Featured post
- Get link
- X
- Other Apps
တစ်ဖက်ရန်သူနှင့် စစ်ပွဲဆင်နွှဲရာတွင် ရန်သူအခက်တွေ့စေရန် သူ့စခန်းကို တတ်နိုင်သမျှ ဝန်းရံပိတ်ဆို့၍ ဖြတ်လေးဖြတ်ကို ဆောင်ရွက်ကြပါသည်။ ရေဖြတ်၊ မီးဖြတ်၊ အစားအစာဖြတ်၊ လမ်းပန်းဆက်သွယ်ရေးဖြတ်တို့ ဖြစ်ပါသည်။
အပိုင်း (၁) ရေဖြတ်
ရေတည်ရှိနေမှုသည် သက်ရှိများအတွက် အလွန်အရေးပါပါသည်။ ရေမရှိသောနေရာတွင် ကျွန်မတို့ အသက်မရှင်နိုင်ကြပါ။ သို့သော် ‘စကစ’ကတော့ ကျွန်မတို့ကို ရေနည်းနည်းကလေးဖြင့် အသက်ဆက်နိုင်သည့် မဟာလူသားများဖြစ်အောင် ဆင့်ကဲပြောင်းလဲစေပါသည်။
ရန်ကုန်မြို့ကြီးကို အဓိကရေပေးဝေသည်မှာ ဂျိုးဖြူရေလှောင်ကန်ကြီး ဖြစ်ပါသည်။ ထို့ကြောင့် ရှေးကသီချင်းများတွင် ရန်ကုန်သူဆိုလျှင် ဂျိုးဖြူရေကို သုံးသည့် အလှပဂေးများအဖြစ် တင်စားကြပါသည်။ (အင်းယားရေလည်း ပါခဲ့သပေါ့။ ဒါပေမဲ့ အခုတော့ အင်းယားကန်က ရေမပေးတော့ပါ။ လှော်ကား၊ ဖူးကြီး၊ စသည့်ရေလှောင်ကန်များက ပေးပါသည်။) နောက်ပိုင်း မြို့သစ်များ တိုးချဲ့လာသည့်အခါတွင်မူ မလောက်ငှသဖြင့် ကိုယ်ပိုင် အဝီစိတွင်းများ တူးကြရပါသည်။ ကျွန်မနေသည့် တိုက်ခန်းတွဲသည်လည်း ကိုယ်ပိုင်အဝီစိတွင်းမှ ရေယူကာ အသက်ဆက်ရပါသည်။ “ဒါများ ဘာထူးလို့လဲ”ဟု သင် စဉ်းစားမိပါလိမ့်မည်။ ဘာလို့လဲဆို ရန်ကုန်က တိုက်ခန်းတော်တော်များများက ကိုယ့်ရေတွင်းကရေကို မော်တာနှင့် စုပ်တင်၊ နောက် ကိုယ်လိုသည့်အချိန်မှ အခန်းထဲက မော်တာခလုတ်ကလေးကိုနှိပ်၍ ရေချိုးခန်းရှိ တိုင်ကီအရောက် ပို့ဆောင်ကြသည်ကိုး။
သို့သော်... ကျွန်မနှင့် သက်ဆိုင်သည့်အရာဟူသမျှသည် ထူးကို ထူးရမည်ဟုများ ကျိန်စာတိုက်ထားကြလေသလား ဘာလားပဲ။ ကျွန်မနေသည့် အိမ်ရာရှိ ရေမော်တာများသည် တိုက်ခန်းတိုင်း၏ လိုအင်ကို မဖြည့်ဆည်းနိုင်သဖြင့် ၃ရက်တစ်ခါမှ ရေရပါသည်။ ရေပေးသည့် နာရီဝက်အချိန်ကလေးတွင် ရှိသမျှသော ပုံး ပလုံး ခွက် ဘူး တို့တွင် ရေဖြည့်ရပါသည်။ (ပိုမိုသိလိုလျှင် ဤနေရာတွင် ဖြတ်နိုင်ပါသည်။) ရပ်ကွက်ထဲရှိ အိမ်များကမူ မိမိကိုယ်ပိုင် အဝီစိတွင်းများမှ ရေယူသုံးရပါသည်။ ဒါက လွန်ခဲ့သော ခုနစ်နှစ်ခန့်က အခြေအနေ ဖြစ်ပါသည်။ နောက်ပိုင်းတွင် ငမိုးရိပ်ရေသန့်စင်စက်ရုံဟု တစ်ခုပေါ်လာသောကြောင့် ၎င်းမှ ရေပေးပါသည်။ ဒါတောင် တစ်ရက်ခြား တစ်ခါမှ ရေရပါသည်။
အခုတော့ ရေမရတာ တစ်ပတ်ကျော် ကြာပါပြီ။ ရေမရသည်မှာ ကျွန်မတို့ မြို့နယ်တစ်ခုတည်း မဟုတ်ပါ။ အခြားမြို့များတွင်လည်း ပြတ်သည်တဲ့။ အေးသည့် ဆောင်းရာသီမို့ တော်ပါသေးသည်။ နွေရာသီဆို ဘယ်လိုလုပ်မလဲ? သူများတွေတော့ ဒီပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းကြသလဲ မသိပါ။ ကျွန်မတို့မှာတော့ ရေချွေတာလွန်းသော အဘွားကောင်းမှုကြောင့် ရှိသမျှရေကို ခံသုံးခြင်းဖြင့် ဖြေရှင်းကြရပါသည်။ မျက်နှာသစ်ခြင်း၊ အဝတ်လျှော်ခြင်း၊ နောက်ဆုံး ရေချိုးသည့်ရေကိုတောင် ခံချိုးရပါသည်။ တော်တော်ကို ဒုက္ခရောက်ပါသည်။ အမလေး… မသေရုံတမယ်ပါပဲရှင်။
ဒုက္ခကတော့ ညည်းပြစရာတပုံတပင် ရှိပါသေးသည်။ ရှင်တို့ ကျွန်မအစား စိတ်ညစ်သွားမှာစိုးလို့ ထပ်မရေးတော့ဘူးနော်
Comments
Post a Comment