Featured post
- Get link
- X
- Other Apps
စိတ်ညစ်လို့ ဒီပေါ်ပြန်ရောက်လာပါပြီ။ အရင်ဆုံး updatesလေးတွေ အရင် ပြောပါရစေ။
မနှစ်က ကျွန်မအလုပ်က အချိန်ပိုင်းပြောင်းသွားပြီးနောက် အချိန်တွေ အလွန်အားလပ်နေပါတယ်။ ဒီဇင်ဘာမှာ ညီမတော်ကလည်း သူ့အလုပ်ကနေထွက်ပြီး စားသောက်ဆိုင်ဖွင့်ပါတယ်။ ရောင်းတာကတော့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲတို့ပါ။ အားနေတာနဲ့အတော်ပဲဆိုပြီး ဝင်ကူပါတယ်။ သူများဆိုင်တွေ ရောင်းရတာမြင်တော့ အားတက်စရာကြီးဆိုပေမဲ့ ကိုယ့်ဆိုင် မရောင်းရရင်တော့ အတော်ကို စိတ်ညစ်စရာကြီး ဖြစ်ပါတယ်။ "စစချင်းဆိုတော့လည်း ဒီလိုပဲပေါ့လေ" လို့စိတ်ဖြေရပေမဲ့လည်း အခြေအနေက အတော်ဆိုးပါတယ်။ ဘယ်လောက်တောင်လဲဆို ဝယ်ဖို့ကိုထား၊ ဆိုင်တံခါးကြီး ဖွင့်ပြီး ထားပစ်ခဲ့ရင်တော် ပစ္စည်းဝင်ခိုးမဲ့သူ မရှိတဲ့အထိပါ။ 🌚🌚
စစချင်းတုန်းက ရေခဲသေတ္တာလည်း မရှိတော့ သိုးလွယ်တဲ့စားစရာတွေကို အိမ်က ရေခဲသေတ္တာမှာ ထည့်၊ မနက်ဆို အထုတ်ကြီးအထုတ်ငယ်သယ်ပြီး ဆိုင်သွား၊ ညနေဘက်ဆို ပြန်သယ်လာနဲ့ အင်မတန် အလုပ်ရှုပ်ပါတယ်။ ရယ်ရတာက ဆီချက်ခေါက်ဆွဲလုပ်ဖို့ ကြက်သားကို တစ်ပွဲစာစီ ညီမတော်က portion ခွဲထားပါတယ်။ အဲဒါတွေ ဆိုင်မှာထားရင် ပုပ်ကုန်မှာမို့ လာဝယ်သူရှိမှ အိမ်ကနေ တစ်ထုပ်စီ ပို့ပေးရပါကြောင်း 🤣🤣(အမေနဲ့ ကျွန်မတို့က "အောက်ကဆိုင်မှာဆို ကြက်သားကို ပြုတ်ထားလိုက်တာ အဲဒီတော့ ကြာကြာလည်းခံတယ်၊ အိမ်ကနေ ပြန်မယူရတော့ မြန်လည်းမြန်တယ်" လို့ ပြောပေမဲ့ သူက "မကုန်ရင် ဘယ်လိုလုပ်မလဲ၊ ရှုံးမှာပေါ့" ဆိုပြီး ပေတေနေပါတယ်။ ဒီတော့ ကျွန်မတို့ကပဲ အခေါက်ခေါက်အခါခါ အိမ်ပြန်လိုက် ဆိုင်သွားလိုက် လုပ်ရလေသတည်းပေါ့ 😑)
ဆိုင်မှာလိုသမျှလည်း ကျွန်မတို့က ပေးရပါတယ် (သူ့မှာ ပိုက်ဆံတစ်ပြားမှ မရှိဘူးလေ၊ ပိုက်ဆံလည်း မရှိဘဲ ဆိုင်ဖွင့်ဖို့ ဘယ်လိုအကြံပေါက်လဲ မသိပါဘူး။ အား. . . ဟုတ်သားပဲ သူဘာလုပ်လုပ် ထောက်ခံမဲ့ မာတာမိခင်ရယ် ဆပို့ပေးမဲ့ ဖခမည်းတော်ရယ် ဘာလိုလို အကုန်တောင်းလို့ရတဲ့ ငွေရှာစက် ကျွန်မကြီးတစ်ယောက် ရှိနေတာပဲလေ) ဆိုတော့ ကျွန်မတို့က ငွေလည်းပေးရ၊ လုပ်အားလည်း