပြီးသော် အချိုတည်းရမည်။ သို့သော် ဒေါ်ခင်ခင်တို့တွင် အသီးအနှံလည်း မရှိ၊ အချိုမုန့်ကလေးများလည်း မရှိလေသောကြောင့် အတင်းတုပ်ခြင်းဖြင့်သာ အာသာဖြေရ၏။

"အမလေး… လူတို့များ ငါ့ကို နိုင်စားလိုက်ကြတာ။ မနက်က နင့်အစ်မ ငါ့ကို ဘာပြောတယ်မှတ်လဲ သူက ငါ့ကိုနှိပ်စက်တယ်လို့ ဆောင့်အောင့်နေသတဲ့။ ငါ့မှာ ခြေထောက်ထုံလို့ ကြမ်းပြင်လည်း ထိမှန်းမသိလို့ ခြေသံကြမ်းတာကို ခြေဆောင့်တယ်လို့ အော်တယ် သိရဲ့လား။ ငရုတ်ဆုံလွတ်ကျသွားတာကိုလည်း ငါက သူ့အတွက် မလုပ်ပေးချင်လို့တဲ့ ငါ့ကို ပြောတာ ကြားရဲ့လား။ ကိုယ်ကတော့ သမီးကလေး ပင်ပန်းမယ်လို့ ကူညီလုပ်ကိုင်ပေးနေတာကို ကျေးဇူးမသိတတ်... ….”

ဒေါ်ခင်ခင်ညည်းသမျှကို သန္တာတစ်ယောက် နားငြီးငြီးဖြင့် နားထောင်နေရ၏။ “နေ့လယ်ခင်းကလေး တရေးတမော အိပ်ချင်ပါတယ်ဆိုမှ။ သူ့ဟာကို နားထောင်နေရတယ်။ အိမ်မှာလည်း ကိုယ်တစ်ယောက်ပဲကျန်တာဆိုတော့ နားမထောင်လို့လည်း မရ။ ဒုက္ခပါပဲ”

“သူများသားသမီးတွေဆိုရင်လေ အမေကို အဲယားကွန်းနဲ့ အိမ်အကူနဲ့ အငြိမ့်သား ထားတာ။ ငါ့သူငယ်ချင်းတွေဆို ဘာမှ လုပ်စရာတောင်မလိုဘူး။ ဘုရားလေးသွားလိုက် အလှူလေး ထည့်လိုက်နဲ့၊ ငါတစ်ယောက်ပဲ ဆင်းရဲနေရတယ်။”

နေကလည်း ပူလေသည်။ နားကလည်း ပူလေသည်။ ဒေါ်ခင်ခင်တစ်ယောက်ရော အာမညောင်းသေးဘူးလား။ ထိုစဥ် အခန်းထဲမှ ဒေါက်ဒေါက်ဒေါက် ခေါက်သံ ထွက်ပေါ်လာသည်။ ဩ... အချက်ပြသံအရ အဘွားကြီးတစ်ယောက်တော့ ဝမ်းဆာနေလေကြောင်း သိရပြီ။

“မမကြီးရေ စားစရာ ဘာရှိလဲ”

“အသုပ် အသုပ်”ဟု အော်၍ မမကြီး အခန်းထဲဝင်သွား၏။ ပြင်ဆင်ပေးပြီးသော် လက်ပ်တော့ကလေးဖွင့်၍ အခွေကြည့်လေ၏။ တစ်ဝက်လောက်မှ မကျသေး

“ဒေါက် ဒေါက် ဒေါက်”

“ဘာခိုင်းမလို့လဲ အဘွားရဲ့”

“နင့်အမေ ဘယ်သွားလဲ”

“အိမ်ရှေ့မှာ ရှိတယ်”

“ဟုတ်လား”

နေ့လယ်တစ်ခင်းလုံး အဘွားကြီးက ခေါက်လိုက် သန္တာက လာလိုက် စကားနှစ်ခွန်းလောက် ပြောလိုက် ရုပ်ရှင်ကလေး ပြေးကြည့်လိုက်နှင် အချိန်ကုန်သွားသည်။ အခုတော့ ညနေစောင်း ငှက်တို့ အိပ်တန်းတက်ချိန်သို့ ရောက်လေပြီ။ သော်တာတို့ကား အိမ်ပြန်မရောက်သေး။ အဘွားညွန့်တော့ စိတ်ပူရပြီ။ သည်ကလေးတွေတော့ လမ်းမှာ လူဖမ်းသွားရင်ဖြင့် ဒုက္ခ။

"ခင်ခင်ရေ… ကလေးတွေ ဘာလို့ကြာနေကြတာလဲ ဖုန်းဆက်လိုက်ဦး”

"အာ အမေကလည်း အခုမှ ငါးနာရီကျော် ရှိသေးတာ"

"ငါတို့တုန်းက သုံးနာရီဆို အိမ်ရောက်ပြီဟဲ့။ ဖုန်းဆက်ဆို ဆက်လိုက်"

ဪ.. သည်အဘွားကြီးနှင့်တော့ ခက်ပြီ။ ကျောင်းက ညနေ၄နာရီခွဲမှ ဆင်းတာကို ဘယ်လိုလုပ် ၃နာရီမှာ ပြန်ရောက်နိုင်မလဲ။ သူ့ကို ပြောတော့လည်း "ငါနားမလည်" ဟုသာ ဆိုပြန်ဦးမည်။

