Featured post
- Get link
- X
- Other Apps
အိပ်မပျော်တဲ့ ညသန်းခေါင်တွေမှာ ဘာလုပ်ကြပါသလဲ။
ခေါက်ဆွဲပြုတ်တွေ ထပြုတ်စားကြသလား... မနေ့က ကြည့်လက်စ ဇာတ်လမ်းတွဲကို ဆက်ကြည့်ကြသလား . . . ဒါမှမဟုတ် ဖတ်နေရင်း အိပ်ပျော်သွားတဲ့ စာအုပ်ကို အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်လိုက်ကြပါလား. . . ဒါမှမဟုတ် social mediaပေါ်မှာ စကားပြောမဲ့အဖော်ကိုပဲ လိုက်လို့ ရှာနေကြသလား. . .
ကျွန်မကတော့ ခေါက်ဆွဲပြုတ်စားတာကလွဲလို့ ကျန်တာ အကုန်လုပ်ဖူးပါတယ် (ကျွန်မတို့ အိမ်မှာ အသင့်စားခေါက်ဆွဲပြုတ်တွေ အဆင်သင့် ဆောင်ထားတာ မရှိပါဘူး) လုပ်ဖူးသမျှသော အလုပ်တွေထဲမှာတော့ သီချင်းလေးနားထောင်ပြီး Blogရေးတာက လုပ်လို့ အကောင်းဆုံးပါပဲ။ အခုကတော့ mobile dataနဲ့ သုံးနေရတော့ ပိုက်ဆံချွေတာတဲ့အနေနဲ့ သီချင်းတော့ မဖွင့်နိုင်တော့ပါဘူး။ ဒါပေမဲ့လည်း အဓိကက သီချင်းနားထောင်ဖို့မှ မဟုတ်ဘဲ စာရေးဖို့ပဲကို. . .
ကျွန်မက မှော်ဘီက ဝမ်းကွဲတစ်ယောက်အိမ်ကို ရောက်နေပါတယ်။ အဲဒီမှာ ခြံကျယ်ကျယ် သစ်ပင်များများနဲ့ နေချင်စဖွယ်တော့ ကောင်းပါရဲ့၊ မီးလည်း ၂၄နာရီ လာပါရဲ့။ ဒါပေမဲ့ wifiမရှိတာက အတော်ဆိုးရွားပါတယ်။ ပြီးတော့ သစ်ပင်ပေါများတာနဲ့အတူ အမျိုးမျိုးသော ကင်းခြေများက ပျားက ပိတုန်းက တောက်တဲ့က အကောင်ပလောင် အမျိုးစုံကလည်း ပေါများပါတယ်။ အခု စာရေးရင်းတောင် ကျွန်မရှေ့က ကင်းခြေများတစ်ကောင် ဖြတ်သွားပါသေးတယ်။ အဲဒီနေရာမှာ ကျွန်မအိပ်ဖို့ ဂွမ်းကပ် အပါးလေးတစ်ထည် ခင်းပေးပါတယ်။ ဒါပေမဲ့ လက်တစ်ဝါးလောက် ထူတဲ့ အိပ်ရာမှာ အိပ်နေကျ ကျွန်မက အိပ်လို့ မပျော်နိုင်ဖြစ်နေပါတယ်။ အဲဒါကြောင့် အခုလို နိုးနေရတယ်ပဲ ဆိုပါတော့။
အဲတော့ ဒီလို ရှည်လျားထွေပြားတဲ့ ညမှာ တခြား လုပ်စရာတွေ ရှိရက်နဲ့ ဘာလို့ စာလာရေးနေရသလဲ? အကြောင်းကတော့ မျိုးစုံပါပဲ။
၁) "ပါးစပ်နဲ့ ပြောလို့မရရင် လက်နဲ့ ရေးမှာပေါ့။ ဘယ်ရမလဲ ဟင်း ဟင်း"
ကျွန်မက ငယ်ငယ်က stand-up comedianဖြစ်ချင်တာပါ။ ကျွန်မက ရယ်ရတာ အရမ်းကြိုက်ပါတယ်။ ကျွန်မတို့ အိမ်မှာ အရင်တုန်းက "လှတောသား စကားကြွယ်" ဟာသစာအုပ် တစ်အုပ် ရှိတယ်လေ။ လှတောဆိုတာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရှိတဲ့ ရွာတစ်ရွာပေါ့။ အဲဒီ့ရွာက ရွာသားတွေက ဟာသအရမ်းပြောတတ်ကြတယ်ဆိုပဲ။ ကျွန်မလည်း အဲဒါတွေဖတ်ပြီး သဘောတွေကျတော့ ကိုယ်ကိုယ်တိုင်လည်း သူတို့လို ပြောတတ်ဖို့ အားထုတ်ပါတော့တယ်။ ကျွန်မရဲ့ လက်တွေ့ စမ်းသပ်ရာ နေရာကတော့ ဘုန်းကြီးကျောင်းပါပဲ။ ကျွန်မရဲ့ မိဘတွေက