Featured post
- Get link
- X
- Other Apps
ကျွန်မနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ လူငယ်လူရွယ်တွေထက် အဘွားကြီးတွေက ပိုများပါတယ်။ (အဘိုးတွေကတော့ မရှိသလောက်ပါပဲ) အိမ်မှာနေကတည်းက အဘောင်မရယ် အဖီးမရယ်ဆိုပြီး အဘွားကြီးက ၂ယောက်၊ ၁၀တန်းကျတော့လည်း အဖွေဘက်က အဘွားနဲ့နေရ။ အဲဒီတော့ သူတို့သွားသမျှလိုက်ရ၊ အဲဒီမှာလည်း အဘွားကြီးတွေပဲ ပေါများ။ တစ်ယောက်တည်း အပြင်သွားတာတောင် (ဖော်ရွေတဲ့ပုံပေါက်လို့လားမသိ) အဘွားကြီးတွေက စကားလာပြော၊ အဲဒီတော့ ကိုယ်က ပြန်ပြောရ... အဲသလိုနဲ့ပဲ ကျွန်မကို အဘွားကြီးတွေက ဝန်းရံထားသလို ဖြစ်နေပါတော့တယ်။ အစက သူတို့အကြောင်းကို "ကျွန်မသိသော သူများအကြောင်း"ဆိုပြီး နာမည်ဝှက်တွေပေးလို့ ရေးမယ် စိတ်ကူးလိုက်ပါသေးတယ်။ နောက်တော့ အကြောင်းကြောင်းကြောင့် မရေးဖြစ်တော့ပါဘူး။ (ဘာကြောင့်လဲဆိုတာ ဒီမှာ ဖတ်နိုင်ပါတယ်)
အခုတော့ ကျွန်မသိတဲ့ အဘွားကြီးတွေရဲ့ ဘုံတူညီနေတဲ့ အချက်ကလေးတွေအကြောင်း ပြောပါ့မယ်။ အချက်တော်တော်များများနဲ့ ကိုက်ညီနေပြီဆိုရင်တော့ အဟမ်း… မပြောတော့ဘူးနော်
(၁) သူတို့ဟာ ကိုယ့်အမှားကိုယ်ဝန်ခံဖို့ တွန့်ဆုတ်ကြတယ်
အခြားသူတွေတော့မသိပေမဲ့ ကျွန်မပတ်ဝန်းကျင်က အဘွားတော်တော်များများကတော့ ကိုယ်မှားခဲ့တာကို ဝန်မခံချင်ကြဘူး။ သူတို့မှားတာကို ထောက်ပြလိုက်ရင် မျက်နှာကြီး စူပုပ်လို့ စကားဆက်မပြောတော့တာ၊ စကားလမ်းကြောင်းလွှဲပစ်တာ၊ သူတို့က ဘယ်လောက်အနစ်နာခံ ပြုစုခဲ့ကြောင်း ဂုဏ်ကျေးဇူးတွေကို ပြန်ဖော်ထုတ်တာ စတာတွေကို လုပ်တတ်ကြပါတယ်။ ဥပမာ ဒီမနက်ပဲ ဒေါသကြီးတတ်တဲ့ အဘောင်မကို စိတ်ထိန်းဖို့ အမေက ပြောမိပါတယ်။ အဲဒါကို အဘောင်မက အခုလို ပြန်ပြောပါတယ်။ "ငါက နင်တို့ငယ်ငယ်လေးကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရတာ၊ အခု အသက်၈၀ပြည့်တော့မယ် နင့်ထမင်းချိုင့်ကို ဆေးနေရတုန်း။ မနက်၄နာရီကထလို့ ညမိုးချုပ်အထိ ထမင်းချက် ဟင်းချက်၊ အဝတ်လျှော် လှန်း မီးပူတိုက်၊ ပန်းကန်ဆေး အိုးတိုက် အကုန်လုပ်လာတာဟဲ့"
ဘာကြောင့်လဲဆိုတဲ့မေးခွန်းအတွက် ခန့်မှန်းအဖြေတွေ အမျိုးမျိုးရှိပါတယ်။ ပထမတစ်ခုက သူတို့ကိုယ်တိုင်ကိုက မှားနေကြမှန်း မသိကြတာတဲ့။ မှားမှန်းမသိတော့ မှားတယ်ဝန်ခံဖို့က မဖြစ်နိုင်တော့ဘူးပေါ့။ နောက်တစ်ခုကတော့ ဂုဏ်သိက္ခာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီယဉ်ကျေးမှုမှာက အသက်ကြီးသူရဲ့ စကားကို နာခံရမယ်၊ မိဘစကား မြေဝယ်မကျနားထောင်ရမယ်ဆိုတာက အရိုးစွဲနေတဲ့ အစဉ်အလာကြီးဖြစ်ပါတယ် (ကျွန်မတို့လူငယ်တွေတော့ မပါဘူးပေါ့နော်)။ အဲသလို အတိုင်ပင်ခံ လူကြီးတွေက ဟိုဟာမှား ဒီဟာမှားဆိုရင် သူတို့ကို အငယ်တွေက ဘယ်အထင်ကြီးတော့မလဲ မဟုတ်ဘူးလား..
