Featured post

Daily reflections 5

20.9.23 (Wed)


ကျန်းမာရေး

ဘောင်ဘောင်က မျက်စိခွဲပြီးနောက်မှာ ကျန်းမာရေးအခြေအနေ ပိုဆိုးလာပါတယ်။ အိမ်မှာနေရင် မျက်စိခွဲတဲ့အခါ ပြုစုမဲ့သူ မရှိလို့ (ကျွန်မက ကျောင်းတက်နေ၊ အမေနဲ့ညီမတော်က အလုပ်သွား) ဦးကြီးတို့အိမ် သွားနေပါတယ်။ အဲဒီမှာနေလို့ သက်သက်သာသာနဲ့ နေကောင်းလာမလားမှတ်တယ် ပိုတောင် ဆိုးလာပါရောလား။ အစက ခြေထောက်ကို သိပ်သုံးလို့မရ (မတ်တပ်မရပ်နိုင်၊ လမ်းမလျှောက်နိုင်) တာဟာ မျက်စိခွဲတော့ ငြိမ်ငြိမ်နေရတာနဲ့၊ ဟိုအိမ်သားတွေ အပြင်သွားနေခိုက် ဖီးဖီးကို ထူလိုက်တာ ခါးနာသွားလို့ ပိုဆိုးနေပါတယ်။ အဲဒါအပြင် အခု သူငယ်ပြန်ချင်သလိုပါ ဖြစ်နေတယ် 🥲 တစ်ခုခုဆို ထိုင်ငိုတာ (ဥပမာ ခိုင်းလည်း မခိုင်းဘဲ အဝတ်တွေ ရုတ်လာပြီး အဝတ်ရုတ်ရတယ်ဆိုပြီး ငို) အသံကလည်း ကလေးဂျီကျတဲ့အသံနဲ့ အမလေးလေ သူသာ သူငယ်ပြန်သွားရင်တော့ အိမ်မှာ လူတစ်ယောက် စောင့်နေမှ ဖြစ်မယ်ထင်တယ်။ 

အဲဒါကို အဘွားကြီးများ မှာ ရေးခဲ့တယ်လို့တော့ ထင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ကိုယ့်ကို စောင့်ကြည့်နေရအောင် နေမကောင်း မဖြစ်ချင်ဘူး။ ရေးတာ ရှုပ်သွားလား... လူက လိုက်ပြုစုမှ အသက်ရှင်ရမှာမျိုး မလိုချင်ဘူးပေါ့။ ကိုယ့်ဘာသာကိုယ် အိပ်ရာထ၊ အိမ်သာသွား၊ စားသောက်ချက်ပြုတ်၊ ခရီးသွား၊ က လုပ်ချင်သေးတယ်။ (ပြုစုမဲ့သူ ရှိမယ်မထင်တာလည်းပါတာပေါ့) ခေတ်မီမီနဲ့ ခပ်လန်းလန်း အဘွားကြီး လုပ်ချင်တယ်။ (ဒါကတော့ အငယ်တွေဆီက ဒိတ်အောက်တယ် အပြောမခံချင်လို့)

အင်း...ပြောချင်တာကတော့ အဲဒါကြောင့် အခုကတည်းက ကျန်းမာစေမဲ့ အလေ့အကျင့်လေးတွေ လုပ်ရမယ်တဲ့။ (အစချီတာ ရှည်လိုက်တာ😂)

ထီးတော်မိုး အလိုရှိသည်နှင့် သတ်မှတ်ချက်များ

ဒီနေ့ သူငယ်မချင်းတချင်းနဲ့ စကားပြောကြရင်း သူက မေးတယ်။ "test မအောင်ဘူးပြောရအောင် နင်က ရည်းစားရရင် ဘာတွေ လုပ်ခိုင်းမလို့လဲ"တဲ့။ အိုး... လုပ်ခိုင်းစရာမှ အများကြီး။ ဟင်းချက်ကျွေးခိုင်းမယ်၊ ကားမောင်းပို့ခိုင်းမယ်၊ ထီးမိုးခိုင်းမယ်၊ စာလည်း ရှင်းပြခိုင်းမယ် ဟွင်းဟွင်း 
အဲဒီအခါ ဟိုဘက်က ပြန်ပြောတယ်, "အဲဒါကြောင့် ရည်းစားမရတာ" တဲ့။ 
မရလည်း ဘာဖြစ်လဲ... လုပ်ပေးချင်တဲ့လူက လုပ်ပေးလိမ့်မယ်😒

အဲလိုနဲ့ ကျွန်မ ၈တန်းလောက်က "ရည်းစားလောင်းအတွက် စံသတ်မှတ်ချက်"တွေ ရေးဖူးတာ သွားသတိရပါတယ်။ အဲဒီတုန်းက "အရပ် ၆ပေရှိရမယ်" ကအစ ရေးလိုက်တာ ရိုးရိုးဗလာစာအုပ်ရဲ့ စာမျက်နှာ တစ်မျက်နှာ ကျော်သွားပါလေရောလား..😬

