Featured post
- Get link
- X
- Other Apps
ဒီနေ့တော့ စိတ်ပူစရာကိစ္စတွေ ပြီးသွားလို့ တော်တော်ချမ်းသာနေပါတယ်။ (စိတ်ပြောတာ စိတ်) ကျွန်မမှာ အစွဲတစ်ခု ရှိပါတယ်။ ကိစ္စအကြီးကြီးလုပ်ရင် ဘယ်သူ့ကိုမှ မပြောရဘူး ဆိုတာပါ။ "ပြောရင် ရည်ရွယ်ထားတာ ပျက်သွားလိမ့်မယ်" ဆိုပြီး စိုးရိမ်နေတာပါ။ (ပျက်ချင်လည်း ပျက်မယ်၊ မပျက်ချင်လည်း မပျက်ဘူးပေါ့) အဲသလိုနဲ့ အကြွားသန်တဲ့ကျွန်မဟာ တအုံတနွေးနွေး အသည်းယားစွာပဲ ကျိတ်ကြံပါတယ်။ (ကျောင်းတက်မှာ အလုပ်လျှောက်မှာ အဲလိုကိစ္စတွေကို ပြောပါတယ်)
ဒီတလော ကျွန်မ လုပ်ကြည့်နေတာတစ်ခု ရှိပါတယ်။ ကျွန်မ ထိုင်းမှာ အလုပ်လျှောက် ကျောင်းလျှောက် လုပ်နေတာပါပဲ။ အစကတော့ စမ်းလုပ်ကြည့်တာ.. ရလည်းရ မရလည်း ကိစ္စမရှိ၊ ဒီမှာပဲ အဆင်ပြေအောင်နေတော့မယ် ဆိုပြီးပေါ့။ ဘယ်လိုကနေ ဘယ်လို အတည်ဖြစ်သွားလဲ မသိဘူး။ အခု introduction video တွေလည်း ရိုက်ရ၊ thesis proposalတွေလည်း ရေးရနဲ့ အတော်အလုပ်များသွားပါတယ်။ တောက်လျှောက်လည်း စိုးရိမ်နေတာပေါ့။ အခု ဖုန်းတွေ ပျောက်ရတဲ့အထဲ visaတွေတင်၊ လေယာဉ်လက်မှတ်တွေဝယ်ပြီး ၁၀သိန်းလောက်ကုန်တော့ ပိုဆိုးတယ်။ ပိုက်ဆံကုန်ပြီး အကျိုးမဖြစ်ရင် ငါတော့ သွားပါပြီဆိုတဲ့စိတ်က နေ့နေ့ညည နှိပ်စက်နေတော့တာပါပဲ။
ကျှန်မမှာ ဒီလို general anxiety ရှိတာ အခုမှ မဟုတ်ပါဘူး။ မှတ်မိသလောက်ဆို ငါးတန်းလောက်ကတည်းကကို "ငါဒီနေ့ အဆိုးတွေ ကြိုတွက်ပြီး မစိုးရိမ်ထားရင် မထင်ထားတဲ့ အဆိုးတွေ ဖြစ်လာလိမ့်မယ်" ဆိုပြီး တွေးမိခဲ့တာပါ။ အဲဒီလောက်ကတည်းက အတွေးလွန်တဲ့ ဝါသနာ စခဲ့တယ်ဆိုပါတော့။ အဲဒီအကျင့်ကြီးစွဲလာလိုက်တာ အခုဆို ၁၆နှစ်ရှိပါပြီ။ ဒါပေမဲ့ အခုတော့ ထူးဆန်းစွာပဲ ငှက်တောင်လေးလို ပေါ့ပါးလို့နေပါတယ်။ ဘဝရဲ့ အဆိုးဆုံးဆိုတာပဲ ဖြစ်လိုက်လို့လား... ရင့်ကျက်သွားလို့လားတော့ မသိ။