(၂) သူတို့က မေ့တတ်ကြတယ်
အသက်၁၀၀ရှိပြီဖြစ်တဲ့ ကျွန်မအဖီးမကတော့ စကားတစ်ခွန်းပြောပြီးလို့ ၃မိနစ်လောက်ကြာရင်ကို သူဘာပြောခဲ့သလဲဆိုတာ မေ့သွားပြီဖြစ်ပါတယ်။ အဲဒီတော့ ထပ်ခါထပ်ခါ ပြန်ပြောတာမျိုး၊ ကိုယ်က ထပ်ခါထပ်ခါ ပြန်ပြောနေရတာမျိုး လုပ်ရပါတယ်။ နောက် သူမေ့နေတာကို သတိထားမိသွားပြီဆိုရင်တော့ "အသက်ကြီးတော့ အမေ့ပိုလာတယ်" ဆိုတဲ့စကားကလေးနဲ့ ဖာထေးတတ်ကြပါတယ်။ သူမှ မဟုတ်ပါဘူး။ အသက်၇၀ကျော်အဘောင်မကလည်း မေ့တာပဲ။ ကျွန်မဘယ်အချိန်စာသင်ရမယ်ဆိုတာ မေ့တယ်၊ သူ့ပိုက်ဆံအိတ် ဘယ်နားထားခဲ့လဲဆိုတာ မေ့တယ်၊ စိတ်ပုတီးပျောက်တယ်၊ နောက်ဆုံး မနက်တိုင်းထုနေတဲ့ ကြေးစည်ပါပျောက်နေလို့ ကျွန်မကပဲ ပြန်ရှာပေးခဲ့ရပါရောလား (စကားမစပ် ကျွန်မလည်း မေ့တတ်တဲ့လူစားမျိုးဖြစ်ပါတယ်😂😂)
(၃) အရွှီးတော်ကြတယ်
ဒါက မေ့တတ်တာနဲ့ ဆက်စပ်နေပါတယ်။ အဖီးမက အသက်၁၀၀ဆိုတော့ သက်ကြီးပူဇော်ပွဲတွေ ခဏခဏသွားရပါတယ်။ အဲဒီမှာ အသိတွေနဲ့တွေ့၊ အရင်က အိမ်နီးနားချင်း ဖြစ်ခဲ့ဖူးသူတွေ၊ တပည့်ဟောင်းတွေ (သူက ဆရာမပါ)နဲ့ တွေ့ပါတယ်။ သူ့တပည့်တွေက သတင်းမေးကြ၊ ကန်တော့ကြတာပေါ့။ သူကတော့ ခပ်ပြုံးပြုံးနဲ့ စကားတွေပြန်ပြော၊ ဆုတွေပေးနဲ့ အဲ… သူ့တပည့်တွေလည်း ပြန်သွားရော ကျွန်မနားကို တိုးတိုးလေး ကပ်မေးပါတယ်။ "အဲဒါ ဘယ်သူလဲ" တဲ့။ ပြီးတော့ သူ့ရွှီးချက်အတွက်လည်း အကြောင်းပြချက်ပေးလိုက်ပါသေးတယ်။ "ငါက စကားသာပြောနေရတာ ဘယ်သူလို့ ဘယ်သူမှန်းလည်းမသိ၊ မပြောရင်လည်း ကန်တော့ငွေ ရမှာ မဟုတ်ဘူးလေ" တဲ့။
(၄) ပျက်စီးလာတဲ့ အာရုံခံပစ္စည်းတွေ
အသက်ကြီးလာတာနဲ့အတူ မျက်စိကလည်းမှုန်၊ နားကလည်းထိုင်း၊ ခါးကလည်းကိုင်းလို့ အငန်အရသာလည်း ပိုကြိုက်လာပါတယ်။ မျက်စိမှုန်တဲ့အပြင် အတွင်းတိမ်၊ ရေတိမ်တွေလည်းဖြစ်လို့ အားငယ်နေတာက ၂၀%လောက်ပါ။ ခါးဆန့်ရင် နာတယ်ဆိုပြီး ခပ်ကုပ်ကုပ်ကလေးလျှောက်တာက ၁၀%၊ ပေါ့တယ်ဆိုပြီး ဆားထည့်စားတာက ၅၀%၊ နားမကြားပေမဲ့ သူတို့ကို အော်ပြောရင် မကြိုက်တာကတော့ ၂၀% ဖြစ်ပါတယ်။