နောက် ဆယ်တန်းပြီးတော့ အဲဒီစံတွေ နည်းနည်းတော့ လျော့သွားလေရဲ့။ ဒါပေမဲ့ တစ်ခုရှိသေးတာက "အပြင်မှာ တွေ့ဖူးတဲ့သူ ဖြစ်ရမယ်"တဲ့။ ကျွန်မက လူတစ်ယောက်ကို ချက်ချင်း စိတ်ဝင်စားသွားတာထက် အလုပ်တူတူလုပ်ရင်း၊ စကားတွေ အများကြီးပြောရင်း၊ ဝါသနာပါတာ အတူတူလုပ်ရင်း သိကျွမ်းပြီး သဘောကျဖို့ကို ပိုပြီး လိုချင်ပါတယ်။ (ကျွန်မက နည်းနည်းပေါင်းရသင်းရ ခက်တဲ့အထဲ ပါပါတယ်။ လူတစ်ယောက်ကို စသိပြီဆို စစချင်း reaction က "Who the fuck are you?🤨" ဆိုတာနဲ့ စပါတယ်။ ပြီးတော့မှ "အချစ်ရေ" ဖြစ်သွားတာ😆။ တွေ့တွေ့ချင်း ကျွန်မက အရမ်းအားရဝမ်းသာ လုပ်ပြနေပြီဆိုရင်တော့ ရှင်က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ဖို့ များပါတယ်) အဲဒီတော့ အပြင်မှာ မတွေ့ရင် အဲဒါတွေက လုပ်လို့မရတော့ မကြိုက်ပါဘူးပေါ့။

နောက် ကိုဗစ်ဖြစ်တော့ အဲဒါ ပြုတ်ကျသွားရော။ (မပြုတ်ကျလို့ ဖြစ်မလား အပြင်မှ မထွက်ရတာ) အဲဒီတော့ online ကနေလည်း ကြိုက်ပါတယ် ဖြစ်သွားရော။ ဒါပေမဲ့ of course တစ်ပတ်နဲ့တော့ မရဘူးပေါ့။ လပေါင်းများစွာ interaction ရှိနေမှ ဖြစ်မှာ။ (အဲဒီတော့ ထပ်တွေးမိတာက စံနှုန်းတွေ လျှော့ပစ်ရတဲ့အထိ romance က လိုအပ်တာလားပေါ့။ ဒီအကြောင်းကို နောက်မှ သပ်သပ်ထပ်တွေးရအောင်ပါ) ဒါပေမဲ့ ရယ်စရာကောင်းတဲ့ တစ်ခုက ပေါ်လာပြန်ပါတယ်။ "master's degree ရရမယ်" တဲ့။ တစ်ယောက်ကို ပြောပြတော့ သူက ရယ်ပါတယ်။ "ဘွဲ့ရတိုင်း စဉ်းစားဉာဏ်က ရှိသွားတာမှ မဟုတ်တာ" အင်းပေါ့ ကျွန်မတက်နေသလို ကျောင်းမျိုးက ရလာရင်တော့ ဘယ်ရှိမလဲ။ (ဒီလိုပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာတော့ ကျပါတယ်။ အခု ကျောင်းသွားတော့ Ph. D တက်နေတဲ့ ကျောင်းသား ၂ယောက်တွေ့တယ်။ သူတို့ကို ကြည့်ရင် ကျောင်းလာ၊ ဖုန်းသုံး၊ ဗမာကားကြည့်၊ video တွေကြည့်၊ အချိန်တန်ရင် ထမင်းစား၊ ပြီးရင် ပြန်သွား အေးရော။ ကျောင်းက တခြားအစ်မတစ်ယောက် စာဖတ်နေတာ မြင်တဲ့အခါ ဒီလိုပြောလေရဲ့ "ညီမလေးတို့ကတော့ စာဖတ်တယ်နော်။ အစ်မကတော့ စာဖတ်ရတာ မကြိုက်ဘူး။ ကျက်ပစ်ရတာပဲ ကြိုက်တယ်။ ကျက်ရင် ဦးနှောက်ထဲ ဝင်သွားတယ်လေ" တဲ့ 🥲🙂🥹🫤🙃😰😵‍💫 သေလိုက်ပါတော့) ဒီတော့ မာစတာဘွဲ့သတ်မှတ်ချက်ကိုလည်း နည်းနည်း ပြန်စဉ်းစားရမယ် ထင်ပါရဲ့။

ဒီနေ့ ကောင်းတာလေးတွေ

  • Yogurt Kiwi shake သောက်ခဲ့တယ်။
  • စာသင်တာ ချောချောချူချူပြီးသွားတယ် (စာသင်တဲ့အခါ အတွေ့အကြုံ လိုတယ်ဆိုတာ ဒီမှာ အရမ်းစကားပြောတာပဲ)
  • စာတွေ ရေးပြီးသားမို့ နည်းနည်း ပြန်ဖတ်လိုက်ရင် အဆင်ပြေပြီ
P.S.: စာမေးပွဲပြီးရင်တော့ Jujutsu Kaisen ကြည့်ဖြစ်အောင် ကြည့်ရပါမယ်။ သူ့ဇာတ်ဝင်သီချင်းကို King Gnu ဆိုမယ်ဆိုကတည်းက စိတ်လှုပ်ရှားနေတာ အခု သီချင်းနားထောင်ကြည့်တော့ သူ့ vibe က အေးအေးလေးနဲ့ အရမ်း sexy ဖြစ်ပါတယ်🤩🤩 (ကျွန်မ King Gnu ကြိုက်တာကို မသိသေးရင် ဒီမှာ ဖတ်နိုင်ပါတယ်)


Comments