စိုက်ရတဲ့အပြင် အခန့်မသင့်ရင် သူငေါက်တာပါ ခံရပါသေးတယ်။ ရှင်တို့ပဲ စဉ်းစားကြည့် ကျွန်မတို့က "တီချယ်ရေ" "ဆရာမရေ" ဆိုပြီး အခေါ်ခံနေကျ၊ လေးစားခံနေကျမှာ "ဒါတောင် မသိဘူးလား" ဆိုပြီး လူရှေ့မှာ အဟောက်ခံရတော့ သူ့ကို ဆက်ပြီး လုပ်ပေးချင်ပါဦးမလား။ အဲဒါနဲ့ စိတ်ကောက်ပြီး မကူဘဲနေလိုက်၊ နောက် သနားပါတယ်လေ ဆိုပြီး သွားကူလိုက်နဲ့ လုံးလည်လိုက်နေပါတယ်။
ဆိုင်ရှေ့မှာ ပိတောက်ပင်တစ်ပင် ရှိတယ်။ အမေက ညီမတော်အတွက် ဗေဒင်သွားမေးတော့ (ကျွန်မအတွက်ကျ ဘာမှ မမေးဘူးတဲ့လေ။ အဲဒါနဲ့ သူ့ကို စိတ်ကောက်) အဲဒီပိတောက်ပင်က ရုက္ခစိုးက ညီမတော်နဲ့ အရင်ဘဝတုန်းက အမျိုးတော်တယ်ဆိုလား အဲဒါကြောင့် ပူဇော်ပါ ပသပါ ဘာညာပေါ့ ပြောလိုက်တယ်တဲ့။ အမေတစ်ယောက် ဗေဒင်ဆရာဆီက ပြန်လာပြီးနောက်ပိုင်း ညနေဆို ပရိတ်ရွတ်ပြီး အဘရုက္ခစိုးဆိုပြီး တိုင်တည်ရတာ အမော။ ညီမတော်ကိုလည်း ရေချမ်းတင်ဟဲ့ ပန်းတင်ဟဲ့ဆိုပြီး ပြောရတာ အမော။ ဒါပေမဲ့ သူ့ချစ်သမီးလေးက သူ့ကို တရားအစစ်အမှန်ကို မသိဘဲ နတ်ကိုးကွယ်တဲ့ဒိဋ္ဌိ ဆိုပြီးပြောလို့ စိတ်ဆင်းရဲရပြန်သတဲ့။ အဲဒါနဲ့ မနေနိုင်တဲ့ ကျွန်မကပဲ အမွေးတိုင်ထွန်း ဖယောင်းတိုင်ထွန်း ရေချမ်းလဲ အမှုကိစ္စတွေ လုပ်ရရရော။
လုပ်ရတော့ ကျွန်မ၊ ရောင်းကောင်းလာတာက သူ့ဆိုင် (ကြာလာတော့ လူသိလာပြီး ဝယ်လာကြတာလည်း ဖြစ်နိုင်တာပေါ့လေ) ဖခမည်းတော်ကလည်း ရေခဲသေတ္တာတစ်လုံး ပေးလာတော့ အဆင်ပြေသွားတယ်ပေါ့။ ဆိုင်မှာလည်း အလုပ်ရှုပ်တဲ့ မုန့်ဟင်းခါးကို ဖြုတ်ပြီး လူစားများတဲ့ ချဉ်ချဉ်စပ်စပ် အထောင်းမျိုးစုံ၊ ကင်ချီခေါက်ဆွဲပြုတ် ဘာညာတွေလည်း ထည့်ရောင်း၊ ရှမ်းခေါက်ဆွဲ တို့ဟူးနွေး ဘာညာလည်း ရောင်းတော့ ရောင်းအားတက်လာတယ်ပေါ့လေ။ သူများဆိုင်လို ၅သောင်းဖိုးလောက် နေ့တိုင်းမရောင်းရပေမဲ့ ငုတ်တုတ်ထိုင်နေရတဲ့နေ့တွေ မရှိတော့ဘူးပေါ့။
တဖြည်းဖြည်း ရောင်းရလာတော့ ညီမတော်လည်း စိတ်ကြည်လာတယ်ထင်ပါရဲ့။ သူ့ဘာသူ ဈေးဝယ်၊ ဆိုင်သွားဖို့ကို စိတ်အားတက်ကြွလာတယ်။ ကျွန်မတို့ကလည်း ညှိထားကြတယ်၊ နေ့လယ်ဘက် အရောင်းပါးချိန်လောက်ဆို လာပြီး ဆိုင်စောင့်ပေးမယ်၊ သူက အိမ်ပြန် ရေချိုး ထမင်းစား ပြီးပြန်လာ၊ ကျွန်မတို့က