(၅) အံကပ်တပ်ရတာ မကြိုက်ကြဘူး
အသက်ကြီးလာတာနဲ့အမျှ သွားတွေအများကြီး ကျိုးလာတဲ့အတွက် အစာစားလို့ရအောင် သွားဆရာဝန်တွေက အံကပ်တပ်ပေးကြပါတယ်။ ဒါပေမဲ့ သူတို့က အစာစားတဲ့အခါ အံကပ်ကိုချွတ်ပြီး သွားဖုံးလေးနဲ့ ဝါးကြပါတယ်။ ဘာလို့လဲဆိုတော့ အာခေါင်မှာ တစ်ခုခုကပ်နေသလိုကြီး ခံစားရလို့ပါတဲ့။ အဲဒါဆို ဘာလို့များ ပိုက်ဆံအကုန်ခံပြီး အံကပ်လုပ်သေးလဲလို့မေးတော့ "သွားတွေမရှိရင် ငါတို့ပြုံးလိုက်တဲ့အခါ ရုပ်ဆိုးနေမှာပေါ့"တဲ့။
(၆) အလှကြိုက်ကြတယ်
လူတွေအကုန်လုံး အလှကြိုက်ကြပါတယ်။ ဒါပေမဲ့ အဘွားကြီးတွေ အလှကြိုက်ပုံကတော့ တစ်မူထူးပါတယ်။ သူတို့က အသက်အရွယ်ကိုထောက်လို့ လူငယ်တွေလို ပြင်ဆင်ပြန်ရင် "ဒီအဘွားကြီးက ဟော့ရှော့ပါလား"ဆိုတာမျိုး ကြားရမှာမို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အိန္ဒြေရှိရှိ အလှပြင်ကြတာမို့ပါ။ ဥပမာ ကျွန်မ အဘွားလေးတစ်ယောက်ဆို အသက်၆၀ကျော် ၇၀နီးလေတော့ ဆံပင်တွေလည်း ဖြူလာသပေါ့။ ဒါပေမဲ့ သူက ဆံပင်မဆိုးပါဘူး။ ဒီအဘွားကြီး အသက်ကြီးပြီး တရားအားမထုတ်ဘဲ အလှပြင်နေတယ်ပြောမှာစိုးလို့တဲ့။ ဒါပေမဲ့ ဆံပင်နက်ချင်လေတော့ ထောလပတ်ရွက်လို ဆံပင်နက်စေတဲ့အရွက်ကို အုန်းဆီထဲစိမ်လို့ လိမ်းပါတယ်။
ဒေါသကြီးတာတို့ အငြင်းသန်တာတို့ စိတ်ခံစားလွယ် ငိုလွယ်တာတို့ ကလေးထက်ဆိုးတဲ့ စိတ်ကောက်နည်းနဲ့ စိတ်ကောက်တာတို့ အမျိုးစုံ ရှိပါသေးတယ်။ ကဲ...ကျွန်မသိတဲ့အဘွားတွေက ရှင်တို့သိတဲ့ အဘွားတွေနဲ့ တူရဲ့လား
Comments
ဟုတ်တယ် ဒီမှာလည်း အဘိုးအဘွားတွေရဲ့ သဘောကအဲလိုပဲ။ အသက်ကြီးလာလေလေ ပိုခက်လေပါပဲ။
ReplyDelete