Featured post

ဖြတ်ငါးဖြတ်နှင့် တော်လှန်ရေး

 အပိုင်း (၂) မီးဖြတ်


ကျွန်မ စာမရေးတာ ရက်အတော်ကြာပါပြီ။ အကြောင်းရင်းကတော့ နေ့မရွေး ညမရွေး မီးပြတ်နေသဖြင့် laptopအားချွေတာနေရသောကြောင့် ဖြစ်ပါသည်။

ကျွန်မတို့ မွေးကတည်းက “မနက် ၆နာရီတွင် မီးလာ၊ ညနေ ၆နာရီတွင် မီးပျက်” စနစ်၊ “ညနေ ၆နာရီတွင် မီးလာ၊ မနက် ၆နာရီတွင် မီးပျက်” စနစ်၊ “၂ရက် အပြည့်အဝ မီးလာ၊ နောက်တစ်နေ့တွင် တစ်နေ့လုံး ပြတ်” စနစ် စသည့် မီးပေးစနစ် အမျိုးစုံနှင့် ကြုံတွေ့ခဲ့ရဖူးပါသည်။ တတ်နိုင်သူများက ကိုယ်ပိုင်မီးစက်နှင့် တစ်နေ့လုံး မီးမှန်အောင် ဆောင်ရွက်ကြပါသည် (ကျွန်မတို့လမ်းထဲတွင် ထိုသို့သောအိမ်မျိုး ၃အိမ်သာရှိပါသည်)။ ကျွန်မတို့လို မရှိဆင်းရဲသားများကတော့ ဖယောင်းတိုင်နှင့် မီးသွေးမီးဖိုတို့ကိုသာ အားကိုးရပါသည်။ တစ်ခါတလေ ဖယောင်းတိုင်တောင် မရှိသည့်အခါမျိုးတွင် မီးလာတုန်း စားသောက်ထား၍ မီးပြတ်သည်နှင့် အိပ်ရာသို့ ဝင်ကြရပါသည်။ ၆နှစ် ၇နှစ် အရွယ်ဖြစ်သည့် ကျွန်မတို့က မအိပ်ချင်သောအခါ အဖေနှင့် အမေကို ပုံပြင်ပြောပြရန် ပူဆာကြပါသည်။ ပူအိုက်သည့် နွေရာသီညများတွင် ခြံထဲသို့ဆင်းကာ ခုံကလေးများပေါ်တွင် ထိုင်ကြ၊ လရောင်ကို ကြည့်ကြ၊ မီးကလေးဖိုပြီး ပြောင်းဖူးဖုတ်စားကြပါသည်။ ထိုစဉ်က ဖုန်းလည်း မရှိ၊ အင်တာနက်လည်း မရှိသေးသဖြင့် ကာတွန်းမကြည့်ရလို့ စိတ်ညစ်တာပဲ ရှိပါသည်။

စီးပွားရေး အနည်းငယ် ချောင်လည်လာ၍ အင်ဗာတာဝယ်နိုင်သောအခါ စောစောအိပ်ရသော ဒုက္ခမှ လွတ်မြောက်သွားပါတော့သည်။ မီးချောင်းထွန်းနိုင်သဖြင့် ကျွန်မတို့လည်း ညဘက်တွင် သင်္ချာများ၊ အိမ်စာများ လုပ်ရပါတော့သည်။ (ဂျူမုံဇာတ်လမ်းတွဲ လာသည့်နေ့များတွင်တော့ tvကြည့်ရပါသည်)

အခု အိမ်တွေလည်း အခါခါပြောင်း၊ အခြေအနေတွေလည်း ပြောင်းလဲသွားပြီးနောက်တွင် (ပြောင်းတယ်သာပြောတာ ဆင်းရဲတာကတော့ ဆင်းရဲတုန်းပါပဲ) ဖုန်းကလေး၊ laptopကလေး ပိုင်လာပါသည်။ အလုပ်လုပ်ရန် wifiလည်း တပ်ထားပါသည်။ သို့သော ထိုအရာတို့က လျှပ်စစ်မီးမရှိလျှင် အလုပ်မလုပ်ပါ။ အနီရောင် အစိုးရတက်စဉ်က ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင်တော့ မီးမှန်မှန် လာပါသည်။ မိုးသည်းသော အချို့အချိန်များနှင့် နွေရာသီ ရေအားလျှပ်စစ် မရသည့်အချိန်များတွင်တော့ အလှည့်ကျ မီးပေးသည်နှင့် ကြုံပါသည်။ သို့သော် ကျန်အချိန်များတွင်တော့ အရင်ကထက် ပိုကောင်းလာသည်ဟု ဆိုနိုင်ပါသည်။

