Featured post
- Get link
- X
- Other Apps
အိမ်တစ်အိမ်တွင် ခေတ်သစ်၏ သမီးပျိုများ နေထိုင်ကြသည်။ ခေတ်သစ်၏ သမီးများ ဖြစ်သောကြောင့် ခေတ်သစ်၏ စရိုက်သဘာဝများ ဝင်ရောက်လျက်ရှိသည်။ သို့မဟုတ် ဖခင်၏ အမူအကျင့် ဖြစ်သောကြောင့်လည်း တလေးတစား အတုခိုးနာယူကြဟန်တူပါသည်။ အကြီးဆုံး စန္ဒာက ၂၅နှစ်၊ အလုပ်ခွင်ဝင်ပြီ ဖြစ်သည်။ သို့သော် ယခုအချိန်အထိ စောစောမထနိုင်သောကြောင့် နှိုးစက်သံ တဂွမ်ဂွမ်မြည်အောင် အခါခါပေးထားမှ ရုံးချိန်အမီ နိုးသည်။ ညည်းတွားသံပေါင်းစုံ တွန်မြည်၍ အိပ်ယာမှထလာပြီးနောက် တစ်နေ့လုံးစာအတွက် ဟင်းချက်ရင်း အငယ်ဆုံး သော်တာကို နှိုးရသည်။ သော်တာမှာ ၁၆နှစ်၊ ဆယ်တန်းကျောင်းသူဖြစ်သောကြောင့် အခါသင့်တုန်း ရရှိသည့် အခွင့်အာဏာကို အပြည့်အဝ အသုံးချလျက်ရှိသည်။ နောက်ကျမှ နှိုးရန်ကောဟူသည့် မျက်နှာဖြင့် ကျောင်းသွားရန် ပြင်ဆင်တော့သည်။ ဟင်းချက်ရာတွင် စန္ဒာတစ်ယောက်တည်း မနိုင်ပါ။ မိခင် ဒေါ်ခင်ခင် ဝင်ကူရသည်။
ဒေါ်ခင်ခင်သည် ခေတ်သစ်၏ဇနီးဖြစ်သည်။ ခေတ်သစ်၏ ငယ်ကျွမ်းဆွေ ဖြစ်သည်။ ခေတ်သစ်နှင့်အတူ ကြီးပြင်းလာသူဖြစ်သည်။ သို့သော် ယခုထက်တိုင် ခေတ်သစ်ကို နားမလည်သေးပေ။ ခေတ်သစ်၏ အထာ၊ ခေတ်သစ်၏ စရိုက်၊ ခေတ်သစ်၏ ပြုမူကျင့်ကြံပုံတို့ကို မြင်တွေ့ရသည့်အခါ မိမိဖခင် ဦးခေတ်ဟောင်းနှင့် ကွာခြားရန်ကောဟု အံ့သြခြင်းကြီးစွာ ဖြစ်မိ၏။ သူကား ခေတ်သစ်နှင့် နေထိုင်သူဖြစ်သော်လည်း ခေတ်ဟောင်းကို အမြဲတမ်းတဆဲပင်။
သူ့သမီးများကိုလည်း ဖခင် ခေတ်ဟောင်းအကြောင်း အမြဲ ပြောပြလေ့ရှိသည်။
“ငါတို့တုန်းကဆို ပါပါက မနက် ၅နာရီဆို ထခိုင်းတာပဲ။ မနက်စောစောထ သွေးပူလေ့ကျင့်ခန်းလုပ်၊ ရပ်ကွက်တစ်ပတ်ပြေး၊ ပြန်လာရင် နွားနို့ပူပူကလေးသောက်ပြီး လုပ်စရာရှိတာတွေ လုပ်ရတာပေါ့။ ငါတို့မှာ ပြန်လာရင် မေမေဖို့ သနပ်ခါးတစ်ကျောက်ပျဥ်သွေး၊ အင်္ကျီမှာ ကြယ်သီးတပ်၊ ရေချိုးဖို့ စည်နဲ့ အပြည့် ခပ်ပေးထားရတာ။ မေမေက အဲဒီ့အချိန်မှာ အိပ်တုန်းပဲ ရှိသေးတာ။ ငါတို့ အကုန်ပြင်ဆင်ပြီးမှပဲ အိပ်ရာက ထတာပေါ့။” ငရုတ်ဆုံကို ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ ဆောင့်ချလိုက်ရင်း ပြောသည်။
ထိုအသံကြောင့် အိမ်ရှေ့ခန်းကြမ်းပြင်တွင် အိပ်နေသော သန္တာတစ်ယောက် လန့်နိုးသွားသည်။ “ဟိုက် ဘာဖြစ်နေကြပြီလဲဟ" မျက်လုံးကလေးကို အသာမှေး၍ ကြည့်လိုက်သော် အစ်မနှင့်အမေ ထုံးစံအတိုင်း ရန်ဖြစ်နေကြသည်ကို မြင်သဖြင့် “အခုသာ သွားကူလိုက်ရင် ငါလည်း မဆီမဆိုင် ဝင်ကြိတ်ခံရမှာ"ဟုတွေးကာ အသာလေး ပြန်အိပ်သွားလေ၏။ ဪ ကောင်းရောဟ။
