Featured post
- Get link
- X
- Other Apps
ဒီဇင်ဘာမနက်ခင်းများသည် ဆွတ်ပျံ့ဖွယ်ကောင်းပါသည်။
နေ..နေ။ ရှင် မပြောနဲ့။ ရှင်ပြောရင် ကျွန်မ မကောင်းတဲ့အကြောင်းပဲ လူသိတယ်။ ကျွန်မဇာတ်လမ်းကို ကျွန်မကိုယ်တိုင်ပြောမယ်၊ ရှင်က ကျွန်မခေါ်တာ လိုက်ရေး။
- - -
ဒီဇင်ဘာမနက်ခင်းများသည် ဆွတ်ပျံ့ဖွယ်ကောင်းပါသည်။ မနက်ခင်းဆိုလျှင် ရန်ကုန်မြို့ကြီးမှာပင် မြူခိုးဝေဝေနှင့် (အဲ.. စက်မှုဇုန်နားမှာမို့ မြူခိုးမဟုတ်ဘဲ မီးခိုးတွေဖြစ်နေဖို့က ပိုများပါသည်။ ထားပါ၊ အဓိကက စိတ်ကူးယဉ်လို့ကောင်းသည့် အခြေအနေကလေးတစ်ခုကို ခံစားရပါမည်)။ ထို့အပြင် ကျောင်းသို့ရောက်လျှင် သူ့ကို တွေ့ရမည် ဟီဟီ။
သူက မစိန်ပန်းတဲ့။ သူနဲ့က ဘယ်သွားသွား၊ ဘယ်လာလာ တတွဲတွဲ။ ဘယ်လောက်ထိလဲဆို ကန်တင်းက ကျွန်မတို့ကို အမြွှာလို့ ထင်တဲ့အထိ၊ ရုပ်လည်း မတူဘဲနဲ့လေ. . . အဲသည်နေ့ကဆို ကျွန်မတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်လိုက်ကြတာဆိုမှ တစ်ဆိုင်လုံးကြားသည်အထိ။ သူနှင့်အတူရှိလျှင် နေ့ရက်များက အလွန်ပျော်ဖွယ်ကောင်းပါသည်။
သူ့ကို ဒီဇင်ဘာ၈ရက် ကျောင်းစဖွင့်သည့်နေ့တွင် ပထမဆုံးမြင်ဖူးပါသည်။ သူ့အသံ၊ ပြီးတော့ သူရယ်ရယ်မောမောနဲ့ စကားပြောတဲ့ပုံက ရင်းနှီးလွယ်သည့် ခံစားချက်မျိုး ရပါသည်။ ကျွန်မက သူ့ကို စပြီး စကားပြောသည်ထင်ပါသည်။ အဲလိုနဲ့ ဘယ်လိုဖြစ်သွားမှန်းမသိ၊ နောက် တစ်နှစ်လောက်ကြာတော့ တစ်ယောက်နှင့်တစ်ယောက် “ဘေးဘီ”ဟု ခေါ်ကြသည့်အဆင့်သို့ ရောက်သွားပါသည်။
အင်း. . . ဒါပေမဲ့ ကျွန်မကျောင်းသွားချင်တာ သူ့တစ်ယောက်တည်းကြောင့်တော့ မဟုတ်ဘူး။ တစ်ကောင်သော လိပ်ကလေးကြောင့်။ လိပ်ကလေးက ကျွန်မတို့ ကျောင်းစတတ်သည့် ပထမနှစ်မှာပင် ..
ဟာကွာ ရှုပ်ပါတယ်။ စကားပြောနဲ့ပဲ ရေးတော့
အဲဒီလိပ်ကလေးက ကျွန်မတို့ ကျောင်းစတက်ပြီး တစ်လလောက်ကြာမှ ရောက်လာတာ။ အစက သူ့ကို နှစ်ကျထင်တာပေါ့၊ နောက်မှ ဘယ်ဟုတ်မလဲ တာဝဆိုလား အရှေ့ဒဂုံကို ကျလို့ အဲဒီက ပြောင်းလာတာတဲ့။ ကျွန်မတို့မေဂျာရဲ့ စတုတ္ထမြောက် ယောက်ျားလေးပေါ့။
ယောက်ျားလေး ၄ယောက်ပဲ ရှိပါတယ်ဆိုမှ fresherś welcomeကို ကျန်၃ယောက်က မလာတော့ သူပဲ king ဖြစ်သွားတယ်။ သူက ချစ်တော့ ချစ်စရာလေးပါလေ။ ပုပုသေးသေးလေးကို ဂစ်တာတစ်လက်ကိုလည်း နေရာတကာသယ်လို့၊ ကျောပိုးအိတ်ကလည်း တစ်လုံး၊ ကြည့်စမ်း.. လိပ်ကလေးနဲ့ မတူဘူးလား။
ကျွန်မလည်း အစကတော့ ကြည့်စရာ သူတစ်ယောက်ပဲ ရှိလို့ ကြည့်တာပဲ။ အဲလိုကနေ ဘယ်လိုလုပ်ပြီး ကျွန်မ သူ့ကို ကြိုက်နေတယ်ဆိုတဲ့သတင်းက ပြန့်သွားလဲ မသိဘူး။ ရှင်းလိုက်ရတာ အမောပဲ။
ကြိုက်တယ်လို့ ဝန်ခံရင် ဝန်ခံတယ်ပေါ့။ ဘာကို ရှင်းတာလဲ
ကျွန်မဇာတ်လမ်း ကျွန်မပြောနေတာမှာ ရှင်ဝင်မပါပါနဲ့။ ရှင့်အလုပ်က ဘာတဲ့လဲ?
