Featured post

အောင်မြင်မှုများ

 ကျွန်မရဲ့ ဒီနှစ်အတွင်း ရေးခဲ့တဲ့ blog post တွေကို ပြန်ကြည့်လိုက်တော့ "စိတ်ညစ်တယ်" "သေချင်တယ်" "နေရတာ မပျော်ဘူး" ဆိုတာတွေပဲ ပြည့်နေတာ တွေ့ရပါတယ်။ ဒီတော့ ပြန်စဉ်းစားမိတယ်၊ ဒီနှစ်အတွင်း ကောင်းတာတွေလည်း ရှိသားပဲ ဘာလို့ ဒါတွေ ပြန်မမျှဝေရတာလဲလို့ပေါ့။ ဒါကြောင့် ဒီ post မှာတော့ ဒီနှစ်အတွင်း ကျွန်မကိုယ်ကျွန်မ ကျေနပ်အားရသမျှတွေ ချရေးဖို့ ဆုံးဖြတ်မိပါတယ်။ 


ပထမဆုံး စာမေးပွဲတွေနဲ့ စရအောင်။ မနှစ်က ဒီဇင်ဘာမှာ tkt စာမေးပွဲ ဖြေရပါတယ်။ ဒီနှစ် ဇန်နဝါရီကျ ရလဒ်ကို သိရပါတယ်။ ကျောင်းကနေ စုစုပေါင်း ၅ယောက်ဖြေတဲ့အထဲ ကျွန်မနဲ့ ညီမလိုခင်ရတဲ့ နောက်ဆရာမတစ်ယောက်က ဖြေရတဲ့ သုံးဘာသာလုံး အမြင့်ဆုံး band 4 ထွက်ပါတယ်တဲ့။ သတင်းကြားပြီး ပျော်မိတာ တအားပါပဲ။ ကျွန်မက စာမေးပွဲတွေဆို အမှတ်မကောင်းခဲ့တာ အလယ်တန်းကတည်းက ဆိုပါစို့။ အရင်တုန်းကတော့ ဘယ်လောက်ရရ ဂရုမစိုက်ခဲ့ပေမဲ့ အခု အသက်ကြီးလာလို့လားတော့မသိ တော်တော် အမှတ်ကောင်းလိုချင်လာပါတယ်။ အဲဒါကြောင့် သေချာ အားထုတ်စာလုပ်ဖြစ်တယ်ပေါ့လေ။ ပြီးတော့ အခုလို အမှတ်ရတော့လည်း ပျော်တာပေါ့။ 


နောက်တစ်ခုက အရင်လက ဖြေခဲ့တဲ့ IELTS ပါ။ ကျွန်မ စာသင်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်စကား မပြောတတ်တော့ဘူးလို့ ထင်လာတယ်ပေါ့နော်။ များသောအားဖြင့် သင်ရတာတွေက beginner level တွေဆိုတော့ သူတို့ကို မြန်မာလိုပြောနေရတာက များတယ်။ ပြီးတော့ စာကို သင်ရတာက များပြီး ကိုယ့်အတွက် language ပြန်ဖြည့်ဖို့က အခွင့်အရေးမရ၊ အချိန်မရှိ အဲလိုနဲ့ အရင်တုန်းက သုံးခဲ့ဖူးတဲ့ စကားလုံးတွေရော ဝါကျတည်ဆောက်ပုံတွေရော အကုန်မေ့လာပါတယ်။ ဒါကြောင့် စာပြန်လုပ်ရမယ် စဉ်းစားတယ်ပေါ့လေ။ နောက်တစ်ခုက ကျွန်မ IELTS သင်နေရပြီဆိုတော့ ကိုယ်ကိုယ်တိုင်မှ မဖြေဖူးဘဲ အမှတ်ကောင်းကောင်း မရထားဘဲ သူများကို ပြန်သင်နေရင် ဘဝင်ကျစရာ မကောင်းဘူး၊ အဲဒီတော့ ကျွန်မ ဖြေဖြစ်တယ်ပေါ့။ ကျောင်းက ဖြေဖို့ စီစဉ်ပေးမယ်ဆိုပေမဲ့လည်း သူတို့က တော်တော်ကြာပါတယ်။ တကယ်ပဲ မေ့နေသလား၊ ဘတ်ဂျက် အဆင်မပြေသေးလို့ပဲလား ကျွန်မ ဖြေချင်နေတဲ့အချိန်မှာ သူတို့ ပေးမဖြေဘူးပေါ့လေ။ ဒါကြောင့် ကျွန်မ ကိုယ့်ဘာသာပဲ ငွေသွင်းပြီး တစ်လအချိန်သတ်မှတ်ဖြေလိုက်တယ်။ ကံကောင်းစွာနဲ့ မေးခွန်းက ကျွန်မရင်းနှီးပြီးသား ခေါင်းစဉ် ဖြစ်နေပါတယ်။  computer-based မို့ ၃ရက်ကျော်လောက်မှ သိရမယ်ထင်ပေမဲ့ ဖြေပြီး နောက်နေ့ကျ email ဝင်လာပါလေရော။ ရင်တုန်တုန်နဲ့ ဖွင့်ကြည့်တော့ band 8 ရနေပါတယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် စကားမပြောတတ်တော့ဘူးထင်ပြီး စိတ်ဓာတ်ကျနေတဲ့ကျွန်မအဖို့ တော်တော်ဝမ်းသာစရာကောင်းတဲ့ ရလဒ်ပါပဲ။ အခုဆို သူများတွေရှေ့မှာ ကြွယ်ပြလို့ ရပြီပေါ့လေ။ hehehe

Comments