အိမ်ပြန် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဆိုင်သိမ်းခါနီးသွားကူပေါ့။ အဲဒါက အဆင်ပြေနေတုန်း တစ်နေ့မှာ ထီပေါက်ပါလေရော။ ဆိုင်က မရောင်းရတာတင်မဟုတ် ဝင်ခိုးမဲ့သူတောင် မရှိဘူးဆိုပြီး ကျွန်မပြောထားတယ်မလား။ ကျွန်မစိတ်ထဲမှာ အဲလိုပဲတွေးပြီး ပေါ့ပေါ့ဆဆ နေမိတယ်ပေါ့။ (ပေါ့ပေါ့ဆဆဆိုတာ အလုပ်လုပ်ဖို့ဆိုပြီး ယူလာတဲ့ ဖုန်းတို့ တက်ဘလက်တို့က စားပွဲပေါ်တင်ပြီး ဟိုလုပ် ဒီလုပ် လုပ်နေမိတာပါ) ဆိုင်စောင့်ဖို့ နေ့လယ်ဘက် ရောက်နေတုန်း (ကျွန်မကလည်း ညီမတော်ကို အိမ်ပြန်တော့ အိမ်ပြန်တော့ဆိုပြီး တိုက်တွန်းလို့မှ မဆုံးသေး) ဆိုင်ကယ်နဲ့ စုံတွဲတစ်တွဲ လာပါလေရော။ မိန်းမဖြစ်သူက ဝင်ထိုင်ပြီး သင်္ဘောသီးထောင်း ၂ပွဲ၊ ရှမ်းခေါက်ဆွဲ ၄ပွဲ မှာပါလေရော။ အမလေး ရှမ်းခေါက်ဆွဲဖတ်ကို မပြုတ်လိုက်ပါနဲ့တဲ့ ပြုတ်ရင် မကောင်းဘူး ဖြစ်သွားမှာစိုးတယ်ဆိုပဲ။ ကျွန်မက အလုပ်လုပ်ဖို့ ထိုင်နေတာကို ညီမတော်က "ဝင်ကူလေ" ဆိုပြီး တစ်ချက်ဟောက်လိုက်တယ်။ ကျွန်မလည်း ပြာပြာသလဲ သင်္ဘောသီး ခြစ်နေရရောပေါ့။ အဲဒီမိန်းမက ကျွန်မ ချထားတဲ့ တက်ဘလက်နဲ့ ဖုန်းကို မြင်ပြီး အလစ်သုတ်ချင်ဟန်တူပါတယ်။ ဟင်းပွဲလည်း မရသေးဘဲ ပိုက်ဆံရှင်းရော၊ ညီမတော်က မှားပြီး ဈေးလျှော့တွက်တာကို ပြင်ပေးလိုက်သေး၊ ငွေချေ၊ ပြီး လမ်းထိပ်ခဏဆိုပြီး ထွက်သွားရော။ အဲဒီမှာ ကျွန်မဟာတွေ ပါသွားလောက်ပြီ။ ဒါပေမဲ့ ဟောဒီကျွန်မကြီးကလည်း သင်္ဘောသီးကိုပဲ မဲနေတော့ ကိုယ့်ဟာကိုယ် သတိမရ၊ ထောင်းပြီးလို့ ကြည့်လိုက်မှ အားလားလား "ဟဲ့ ငါ့ဟာတွေ ဘယ်မလဲ" ဆိုမှ ညီမတော်က မျက်နှာငယ်နဲ့ "ဟင်" ဆိုပြီး ဟိုရှာဒီရှာ လုပ်နေတယ်။ "နင် ပိုက်ဆံရှင်းတုန်းက မမြင်လိုက်ဘူးလား" ဆိုတော့ မသိဘူးတဲ့တော်။ သိစရာလည်း မလိုဘူးလေ၊ သူ့ဟင်းပွဲအတွက်က ပိုက်ဆံရပြီးသား၊ ရှမ်းခေါက်ဆွဲကလည်း အဖတ်ကို မပြုတ်ရသေးတော့ နောက်လူရောင်းလို့ရ အဆင်သင့်ပဲ။ ကျွန်မမှာပဲ ဆုံးသွားတာ။ အမေကို ဖုန်းဆက်ပြော၊ အဖေကို ဖုန်းဆက်ပြော အကုန်လုံးက ကျွန်မကိုပဲ အပြစ်တင်ကြ။ ညီမတော်ကပါ "ငါဆို ကိုယ့်ဟာကိုယ် သိမ်းထားတယ်၊ နင်က အဲဒီမှာ ချထားလို့ ခံရတာ" ဆိုပြီးပြောတော့ မခံပြင်းဘဲ နေမလား။ အဲဒီတည်းက