Featured post
- Get link
- X
- Other Apps
တံမြက်လှည်းပြီးနောက် အခန်းတံခါးဝသို့သွားကာ နောက်ပြန်လည်ကြည့်သည်။ တစ်စုံတစ်ခုကို သဘောမကျဟန်ဖြင့် အခန်းထောင့်မှ စားပွဲကို ရှင်းလင်းသည်။ စာအုပ်များကို ယူကာ ဂုန်နီအိတ်အဖြူထဲသို့ စီထည့်သည်။ စားပွဲအောက်ဗီရိုအကန့်လေးမှ ပန်းနုရောင်စားပွဲခင်းကို ထုတ်ခင်းသည်။ အနားများကို ကို သေချာဆန့်သည်၊ သိပ်မလှသည်များကို နံရံဘက်လှည့်ပြီး အောက်ကို ထိုးထည့်လိုက်သည်။ စာအုပ်ထုပ်ကြီးကို အိပ်ခန်းမှ ဧည့်ခန်း၊ ဧည့်ခန်းမှ အိမ်အပြင်ဘက် အမှိုက်ပုံးနားသို့ ယူသွားသည်။ ခဏနေ စက္ကူဝယ်သည့်လှည်း လာသည့်အခါ ယူသွားကြလိမ့်မည်။
သန့်ရှင်းခြင်းအမှုကိစ္စပြီးပြီ။ မိန်းမပျိုသည် ယခင်ကတည်းက ထုတ်ပိုးထားပြီးဖြစ်သည့် suitcaseနှင့် ကျောပိုးအိတ်တစ်လုံးကို ဆွဲကာ အခန်းပြင်ထွက်လာသည်။ ဧည့်ခန်းရှိ ဆက်တီတွင် အထုတ်များကို မေးတင်ထားခဲ့ပြီး ပြတင်းပေါက်များကို ပိတ်သည်၊ လိုက်ကာများကို ဆွဲစိပစ်သည်။ ပြီးလျှင် တစ်အိမ်လုံးကို လိုက်လံစစ်ဆေးသည်၊ ပြတင်းပေါက်များ ပိတ်မပိတ်၊ မီးခလုတ်များ ပိတ်မပိတ်။ စိတ်တိုင်းကျမှ စောစောက တင်ထားသည့် အထုတ်များနှင့် အိမ်ပြင်ထွက်လာသည်။ တံခါးမကြီးကို သော့ခတ်သည်။ ခြံတံခါးပိတ်ပြီးခါမှ ပလတ်စတစ်လောင်းထားသည့် စာရွက်တစ်ရွက်ကို ကပ်သည်။ "အိမ်ရောင်းမည်။ ဆက်သွယ်ရန် ..."
suitcaseကို ဆွဲ၊ လွယ်အိတ်ကို လွယ်ကာ လမ်းလျှောက်သွားသည်။ လမ်းအဆုံး၊ ကုန်းမြေအဆုံး၊ ဟိုး မိုးကုတ်စက်ဝိုင်းလွန်သည်အထိ။ သူဖျောက်ဖျက်ပစ်ခဲ့သည့် သဲလွန်စများကို တစ်စချင်းကောက်ယူကာ ခြေရာခံလိုက်မည့်သူတစ်ယောက် ကျန်ရစ်သည်ကို သိရှိပါမူ ရောက်ရာအရပ်မှ အမြန်ဆုံးရောက်အောင် လှည့်ပြန်ပေလိမ့်မည်။
Comments
Post a Comment