ဒီနေ့ train the trainer workshopတစ်ခု သွားမိပါတယ်။ အဲဒီကဆရာတွေက အရမ်းနွေးထွေးပြီး genuinely supportive ဖြစ်ကြသူတွေပေါ့ရှင်။ အဲဒီကနေ မှတ်မိလိုက်တဲ့ စကားတစ်ခွန်းရှိတယ်။ "အမှားလုပ်တာမဟုတ်ဘူး။ အတွေ့အကြုံတစ်ခုကို ယူလိုက်တာ"တဲ့။ ဖြစ်လိုက်တဲ့ဟာတစ်ခုကနေ တစ်ဆင့်တိုးတက်မှုရသွားတယ်ဆိုတာက အမြတ်ပေါ့ အဲလို။ "ငါတော့ သွားပါပြီ" လို့ တွေးထင်နေသူတစ်ယောက်အတွက်တော့ ခွန်အားဖြစ်စေတာပါပဲ။ (ဘဝမှာ မိုတီစကားကြားပြီး မိုတီရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိ Lol)
အဲလိုနဲ့ ထိုင်းကို သွားဖို့ ပြင်နေကြောင်းကို အဲဒီမှာတွေ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့ကို ပြောပြဖြစ်တယ်။ သူတို့က "ရမှာပါ"လို့ အေးဆေးတုန့်ပြန်တာကို သတိထားမိတယ်၊ တစ်ဆက်တည်းမှာပဲ ကျွန်မစိတ်ထဲ စိုးရိမ်စိတ်ကြီး မရှိနေတာကိုလည်း သတိထားမိတယ်။ ဒီလိုမခံစားရတာ ဘယ်လောက်တောင် ကြာနေပါပြီလိမ့်။
အခုတော့ကွယ် . . . ဘာပဲဖြစ်ဖြစ်ပေါ့လေ ဆက်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီပေါ့။ နားတာလည်း ၆လတောင်ရှိပြီဆိုတော့ ပြန်အလုပ်လုပ်ဖို့ အားတွေ ရှိနေပြီ။ ကျောင်းပဲဖြစ်ဖြစ် အလုပ်ပဲဖြစ်ဖြစ် ရလာပါစေ။ အကောင်းဆုံး လုပ်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မ ၂၀၂၀ကျော်စကာလများကို ပြန်သွားချင်တယ်လို့ ခဏခဏပြောခဲ့တယ်နော်။ ဝမ်းသာစရာတစ်ခုက အဲဒီကာလက ကျွန်မကို ပြန်ရှာတွေ့သွားပြီလို့ ပြောပါရစေ။ (ပိုကောင်းတဲ့ versionတစ်ခုအနေနဲ့ ပြန်တွေ့လိုက်တယ်ပေါ့) မကောင်းတာတွေ ကြုံရင် ရယ်လိုက် မောလိုက် လောင်လိုက်နဲ့ ဖြတ်ကျော်လိုက်မယ်၊ ကောင်းတဲ့ကိစ္စတွေဖြစ်ရင် တဝကြီး ပျော်လိုက်ပါမယ်။ ကျွန်မက ဘဝကို အပြည့်အဝ ခံစားချင်တဲ့သူမဟုတ်လား။
အရင်တုန်းက ကျွန်မကို ဒုက္ခပဲပေးပေး ဘာပဲပေးပေး အခုလို အခြေအနေရောက်အောင် တွန်းပို့ခဲ့သူများကို ကျေးဇူးတင်ပါတယ်ရှင်။ (တကယ်ပြောတာနော် 🤓) သူတို့သာ မရှိရင် အခုသိတာတွေလည်း သိမှာမဟုတ်ဘူး၊ အခုလို ခံစားတာတွေလည်း ခံစားတတ်မှာ မဟုတ်ဘူး။ ဒီတော့ တကယ်ကို အသည်းထဲက ကျေးဇူးတင်ပါတယ်။ ဒီလို အေးချမ်းတဲ့စိတ်လေးလည်း နောက်ကြာတဲ့အထိ ရှိနေပါစေလို့ ဆန္ဒပြုပါတယ်။
- Get link
- X
- Other Apps
Comments
Post a Comment