Featured post
- Get link
- X
- Other Apps
မနေ့က ကျောင်းတုန်းက စီနီယာ အစ်မတစ်ယောက်နဲ့ တားရော့အကြောင်း စကားစပ်မိလို့ ပြောကြရင်း.. crush အကြောင်း ရောက်သွားပါတယ်။ အဲဒီအစ်မက အပျော်သဘော တားရော့ကဒ်ဆွဲရင်း မှန်ကြလို့ဆိုပြီး ပြောကြတယ်တဲ့။ အဲဒီတော့ "ဟိုတစ်ယောက်နဲ့ အခြေအနေ ဘယ်လို ရှိမလဲ" ဆိုပြီး သွားမေးတာပေါ့ 😆😆
အဲဒါနဲ့ သူလည်း ဘေးလူတို့ ထုံးစံအတိုင်း (အကျန်တွေ ဝိုင်းပေးတတ်ကြတဲ့ ဘေးလူကြောင့် ဤဖေကိုယ်တစ်ယောက် နောင်တကြီးစွာ ရပုံကို ဒီpost မှာ ဖတ်ရှုနိုင်ပါတယ်) အကျန် အဲလေ အကြံပေးရော။ "ဟာ ကြိုက်ရင် နှစ်ယောက်တည်း ရအောင် ဒိတ်လေ" ဘာညာပေါ့။ ပထမတစ်ကြိမ် ကောင်းကောင်းကြီး ခံလိုက်ရတဲ့ ကျွန်မက ဒီတစ်ခါတော့ နားမယောင်တော့ပါဘူး။ အဲဒီတော့...
" ဟာ.. မဖြစ်ဘူး အစ်မရ။ မီးက အပြင်မှာတွေ့ရင် စကားတစ်လုံးမှ မထွက်တော့ဘူး"
တကယ်လည်း မထွက်ပါဘူး။ မကြာသေးခင်က အလုပ်ကိစ္စကြောင့် တွေ့ဖြစ်ပါတယ်။ အုပ်စုလိုက် gathering ဆို ထုံးစံအတိုင်း ကျွန်မက တစ်ယောက်တည်းသပ်သပ် ခွဲထွက်နေသပေါ့။ (ထိုင်နေရင်း တစ်နာရီလောက်အကြာမှာ "မလာလိုက်ရင် အကောင်းသား" လို့တောင် တွေးမိပါတယ်။ အိတ်ထိုးဖို့ ယူသွားတာကလည်း ထိုးနေရင်းတန်းလန်း ချည်ကုန်သွားလို့ ရပ်လိုက်ရပါတယ်။ ဖတ်နေစရာ စာအုပ်ကလည်း မပါသွားပါဘူး။ ဆိုတော့ ကြောင်တောင်တောင်နဲ့ ဘာဘီရုပ်လေးလို ထိုင်နေခဲ့ရတယ် ဆိုပါတော့ extremely awkward)
အပြန်ကျ တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတာ အားနာလို့လားတော့ မသိ စကားလာပြောပါတယ်။ "စားရတာ ဘယ်လိုနေလဲ"
ထုံးစံအတိုင်း ကျွန်မခေါင်းထဲမှာ လျှပ်စီး တစ်ဖျတ်ဖျတ် လက်သွားပါတယ်။ မှာလိုက်တဲ့ fruit yogurt မှာ ပသုန်း (အသီးတွေမှာ နားတဲ့ ယင်ကောင်လို အသေးစားလေး) ပါတဲ့အကြောင်း၊ ကြက်ဥကြော်က အနှစ်မကျက်တဲ့အကြောင်း၊ ပေးထားတဲ့အချဉ်ကလည်း ထမင်းကြော်နဲ့ လုံးဝ မလိုက်တဲ့ အကြောင်းတွေပေါ့။ ဒါပေမဲ့လည်း ပြောလိုက်လို့ မဖြစ်သေးပါဘူးလေ ဆိုပြီး (ဆိုင်က သူရွေးတာကိုး 🥹🥹) အဲဒါနဲ့ အရေးအကြီးဆုံးတစ်ချက်ကိုပဲ ပြောလိုက်ပါတယ်။
"ငန်တယ်"
"ဪ"
ပြီးတော့ ဘာဆက်ပြောရမှန်း မသိတော့ပါဘူး။ အဲဒီ့အကြောင်းကို ဟိုအစ်မကို ပြောလိုက်ခါမှ ပိုဆိုး။
"ဟယ် မိန်းကလေးတွေဆိုတာ အဲလိုပဲ တကယ်ချစ်တဲ့သူနဲ့ဆို ဘာစကားမှ မထွက်တော့ဘူး။ တခြားသူတွေနဲ့သာ flirtနိုင်တာ"
ဟဲ့ ကျွန်မက သူ့ကိုမှ မချစ်တာ 😶😶 (Oh.. I'm sorry if I hurt your feelings okay? but i dont love you more than i love my coworker)
ပြီးတော့ ကျွန်မ စကားပြောမထွက်တာက အဲဒီတစ်ယောက်နဲ့မှ မဟုတ်။ ဘယ်သူနဲ့မဆို အဲလိုပဲ.. အင်း.. ကျောင်းက သူငယ်ချင်းတွေက လွဲလို့ပေါ့။
အဲဒါနဲ့ ကျွန်မလည်း ဘာမှ ဆက်မပြောနိုင်ဘဲ ဆွံ့အသွားပါတယ်။ သူက ဆက်ပြောပြန်ပါတယ်။
"သူ့ကို ရယူချင်လား ပိုင်ဆိုင်ချင်လား" တဲ့။
အိုးမိုင်ဂေါ့ သူက ပိုင်ဆိုင်ရအောင် ပစ္စည်းမှ မဟုတ်တာ..😬
ထားပါတော့ ထားပါတော့။ ကျွန်မက အတိအကျ ပြန်မပြောဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတော့ နောက်ဆုံး
ဖိုက်တင်း ဖိုက်တင်း ပြောပြီး စကားဆုံးသွားပါတယ်။ သူကြည့်ပေးမယ်ပြောတဲ့ တားရော့ကလည်း အခုထိ မလာသေးပါဘူး 🙂
- Get link
- X
- Other Apps
Comments
Post a Comment