ယခု အာဏာသိမ်းသည့်အချိန်မှစ၍ လူအများစုက “သွေးစွန်းငွေတွေ ဖြတ်ကြစို့”ဟုဆိုကာ မီတာမဆောင်ဘဲ နေကြပါသည်။ အိမ်က အဘွားကတော့ (အဘွားကြီးပီပီ အသည်းနုလို့ထင်ရဲ့) မီတာဆောင်ချင်ပါသည်။ သို့သော် ကျွန်မတို့က မီတာစာရွက်များကို ဖွက်ထားခြင်း၊ ချောင်ထဲထိုးထားခြင်းတို့ကြောင့် မဆောင်ရပါ။ သူ့သားတော်မောင် တပ်ချစ်သူကြီး ရောက်လာသည့်အခါတွင်တော့ အတင်းဆောင်ပစ်ပါသည်။ ကျွန်မလည်း ဘာမှမလုပ်နိုင်သောကြောင့် ငြိမ်နေရပါသည်။ အခုတော့ မီတာဆောင်ထားသော်ငြားလည်း မီးက နေ့မရွေး ညမရွေး ပြတ်ပါသည်။

မီးပြတ်သော်လည်း အလုပ်က ရပ်မရပါ။ မီးက နေ့တိုင်းပြတ်နေသဖြင့် မီးပြတ်တိုင်းသာ စာသင်ချိန်ရွှေ့နေရမည်ဆိုပါက အလုပ်ပြုတ်ပါလိမ့်မည်။ ထို့ကြောင့် laptopကို အချိန်ပြည့် အားသွင်းထားခြင်း၊ powerbankများဆောင်ထားခြင်းတို့ကို ပြုလုပ်ရသည်။ (နောင်တစ်ချိန်တွင်တော့ အရင်ကလို အင်ဗာတာကလေး ဝယ်နိုင်ဖို့ မျှော်လင့်ရပါသည်) 

အခြေအနေများ ပြောင်းလဲ၍ ဖုန်းများ wifiများ တပ်လာနိုင်သောကြောင့်လားမသိ၊ မီးမလာ၍ ဖုန်းအားသွင်းမရသောအခါ စိတ်ညစ်ရသော အတိုင်းအတာသည် ဟိုးအရင် ငယ်ငယ်တုန်းက ကာတွန်းမကြည့်ရ၍ စိတ်ညစ်ခြင်းထက် အဆပေါင်းများစွာ ပိုသည်ဟု ထင်ပါသည်။ အခုတလော မက်နေသော အိပ်မက်များသည် လျှပ်စစ်မီးအကြောင်းသာ ဖြစ်ပါသည်။ မီးလာနေသည်ဟု အိပ်မက်မက်လျှင် အိပ်မက်ကောင်း၊ မီးပြတ်နေသည်ဟု မက်လျှင်တော့ အိပ်မက်ဆိုး ဖြစ်ပါသည်။ တစ်ခါက မီးပြတ်နေသည်ဟု အိပ်မက်မက်ပြီး ချွေးစေးများပြန်ကာ နိုးလာခဲ့ဖူးပါသည်။ လက်တွေ့တွင် မီးလာနေသည်ကိုတွေ့မှ သက်ပြင်းအရှည်ကြီးချ၍ ပြန်အိပ်နိုင်ပါသည်။ (နိုးလာသောအခါ မီးက ပြတ်နေပါပြီ🙂) သည်လိုသာ ငါးနှစ်လောက်ဆက်ဖြစ်လျှင် ကျွန်မ နှလုံးရောဂါ ရပါလိမ့်မည်။ လျှပ်စစ်မီး မရှိသောဘဝကို စိတ်ကူးယဉ်ကြည့်၍ မရပါ။ ကျွန်မသည် ခလုတ်နှိပ်ရုံနှင့် လိုရာရနေသည့်ခေတ်ကြီးကို အသားကျနေသူတစ်ယောက်သာ ဖြစ်ပါသည်။

prev|next

Comments