Featured post

သူများအကြောင်းပြောရတာ တော်တော်ခက်တယ်

 ကိုယ်မဟုတ်တဲ့ အခြားသူတစ်ယောက်အကြောင်း ပြောရတာ ရေးရတာ အင်မတန် တာဝန်ကြီးပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောမယ်ဆိုရင် ကောင်းကြောင်းပဲရေးရေး၊ မကောင်းကြောင်းပဲရေးရေး ထိခိုက်မှာက ကိုယ်ပဲမို့ စိတ်သက်သက်သာသာနဲ့ ရေးလို့ ပြောလို့ရပေမဲ့ သူများအကြောင်းပြောတဲ့အခါ မကောင်ကြောင်း သိပ်မပါအောင် အထူးသတိထားရပါတယ်။ ဘာလို့လဲဆို ရှေ့မှာတော့ လူမှုရေးအရ ဖော်ဖော်ရွေရွေဆက်ဆံနေပေမဲ့ နောက်ကွယ်ကျ သူ့မကောင်းကြောင်းတွေပြောနေတယ်ဆို ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးဆိုပြီး သွားပုပ်လေလွင့်ပြောတတ်သူလို့ နာမည်တပ်ခံရမယ်လေ။ နာမည်တပ်ခံရရုံအပြင် ကိုယ့်ကိုပါ ဝိုင်းလို့ကြဉ်ကြမှာဖြစ်ပါတယ်။ အိုး... ဒီလူက ငါ့အကြောင်းလည်း ကွယ်ရာမှာ ပြောချင်ပြောနေဦးမှာ ဆိုပြီးတော့ပေါ့။ (အဲဒါကြောင့် ကျွန်မက အရမ်းရင်းနှီးတဲ့လူတွေကလွဲရင် အပြင်မှာ စကားသိပ်မပြောပါဘူး)

စာထဲထည့်ရေးမယ်ဆိုရင်ရော. . . ?

သူတို့ တစ်ယောက်ချင်းစီအကြောင်းကို မရေးခင် ခွင့်ပြုချက်အရင်တောင်းရဦးမယ်၊ ပြီးရင် ကိုယ်ရေးထားတဲ့မူကြမ်းကို ပြရဦးမယ်၊ သူတို့မကြိုက်တာကို ပြန်ပြင်ပေးရဦးမယ်၊ သူတို့က သူတို့အကြောင်းကို လုံးဝမပြောပါနဲ့လို့ ပိတ်ပင်လိုက်တာလည်း ရှိချင်ရှိမယ်၊ ဒါပေမဲ့ သူတို့မသိအောင် ခိုးရေးပြန်ရင်လည်း ethicနဲ့ မညီပြန်ရာကျမယ်... သူများအကြောင်း သူငယ်ချင်းအချင်းချင်း အတင်းတုပ်တာက တစ်မျိုး၊ blogမှာတင်ပြီး လူသိရှင်ကြား ကြေညာတာက တစ်မျိုး မဟုတ်ပါလား..

တစ်ခါက (အမှန်က တစ်ခါနှစ်ခါလည်း မကတော့ပါဘူး😂) သူများအကြောင်းရေးလို့ ရေးတဲ့အကြောင်း ကာယကံရှင်ကို သွားပြောမိတဲ့အခါ သူက တော်တော်ထိတ်လန့်သွားတဲ့ပုံနဲ့ "ကောင်းကြောင်းတွေပဲ ရေးထားတာ ဖြစ်ပါစေနော်"လို့ ဆုတောင်းနေရော။ ဖတ်ပြီးတဲ့အခါကျ "ငါ့ကို မကောင်းများ ထင်လေတော့မလား"လို့ လာပြန်ပြောပါတယ်။ ကျွန်မကတော့ သူ့ကို မကောင်းဘူးလို့ထင်အောင် ရေးတာတော့မဟုတ်ရပါဘူး။

အဲဒီတော့ ပြောချင်တာက ဒီblogမှာ တစ်ယောက်ယောက်အကြောင်း ရေးထားတာတွေ့လို့ သူ့ကို မကောင်းမြင်သွားမယ်ဆို အဲဒါ သူ့ဖြစ်တည်မှုပုံစံမဟုတ်ဘဲ သူ့ကို ပြန်လည်ပုံဖော်တဲ့ ဟောဒီအကျွန်က မပီပြင်လို့သာ ဖြစ်ပါကြောင်း…

Comments