“ဪ...အဲဒီတော့ ဆိုလိုချင်ဟာက သမီးက မေမေကို စောစောထခိုင်းပြီး နှိပ်စက်နေတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား” စန္ဒာက ကြက်သွန်လှီးသည့် ဓါးကို အနီးရှိ ဇလုံပေါ်သို့ ဒေါင်ခနဲမြည်အောင် တင်လိုက်သည်။
“ရော်… ငါက အဲလိုသဘောနဲ့ ပြောတာ မဟုတ်ပါကော။ ငါ့ဟာငါ အရင်ကအကြောင်းတွေကို နင်တို့ ဗဟုသုတရအောင် ပြန်ပြောပြနေတာကို” တရှဲရှဲ မြည်နေသောအိုးကို ယောက်မဖြင့် မွှေလိုက် အိုးနှုတ်ခမ်းကို ခေါက်လိုက်ဖြင့် ဆိုင်းတီးပေးနေသည်။
“အဲဒါဆို ငရုတ်ဆုံကရော အလကားနေရင်း ဆောင့်ချခံရတာလားပြော” စန္ဒာက လုပ်လက်စကို ရပ်၍ ခါးထောက်ကာ မာန်ပါပါနှင့် ကြည့်လိုက်သည်။ ဇာတ်ရှိန်က တဖြည်းဖြည်း မြင့်တက်လာပါသည်။
“ငါ ခြေသံလက်သံကြမ်းတာ နင်မသိဘူးလားဟဲ့" ထိုခဏတွင် အသံများအားလုံး တိတ်ဆိတ်သွားသည်။ သော်တာ၏ သွားတိုက်သံမှတပါး ဘာဆို ဘာမှ မကြားရ။
“တော်ပြီ၊ တော်ပြီ။ ဘာမှ ဆက်မပြောတော့ဘူး၊ မနက်စောစောစီးစီး အကုသိုလ်ပွားတယ် တကယ်ပဲ။ နောက်ကျနေပြီ။ အငယ်မရေ ပြီးပြီလားဟေ့"
◇◇◇
အဲ...သည်လိုနှင့်ပဲ စန္ဒာနှင့် သော်တာတို့ အလုပ်သွား၊ ကျောင်းသွားကြပြီ ဆိုပါတော့။ မကြာမြင့်မီမှာပင် ဒေါ်ခင်ခင့် အမေ ဒေါ်ညွန့်ညွန့် နိုးလာပါတော့သည်။ သူ အိပ်ယာက နိုးနိုးချင်း မြည်တမ်းလိုက်သည်က
"မမကြီးရေ... ထပြီလား။ အဘွားဝမ်းဆာတယ်။ အဘွားအတွက် အသုပ် ဝယ်ပေးကြပါလား။"
သြော် မမကြီးဆိုသည်က သော်တာ့ အထက်က အစ်မဖြစ်ပါသည်။ (နာမည်က သန္တာ။ သန္တာကို မမကြီး၊ သော်တာကို မမလေးဟု ခေါ်သည်။ စန္ဒာကိုတော့ အမြင်ကတ်သဖြင့် စာရင်းထည့်မတွက်ချေ။ ဤကား စကားချပ်။) သန္တာသည်ကား ဆယ်တန်းဖြေပြီး၍ အလုပ်မရှိ၊ အကိုင်မရှိ ယောင်ခြောက်ဆယ် ဖြစ်၏။ ဤအိမ်ကလေးတွင် စာကလေးပေကလေးများ ဖတ်သည့် ကဝိကလေးဖြစ်၏။ ဟိုစပ်စပ် ဒီစပ်စပ် သိသောကြောင့် အမြင်မတော်သည်များတွေ့လျှင် 'ဒါတောင် မသိဘူးလား'ဟု ဝင်ငေါက်လေ့ရှိ၏။ သို့သော် ခိုင်းသမျှကို
မညည်းမညူ လုပ်ပေးတတ်ခြင်း၊ ရန်ဖြစ်သမျှကို စိတ်ထဲမထားဘဲ ခေါ်ခေါ်ပြောပြောရှိခြင်းတို့ကြောင့် အလွန်အမင်း မျက်မုန်းမကျိုးကြချေ။
အဘွားဒေါ်ညွန့်နိုးသည့် အချိန်တွင် သန္တာ(ခေါ်)မမကြီးသည် အိပ်မက်မက်ကောင်းတုန်း ရှိသေးသည်။ မနက် ၈ နာရီခွဲခန့်မှ အိပ်မက်ပြီးသဖြင့် စက်ရာမှ နိုးထတော်မူ၏။ နိုးလျှင်နိုးချင်း သီချင်းဖွင့်တော်မူ၏။ သူ့အပြောအရ သီချင်းမရှိသော ကမ္ဘာသည် အလွန် စိတ်ညစ်စရာကောင်းပြီး ပျင်းခြောက်ခြောက်နိုင်သည်ဟူသတဲ့။ သီချင်းသုံးပုဒ်ကြာအောင် မျက်နှာသစ်ပြီးနောက် အသုပ်ဝယ်ခြင်းတည်းဟူသော မရိုးနိုင်သော အထူးတာဝန်ကြီးကို စိတ်ညစ်စွာဖြင့် ထမ်းဆောင်လေသတည်း။ ဤကား ခေတ်သစ်သမီးပျိုတို့၏ မင်္ဂလာနံနက်ခင်း။
Comments
Post a Comment