ချပေးတာကို လိုက်ရေးဖို့။
သိရင် ပြီးတာပဲ။
ထားပါတော့။ သူ့ကို ကျွန်မကြိုက်တယ်သာပြောတာ သူနဲ့ကျွန်မနဲ့ ဆင်လည်းမတူသလို လိုက်လည်း မဖက်နေဘူး။ သူသွားတာက အနုပညာခန်းနဲ့ကန်တင်း၊ ကျွန်မရောက်တာက စာကြည့်တိုက်နဲ့စာသင်ခန်း။ အစကတော့ သူသွားတဲ့နောက် လိုက်ပါသေးတယ်၊ နောက်တော့ ဘာမှလည်း မတီးတတ်၊ ဆက်စပ်ပြီး စကားပြောစရာလည်း မရှိ၊ မုန့်ဝယ်စားဖို့လည်း ငွေအပိုမရှိ၊ အတန်းလည်း မလွတ်ချင်၊ အဲဒါနဲ့ ကိုယ်ဝါသနာပါတဲ့နေရာပဲ သွားလိုက်တော့တယ်။ တူတူမတူတူ သူကြိုက်တာသူလုပ်နေတာလေးကိုပဲ ကြည့်ပြီး ချစ်စရာကောင်းတယ် မြင်နေရတာပါပဲ။
သူက ဂီတဘက် အာရုံစိုက်နေတော့ ကျောင်းစာဘက်မှာ နည်းနည်းလေး လစ်ဟင်းတယ်
အတန်းကို ပေါ်မလာတာ မဟုတ်ဘူးလား
အတူတူပဲလေ
တခြားစီပဲကို
သူက ဘတ်စ်ကားလိုပဲ။ လာချင်တဲ့အချိန်လာတယ်၊ မလာချင် ဘယ်လောက်စောင့်စောင့် ပေါ်ကို မလာတော့ဘူး၊ အဲဒါလည်း သူ့အပြစ်မဟုတ်၊ သူ့အကြောင်းသိသိရဲ့နဲ့ ကြိုတင်မပြင်ဆင်တဲ့ ကိုယ်တွေအပြစ်။ ဒီလိုတွေက ၁ခါမဟုတ် ၂ခါမဟုတ်ဆိုတော့ အဖွဲ့လိုက် presentation တွေလုပ်တဲ့အခါ ဘယ်သူမှ သူနဲ့အတူတူ မလုပ်ချင်တော့ဘူးပေါ့။ အဲဒီတော့ ကျွန်မကပဲ သူ့ကို ခေါ်ရတော့တာပေါ့။
ကရုဏာရှင်ကြီးလုပ်မနေပါနဲ့။ သူ့ခွင်ထဲဝင်လာလို့ ကြိတ်ပျော်နေတာ မဟုတ်ဘူးလား
အဲဒါက စာဖတ်တဲ့သူတွေ သိစရာမလိုဘူးလေ။ ရှင့်ကိစ္စလည်း မဟုတ်ဘဲ ဝင်ဝင်ပြော..
ဒါပေမဲ့ ကျန်တဲ့သူတွေ မငြိုငြင်ရလေအောင် သူ့အပိုင်းတွေပါ ဝင်လုပ်၊ ဝင်ပြောရတာ အသံတောင်နာလို့။ ဒါပေမဲ့လည်း သူနဲ့ ပိုရင်းနှီးဖို့ အခွင့်အရေးကလည်း ဒါပဲရှိတာမို့ စောဒကမတက်ရဲဘူး။ ရှိမဲ့စုမဲ့အခွင့်အရေးလေး ဆုံးရှုံးမှာ ကြောက်တယ်လေ။ အဲလိုကြိုးစားနေခါမှ ကံကြမ္မာကလည်း မျက်နှာသာပေးတာသာကြည့်၊ သူ့မှာ ရည်းစားရသွားတယ်တဲ့။
ကံကြမ္မာနဲ့ မဆိုင်ပါဘူး။ သူကိုက ပြန်မကြိုက်တာကို
ရှူး . . မပြောနဲ့လေ
အဲဒီတော့လည်း မတတ်နိုင်ဘူး။
လက်လျှော့လိုက်တာပေါ့
ဘယ်ကလာ အခွင့်အရေးကို စောင့်တာ
သူ ဆင်ဂယ်ပြန်ဖြစ်မှာကို စိတ်ရှည်ရှည်နဲ့ စောင့်တယ်။ စောင့်ရင်း အရင်ကလိုပဲ သူ့ကို ကူညီတာပေါ့။
ပြီးတော့ရော?
ဒါပဲလေ
ဘာကို ဒါပဲလဲ။ တိုတိုလေးပဲ ရှိသေးတာ။
ပြီးပြီလေ.. ချစ်တဲ့သူက မျှော်ရမှာဖြစ်တဲ့အကြောင်း။
ဟောဗျာ. . .အဲဒီ့လိပ်ကလေးနဲ့ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်သွားလဲ ပြောရဦးမယ်လေ
ဪ.. အဲဒီလိပ်ကလေးက သူ့ကောင်မလေးနောက်မှာ ရည်းစားတွေပြောင်းပေမဲ့ ကျွန်မကိုတော့
တစ်စက်ကလေးမှ ပြန်မကြိုက်ခဲ့ပါရှင်။ ကဲ.. ရပြီလား
Comments
Post a Comment