"အရင်ခေတ်နဲ့ မတူတော့ဘူး အမေရဲ့။ တကယ်ပဲ ဖုန်းခက ဈေးကြီးပါတယ်ဆိုမှ၊…ဖုန်းမကိုင်ဘူး အမေရေ့"

"ထပ်ဆက်လိုက်" တစ်ချက်လွှတ် အမိန့်သံက ပေါ်ထွက်လာ၏။ မလိုက်နာ၍ ရမည့်ပုံ မပေါ်ချေ။ ခက်ပြီ။

"သန္တာရေ နင်ပဲ ဆက်တော့။ ငါစိတ်ကုန်လာပြီ။ ဟိုနှစ်ယောက်ကလည်း ဖုန်းမကိုင်။ ဒီမှာကလည်း မအေးချမ်းနိုင်။"

ကဲ သန္တာရော ဘာတတ်နိုင်မည်လဲ။ သူဖြေရှင်းပုံကို ကြည့်ပါဦးလော့။

"အဘွားရေ လာနေကြပြီတဲ့။ ကားစောင့်ရလို့ ကြာနေတာတဲ့။ စိတ်မပူနဲ့တော့နော်"

"ဪ အေးအေး။ ပြီးတာပဲဟေ့" အဘွားတစ်ယောက် ငြိမ်သွားလေ၏။

"သန္တာမ နင်ဖုန်းဆက်တာလည်း မမြင်ပါလား။ ဘယ်လို သိနေတာတုန်း"

"ဪ အမေ။ အို… အမေရဲ့။ သူတို့ကျောင်းက လေးနာရီခွဲ ဆင်းတာကို ဒီအချိန်လောက်ဆို လာနေရောပေါ့။ ပြီးတော့ သူတို့နားက ကားပြတ်တဲ့ဟာကို၊ ကားစောင့်နေရမှာပေါ့။ ဒီလိုပဲ ရွှီးရွှမ်းဖြေလိုက် အေးရော။ သက်သက်အလုပ်ပိုအောင် ဖုန်းဆက်ချင်သေး။ တကယ်ပဲ"

တော်လိုက်ပေတဲ့ သန္တာပဲနော်။ ဒီလိုဆိုလည်း လွယ်ပါပေ့။

 ငါးနာရီမှ ခြောက်နာရီကျော်၊ ခြောက်နာရီမှ ခုနစ်နာရီ ထိုးလေပြီ။ ဒေါ်ညွန့်ညွန့် တစ်ယောက်လည်း ပူလွန်းလို့ မချိပြီ။ သူ့ခေါင်းပေါ်သို့ ရေနွေးအိုးကလေးသာ တင်ထားလိုက်ပါက ဆူလွန်းမက အရည်ပါ ခန်းလောက်ပြီ။ ထိုအခါမှ အောက်က ခေါင်းလောင်းဆွဲသံကြားရသည်။ 

"သန္တာရေ အထုပ်လာဆွဲပါဦးဟ" ဟော စန္ဒာတို့ ရောက်လာပြီ။

တစ်ခုဆို ငါချည်းပဲ။ သန္တာ မကျေမချမ်းဖြင့် ရေရွတ်လိုက်သည်။

"နင်က ဆယ်တန်းဖြေပြီး အားယားနေတာကိုး။ ခိုင်းရမှာပေါ့၊ ငါတို့က အဝေးကြီးကနေ ကားကျပ်ကျပ်ကြီးစီးလို့ လာရတာ၊ နင့်လို ရုပ်ရှင်ထိုင်ကြည့်နေတာ မဟုတ်ဘူး"

"ငါလည်း အိမ်မှာ ကျွတ်ကျွတ်ဆူနေတာကို ထိန်းနေရတယ်ဟေ့။ အားယားနေတာ မဟုတ်ဘူး"

"အမလေး.. အားယားနေတယ် မဟုတ်ဘူးဆိုမှ ပြောရဦးမယ်။ ကျောင်းမှာလေ… …"

အိမ်သို့ရောက်၊ ထမင်းစားကြ၊ ကျောင်းမှ အတွေ့အကြုံတို့ကို ပြန်ပြောကြ၊ ရယ်ကြ မောကြ။

ဪ... မိသားစုမည်သည် စိတ်ကုန်စရာ များသည်ဟုပင် ဆိုဆို၊ နားငြီးဖွယ်ကောင်းသည်ဟုပင် ဆိုဆို၊ ရှုပ်သည်လို့ပဲ ပြောပြော၊ ပစ္စည်းဥစ္စာ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ၊ ပြစ်တင်သည်ဖြစ်စေ ချီးမွမ်းသည်ဖြစ်စေ၊ ခိုင်းစားသည်ဖြစ်စေ ပသထားသည်ဖြစ်စေ ရယ်စရာ မောစရာ ငိုစရာတို့ကို ပြန်လည် မျှဝေခံစားကြနိုင်သူတို့ပင်တည်း။

မိသားစု ရှိသူတို့သည် ပြန်စရာ အိမ်ရှိ၏၊ နားစရာ နေရာရှိ၏၊ တိုင်ပင်စရာ ယုံကြည်ရသူရှိ၏၊ စားစရာ အစာရှိ၏၊ နွေရာသီတွင် အေးမြ၍ မိုးရာသီတွင် (လုံတာ မလုံတာ အသာထား) အရိပ်ခိုနိုင်ကာ ဆောင်းရာသီတွင် နွေးထွေး၏။

ဪ...သန္တာတို့တော့ ကံကောင်းလေစွ။

Comments