Featured post

စိတ်ပျက်ခြင်းများစွာ.. ပြီးတော့ ပြန်လည်ရှေ့ဆက်ခြင်းများစွာ


 မနေ့က စာရေးမယ်ဆိုပြီး အရင် blogမှာ တင်ထားသမျှတွေ ဖတ်မိပါတယ်။ အဲဒီမှာ အရင်က မျှော်လင့်ချက်တွေ များခဲ့ပုံ၊ ပြီးတော့ အထင်နဲ့အမြင် မကိုက်တာမို့ စိတ်ပျက်လက်ပျက်ဖြစ်ရပုံ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားတင်ပြီး အသစ်သော ခြေလှမ်းတွေ လှမ်းရပုံကို တွေ့ရတယ်ပေါ့လေ။ 


အမှန်တကယ်ပဲ မနှစ်က စိတ်ပျက်စရာတွေ အများကြီး တွေ့ခဲ့ရပါတယ်။


အားကျမိတဲ့သူကို စိတ်ပျက်ခြင်း

ဖတ်မိလိုက်လားတော့ မသိဘူး။ ကျွန်မ အချိန်ပြည့်အလုပ် ရဖို့အတွက် အင်တာဗျူးဖြေတုန်းက အလုပ်ရှင်ကို အရမ်းအားကျခဲ့ရတာဆိုတာလေ။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ ‌ဒါပေမဲ့ မမောက်မာဘဲ နွေးထွေးတယ်၊ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကိုလည်း တည်ထောင်ထားနိုင်တယ် စသဖြင့်ပေါ့ တွေးပြီး သူ့လို ဖြစ်ချင်တယ် ပြောခဲ့တယ်ပေါ့လေ။ အခုတော့ "ငါသာ လုပ်ငန်းရှင်ဖြစ်ရင် သူ့လိုမဟုတ်အောင် ကြိုးစားရမယ်" ဆိုပြီးတွေးမိတဲ့အထိပါပဲ။ စိတ်လေလိုက်တာ။ ဘယ်လိုများပြောင်းလဲသွားတာပါလိမ့်။ သူက ပြောင်းလဲတာလား ကျွန်မကပဲ ပြောင်းလဲသွားတာလား၊ ဘယ်လိုလဲပေါ့။ 

လူတွေကို စိတ်ပျက်ခြင်း

လူတွေကို စိတ်ပျက်နေတာတော့ ၅တန်းတုန်းက သူဌေးကျောင်းကို ပြောင်းလာမိတဲ့အခါ အဲဒီမှာ တက်နေတဲ့ ညှောင်နာနာအသံနဲ့ကောင်လေးတစ်ယောက်က "နင်က ktvမှာ လုပ်လို့ ဒီမှာ လာတက်နိုင်တာလား" လို့ မေးလိုက်တဲ့အချိန်ကတည်းကပါပဲ။ "ဪ ဘုရားဘုရား လူက လက်တောင့်လောက်ပဲရှိသေး ဒါမျိုးတွေလည်း တတ်တာလား" ပေါ့။ နောက် ၈တန်းတုန်းက တစ်ခန်းလုံး ဝိုင်းမခေါ်ကြတဲ့အချိန်ရော၊ အလုပ်မှာ ကိုယ်က ချစ်ခင်ရပါတယ်ဆိုသူက ကိုယ့်ကို စိတ်ထဲမရှိတဲ့အချိန်ရော(ကိုယ့်အကြောင်း မေးဖော်တော့ရပါတယ်၊ ဘာမေးလဲဆိုတော့ လစာ ဘယ်လောက်ရလဲတဲ့😑) အို... လူတွေကို သူတို့မျက်နှာပဲကြည့်ပြီး အားနာနေလို့မရဘူး။ ကိုယ်လည်း မကြိုက်ရင် မကြိုက်ကြောင်း ပြောရမယ်၊ နို့မို့ရင် "ကိုယ်ကတော့ မပြောဘဲ ကြိတ်မှိတ်လိုက်ရတာ သူတို့ကတော့ နေသာတယ်" ဆိုပြီး ဖြစ်မယ်။ အဲလိုပေါ့။

ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခြင်း

ဒါကတော့ ခံရအခက်ဆုံးပါပဲ။ ဒါက ကျောင်းလျှောက်ဖို့ proposalရေးမှ ပိုသိလာတာ။ ဆရာကြီးကလည်း လုပ်ချင်၊ ကဲပြောစမ်းဆိုတော့ မသိတော့ဘူး၊ သူများက ကူညီမယ်ဆိုတော့လည်း စောဒကတက်ချင်တယ်၊ ကိုယ့်ဟာကိုယ်လုပ်ဆိုတော့ သနားစာနာစိတ်မရှိဘူးတဲ့။ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိတော့ပါဘူး။ 


ဒါပေမဲ့လည်းပေါ့လေ.. စိတ်ပျက်ပြီးတိုင်း ကောင်းတာလေးတစ်ခုဖြစ်လိုက် စိတ်ပြေလိုက်၊ ပြန်ထပြီး ဆက်လုပ်လိုက်နဲ့သွားနေရတာပါပဲ။ တက်နေတဲ့ကျောင်းက လူတွေကို မကြိုက်နေတာနဲ့ သူတို့နဲ့ ကွဲရတော့မယ်ဆိုပြီး ၁၀တန်းမှာ အားရဝမ်းသာတွေဖြစ်၊ နောက် ကိုယ်ရချင်တဲ့ မေဂျာရတော့ ပျော်။ ကိုယ့်လက်ရှိဝင်ငွေကို မကြိုက်တာနဲ့ အချိန်ပြည့်အလုပ်တစ်ခု မရရအောင်ရှာလုပ်ခဲ့တာ၊ အဲဒီအလုပ်ကို စိတ်ပျက်တော့ ကိုယ်ပိုင် youtube channelကို သေချာrunဖို့ ဆုံးဖြတ်တာ၊ အဲလိုနဲ့ ငြိမ့်နေရင်း ဖုန်းရော tabletရော ပျောက်သွားတော့ "ဒီနိုင်ငံမှာ ဆက်နေလို့ မဖြစ်တော့ဘူး" ဆိုပြီး ကျောင်းလျှောက် အလုပ်လျှောက်ဖို့ လုပ်တာ စတာတွေဟာ လောကကြီးကို စိတ်ပျက်လိုက် အဲဒီကနေမှ ပြန်ရှေ့ဆက်လိုက် သွားနေတာပဲပေါ့လေ။ အရင်ကျေးဇူးတင်ကြောင်း ရေးတဲ့အထဲမှာ ပြောထားသလိုပဲ စိတ်ပျက်အောင် လုပ်ခဲ့သူသာ မရှိဘူးဆို ဒီအရှေ့ကို ရောက်လာမှာ မဟုတ်ဘူးပေါ့လေ။ ခက်ခဲတဲ့နေ့ရက်တွေ ရှိရင်လည်း ဒီလိုနေ့တွေ ပြီးဆုံးသွားတဲ့နေ့ကို စိတ်ထဲတွေးပြီး ပျော်ပျော်ကြီး ခက်ခဲလိုက်မယ်ပေါ့လေ။ သီချင်းထဲကလိုပဲ "ငိုရတဲ့ဇာတ်ပဲဖြစ်ဖြစ် ပိတ်ကားမဆုံးမချင်း ပြီးအောင် ကမယ်" ဆိုတာမျိုးပေါ့။ 


P.S. ကျောင်းလျှောက်ထားတာက အင်တာဗျူးခေါ်လို့ အခု ဘန်ကောက်ရောက်နေပါတယ်။ (အင်တာဗျူးပြီးမှပဲ တောသူမ မြို့ရောက်တဲ့အကြောင်း ရှင်တို့ ရယ်ရအောင် ရေးပေးဦးမယ်။ တကယ့်ကို ဟာသပဲ။) အရွေးခံရအောင် ဆုတောင်းပေးကြပါဦး။



Comments