ဘာသာရေးကိုင်းရှိုင်းကြတော့ အိမ်နားက ဘုန်းကြီးကျောင်းကို အမြဲ ဆွမ်းပို့ပါတယ်။ ဆွမ်းပို့တဲ့နေ့ဆို ဆွမ်းချိုင့်ကြီးနဲ့ အိမ်ကို သော့ပိတ်လို့ တစ်နေ့လုံး ဘုန်းကြီးကျောင်းမှာပဲ အချိန်ကုန်ပါတယ်။ ဘုန်းတော်ကြီးတွေ ဆွမ်းဘုန်းပေးခါနီး လူစုံတဲ့အချိန်ဆို ကျွန်မရဲ့ showအသေးလေး စတင်ပါပြီ။ အစကတော့ လှတောသားစာအုပ်ထဲက ဟာသတွေ ပြောတာ အဆင်ပြေနေပေမဲ့ တစ်ရက်တော့ အဆန်းထွင်ပြီး ကိုယ်ပိုင်ပြက်လုံးထုတ်လိုက်တာ လူတွေ အားလုံး ခေါင်းငိုက်စိုက်ကျကုန်လို့ comedianဖြစ်ချင်တဲ့ ကျွန်မဆန္ဒကို ခပ်ရှက်ရှက်နဲ့ပဲ ခေါက်သိမ်းထားလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အလယ်တန်းတတ်တော့ ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဇာတ်လမ်းထွင်တမ်းတွေ ဆော့ပြီး စာရေးတဲ့ဘက်ကို စိတ်ဝင်စားသွားပါတယ်။ အဲလိုနဲ့ သိပ်မကြာပါဘူး။ ကျွန်မကိုယ်တိုင်ဖန်တီးရေးသားတဲ့ ဟာသဇာတ်လမ်းတိုတွေ ထွက်ရှိလာပါတော့တယ်။
၂) "ပေတေနေတဲ့ကျွန်မကို နားချနိုင်တာ အလိမ္မာပညာရှိတဲ့ ကျွန်မပဲ"
ဆယ်တန်းပြီးလို့ အမှတ်စာရင်းစောင့်နေရတဲ့ ကာလက တော်တော်ကို အချိန်ဖြုန်းလို့ကောင်း လေလို့ကောင်းတဲ့ အချိန်ပါပဲ။ ဪ. . . လေနေတဲ့ကိုယ့်စိတ်ကို "The richest man in Babylon"တို့လို အောင်မြင်ကြီးပွားရေးစာအုပ်တွေဖတ်ပြီး မီးမွှေးပေးရပါတယ်။ ဒါပေမဲ့လည်း သိပ်ကြာကြာတော့ မခံပါဘူး။ အဲဒါနဲ့ နောက်ဆုံးတော့ ကျွန်မလည်း ဟာသတွေ ရေးနေရာကနေ အောင်မြင်ကြီးပွားရေးလိုလို ဘာလိုလိုတွေ ရေးတဲ့ဘက် ရောက်သွားပါတယ်။ အခုချိန်ထိလည်း ကိုယ့်ကိုယ်ကိုယ် တရားချချင်ရင် ရေးနေတုန်းပါပဲ။ အဲဒါကြောင့် ဒီblogမှာ အဲလိုစာတွေ တွေ့ရင် "အံမယ် တော်လှချည့် တတ်လှချည့်" လို့ မအောက်မေ့ပါနဲ့။ အဲဒါ ကျွန်မကိုယ်ကျွန်မ ပြန်တရားချနေတာပါ။
၃) ကျွန်မက ကိုယ့်အကြောင်းပြောရတာ ကြိုက်လို့
ကျွန်မက ကိုယ့်အကြောင်းပြောရတာ တော်တော်ကြိုက်ပါတယ်။ အဲဒါက ဘယ်သူနဲ့မှ စကားမပြောရဘဲ အိမ်ထဲမှာပဲ ၁၅နှစ်လောက် ပိတ်မိခဲ့တာနဲ့ ဆိုင်လေမလားတော့ မသိ။ ကျွန်မက စကားများတဲ့အထဲ ပါပေမဲ့ ပြောစရာ ဘုံအကြောင်းအရာတွေက မရှိလေတော့ ကျွန်မအကြောင်းပဲ ပြောရတော့တာပေါ့။ ဒါပေမဲ့ ကြာလာတော့ ကျွန်မအကြောင်း နားထောင်ရတဲ့ သူငယ်ချင်းတွေကို အားနာလာရော. .အဲလိုနဲ့ စဉ်းစားမိတယ်။ ဘာလို့ blogမရေးတာလဲပေါ့။
တခြား ပေါက်ကရဆန်တဲ့ အကြောင်းရင်းတွေက ရှိပါသေးတယ်။ ဒါပေမဲ့ စာရှည်နေမှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ။
- Get link
- X
- Other Apps
Comments
Post a Comment