Featured post
- Get link
- X
- Other Apps
အလုပ်လုပ်နေရင်း လွမ်းမိတာတစ်ခုက ညသန်းခေါင် ဒါမှမဟုတ် ဘယ်သူမှမထသေးတဲ့ အရုဏ်ချိန်မှာ ထပြီး စာရေးရတာပါပဲ။ ခေါင်းထဲမှာ ရှုပ်ယှက်ခက်နေတဲ့ အတွေးတွေကို ဖန်သားပြင်ပေါ်မှာ ကြဲချလိုက်မယ်၊ ကြဲချနေရင်း စိတ်တင်းကျပ်?ကြပ်?နေတာတွေ ပြေလျော့သွားမယ်၊ စာရေးပြီးခါနီးအချိန်လောက်မှာ နေရောင်နီနီကို ပျို့ပျို့လေး မြင်လိုက်ရမယ်၊ အဲလိုနဲ့ စိတ်ပေါ့ပါးသွားမယ်။ ဒါက ကျွန်မရဲ့ စိတ်ဖိစီးမှုကို ဖြေရှင်းနည်းပါ။ သူငယ်ချင်းတွေနဲ့ မတွေ့ရလည်း အဆင်ပြေသလို အရက်သောက်ပြီး မေ့ပျောက်ဖို့လည်း မလိုပါဘူး။
ဒါပေမဲ့ အလုပ်ရပြီးနောက်မှာတော့ ဒါတွေ မလုပ်နိုင်တော့ပါဘူး။ မနက်ကျရင် လူတွေနဲ့တွေ့ပြီး အိမ်ပြန်ရောက်တဲ့အခါ (အမေတို့ပြောတဲ့အသံနဲ့) ဖေ့စဘုတ်သုံး၊ ညဘက်ကျရင် အားပြန်ပြည့်အောင် အိပ်နေရလို့ပါ။ အရင်တုန်းက စိတ်အပန်းပြေစရာ စာရေးတာက အခုတော့ ကွန်ပျူတာဖွင့်ဖို့တောင် ခွန်အားယူနေရတယ်ဆိုတဲ့အဖြစ်ကို မကြိုက်ပါဘူး။
ရယ်တော့ရယ်ရတယ်။ တလောက "လောကကြီးက ပေးလာသမျှကို အလိုက်သင့်လေးပဲ စီးမျောတော့မယ်" ဘာညာပြောခဲ့တာ မှတ်မိသေးတယ်မလား။ ဖြစ်ပုံက အဲလိုပြောပြီး နောက်တစ်နေ့ပဲရှိသေး၊ အလုပ်မှာ လျှာဝင်ရှည်လို့ ပြဿနာတက်ပါလေရော။ အဲဒါကြောင့် ကိုယ့်ခံယူချက် ကိုယ်ပြောင်းလိုက်ရပါတယ်။ "မဖြစ်ဘူး မဖြစ်ဘူး။ အိမ်ကြည်ဖြူက အိမ်ကြည်ဖြူစတိုင်နဲ့ပဲ နေရမယ်" 🙄🙄
အဲလိုနဲ့ (ကောင်းတာလား ဆိုးတာလားတော့မသိ) full-time ကနေ part-time ကို ပြောင်းခွင့် ရသွားပါတယ်။ အိုကွယ်... ကောင်းကောင်းဆိုးဆိုး ကောင်းတယ်ပဲ မှတ်ယူလိုက်ကြပါစို့။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ဒီမှာ အလုပ်ရသွားတော့လည်း ပျော်ခဲ့ရဲ့ မဟုတ်လား (ဒီမှာ ဘာတွေရှိမှန်း မသိခဲ့ဘဲနဲ့လေ)။ အခုလည်း အဲလိုပဲပေါ့။ ကဲ. . . စာမျက်နှာဟောင်း အဆုံးသတ်၊ စာမျက်နှာအသစ်စ။
- Get link
- X
- Other Apps
Comments
Post a Comment