စပြီး ကိုယ့်ကိစ္စမဟုတ်ရင် ဈေးရောင်းပေးဖို့သက်သက်ကြီး ဆိုင်မသွားတော့ဘူး။ မကျေနပ်ဆုံးကတော့ ဟိုအဘရုက္ခစိုးဆိုတဲ့ သတ္တဝါပဲ။ ဘယ့်နှယ် သူ့အမျိုးကျ ဟင်းပွဲလည်း မဆုံးရအောင် လုပ်၊ ပိုက်ဆံလည်း အပြည့်ရှင်းပေးသွားပြီး သူ့ကို နေ့တိုင်း မီးထွန်း ရေတင် လုပ်နေတဲ့သူဆီက ခိုးသွားတာကျ ဘာမှ မကူညီပေးဘူး (အဲဒီနေ့ပဲ အမေနဲ့ ရဲစခန်းသွား၊ ဟိုကလည်း ဆိုင်ခန်းပိုင်ရှင်ဆီက cctvလိုက်ကြည့်ပေး၊ ပိုင်ရှင်ကပ်စေးနှဲကလည်း cctvကို အလှပဲ တပ်ထားတာ ဖြစ်နေလို့ ကြည့်မရ ကဲ အဲဒီမှာ အစပျောက်ပါလေရော၊ အဲဒီရုက္ခစိုးသာ ကျေးဇူးသိတတ်ရင် ကူညီလို့ရတာ အပုံကြီး) အဲဒါနဲ့ ရုက္ခစိုးကို စိတ်ကောက်ပြီး ဘာမှကို မတင်တော့ဘူး။ သူ့ဟာသူ ဖြစ်ချင်ရာဖြစ် ငါနဲ့မဆိုင် လုပ်နေတဲ့ဟာကြီး။
အဲဒါနဲ့ စိတ်ညစ်နေလေသတည်းပေါ့။ ဘာလို့ဆို ကျွန်မရဲ့ youtube channel ကို ပုံမှန်လေး ဂရုစိုက်ပြီး videoတွေ တင်လို့ subscriberတွေ commentတွေ ကောင်းကောင်းရနေခါမှ အဓိက video editလုပ်နေတဲ့ အပြားကြီး ပျောက်သွားတာကိုး။ သူပျောက်လို့ စိတ်ညစ်ပါတယ်ဆိုမှ ကောင်းတာလား ဆိုးတာလား မသိ၊ အမေ့ရဲ့ ကြော်ငြာအားကြောင်း မနှစ်က လာတက်တဲ့ ကျောင်းသားက သူ့ကျောင်းမှာ အင်္ဂလိပ်စာ ထူးချွန် အရွေးခံရတယ် ဆိုပဲ။ အဲဒါနဲ့ သူ့အသိတွေလည်း လာတက်ကြလို့ ကျောင်းသား ၅ယောက်လောက်တောင် ဖြစ်နေပါလေရော။ ပျောက်သွားတာတွေ ပြန်ရလာတယ်လို့ပဲ မှတ်လိုက်ပါမယ်လေ။ ကဲ မကောင်းတဲ့ကံတွေ ပါစေ, ကောင်းတာလေးတွေ ဝင်လာစေ။ အခုတော့ စာသင်ဖို့ ညီမတော်ဆိုင်ကို ချီတက်လိုက်ဦးမယ်။
(ကျွန်မအကြောင်း ပြီးပြီဆိုတော့ သီချင်းအကြောင်း ပြောခွင့်ပြုပါ။ သီချင်းက ကျွန်မအကြိုက် ဂျပန်အဖွဲ့ King Gnuရဲ့ နောက်ဆုံးထွက်ထားတဲ့ သီချင်းဖြစ်ပါတယ်။ သူ့ title ဖြစ်တဲ့ Aizoဆိုတာ တစ်စုံတစ်ယောက်ကို ချစ်လည်းချစ် မုန်းလည်းမုန်းဖြစ်တဲ့ ခံစားချက်ကို ပြောတာပါတဲ့။ ကျွန်မနဲ့ ညီမတော်လိုပေါ့။ သူ့ music videoက ထူးဆန်းတယ်ဆိုပြီး ရှာကြည့်တော့မှ Jujutsu Kaisenရဲ့ opening theme songဖြစ်နေတာ သိလိုက်ရပါတယ်။ ပြန်တောင် ကြည့်ချင်သွားပြီကွယ်. . )
- Get link
- X
- Other Apps
Comments
Post a Comment