CuriousCatsEntries is now just for family and friends!!
Hello all, အများကြီး စဉ်းစားပြီးနောက်မှာတော့ ဒီblogကို မိသားစုနဲ့ သူငယ်ချင်းတွေအတွက်ပဲ ဖွင့်ပေးဖို့ စဉ်းစားလိုက်ပါတယ်။ အစတုန်းကရော ဘယ်သူတွေကို ဖွင့်ပေးနေလို့လဲလို့မေးရင်...
ကျွန်မရဲ့ social media profileမှာ တင်ထားတယ်၊ နောက်ပြီး ပါဝင်ရတဲ့ စကားဝိုင်းတိုင်း၊ သင်တန်းတိုင်းလိုလိုမှာ ဒီblogကို ညွှန်ပါတယ်။
အဲ... ဒါပေမဲ့ အခုတော့ ဖြုတ်ပစ်လိုက်တော့မှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲ. . .
ဘာကြောင့်လဲဆိုတော့ ဒီမှာ ပိုပြီး ကိုယ်ရေးကိုယ်တာဆန်တဲ့ အကြောင်းအရာတွေ ရေးတော့မှာမို့လို့ပါ။ ကျွန်မ စကားပြောဖြစ်နေတဲ့ တစ်ယောက်က ကျွန်မကို အကြံပေးပါတယ်။ blogမှာ ကိုယ့်အကြောင်းချည်းပဲ မရေးဘဲ ဇာတ်လမ်းလို သူများနေရာက ဝင်ရေးပါလား။ viewerများများရတာပေါ့တဲ့။
ကျွန်မကတော့ ဒီလိုပြန်ချေပပါတယ်။
"viewerများရင် ပေါက်ကရရေးလို့ မရဘဲ နေမှာပေါ့"
သူက ပြန်ပြောတယ်။
"အခုရော ဘယ်သူ့အမြင်ကို ဂရုစိုက်လို့လဲ"တဲ့။
အဲဒီကျမှ ကျွန်မလည်း ပြန်ဆန်းစစ်မိပါတယ်။ CuriousCatsEntriesကို social media မှာ ကြော်ငြာထားရတဲ့ အကြောင်းရင်း ၂ချက် ရှိပါတယ်။
၁. ကျွန်မသိတဲ့သူတွေပဲ ရှိလို့
ကျွန်မ social mediaဟာ အလွန်ခြောက်ကပ်ပါတယ်။ အပြင်မှာ မြင်ဖူးတဲ့သူ၊ အတန်းတူသူငယ်ချင်း၊ အမေ၊ ဆရာမ ဒီလောက်ပဲ ရှိပါတယ်။ ကျွန်မ မသိတဲ့သူဆို အနားတောင် သီလို့ မရပါဘူး။ ဒီတော့ ကျွန်မ သိတဲ့သူငယ်ချင်းတွေက ကျွန်မအကြောင်း ပိုသိအောင် shareထားတာပေါ့။ နောက်ပြီး ဝင်မဖတ်တဲ့သူက များတယ်လေ။ (အမေတို့ကတော့ ဝင်မဖတ်တဲ့ထဲပါတော့ သူ့ရှေ့မှာလည်း စိတ်ချလက်ချ ထားနိုင်တာပါ🤣🤣)
၂. သူတို့ ဖတ်ဖို့
အဲ..
စာရေးရခြင်း အကြောင်းရင်း မှာ ကျွန်မရဲ့ blogရေးရခြင်းအကြောင်းရင်းတွေကို ပြောပြခဲ့ပါတယ်။ အဲဒီမှာ မပြောခဲ့တဲ့ တစ်ချက်ရှိတယ်ဆိုတာ သိကြတယ်ဟုတ်? အဲဒါကတော့ ကျွန်မကို လူတွေကို ကျွန်မအကြောင်း မြည်းစမ်းစေဖို့ ဖြစ်ပါတယ်။ ကျွန်မ နေပုံထိုင်ပုံက တော်တော်ပုံတုံးပြီး စကားပြောတာကလည်း အတော်ဂွစာနိုင်ပါတယ်။ ဒါတောင် ကြိုက်တယ်လာပြောတဲ့သူကလည်း ရှိပါသေးတယ်။ (အံ့ဩစရာပဲ😶)။ ဒီတော့ သူတို့လိုချင်တာနဲ့ ကျွန်မ ပေးနိုင်တာနဲ့ ကိုက်ရဲ့လား ဆုံးဖြတ်နိုင်အောင် ပေးဖတ်ပါတယ်။ ဒါမှမဟုတ် ကျွန်မ ကြိုက်သူတွေကိုလည်း ပေးဖတ်ပါတယ်။ ပစ္စည်းအသစ်ထုတ်ရင် sampleပေးသလိုပေါ့။ "ကျွန်မကတော့ ဒီလိုရှိတယ်။ ဘယ်လိုထင်လဲ"ပေါ့။ တကယ်လို့ ကျွန်မအကြောင်း ကောင်းကောင်းသိသွားလို့ စောစောစီးစီး တာ့တာလုပ်သွားရင် emotional baggageတွေ မများတော့လို့ နှစ်ဦးနှစ်ဖက်အတွက် ကောင်းတာပေါ့။
***
အခုတော့ ဘယ်ကမှန်းမသိတဲ့သူရော၊ အလုပ်ကသူတွေရော၊ mentoring ပြန်လုပ်ပေးနေရတဲ့သူတွေရော social media accountမှာ ရောက်လာကြလို့ ဝင်မဖတ်ရင်တော့ အကြောင်းမဟုတ်၊ ဝင်ဖတ်ရင်တော့ အပင်ပန်းခံ တည်ဆောက်ထားရတဲ့ "သွက်လက်တက်ကြွ ထက်မြက်တဲ့ မမ" ပုံရိပ်ကလေး ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဘာမှမဟုတ်ခင်တုန်းကတော့ ဂရုမစိုက်ဘဲ နေလို့ရပေမဲ့ ပိစိကလေး ဟုတ်လာတဲ့အချိန်မှာတော့ နည်းနည်းလေး careတော့မှာ ဖြစ်ပါတယ်။
ဆိုတော့ တကယ်လို့ ရှင်တို့ကို ကျွန်မ လိပ်စာပေးထားလို့ ဒီရောက်လာခဲ့ရင် ရှင်တို့ဟာ ကျွန်မရဲ့ ယုံကြည်ပြီး ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ ဖြစ်တယ်ဆိုတာ သိစေလိုပါတယ်။ ပြီးတော့ ရှင်တို့အကြောင်းကလည်း ဒီမှာ ပါလာမှာ ဖြစ်တဲ့အတွက် ရင်ခုန်စွာနဲ့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။
What to expect
လူအပြောင်းအလဲနဲ့အတူ ဒီblogမှာ ပါလာမဲ့ဟာတွေလည်း နည်းနည်းအပြောင်းအလဲ ရှိပါတယ်။
- comicsတွေ
- စာဖတ်ပြတာတွေ
- စာအုပ်နဲ့ ရုပ်ရှင်အညွှန်း
- သီချင်းဆိုထားတဲ့ video clipအတိုတွေလည်း စာပုဒ်အဆုံးမှာ ပါလာနိုင်ပါတယ်
So... ပိုပြီး ပျော်စရာကောင်းလာတော့မှာ ဖြစ်ပါတယ်
Comments
Post a Comment