Featured post
- Get link
- X
- Other Apps
ကျွန်မ ဒီမှာ စာလာမရေးတာ တော်တော်ကြာသွားပါပြီ။ ဒီနေ့မနက် စာမလုပ်ချင်လို့ အချိန်ဆွဲရင်း email တွေ ထိုင်ဖတ်မှ ဒီblog မှာ comment လာပေးထားတာ သိရပါတယ်။ အဲဒီတော့မှ စာရေးဖို့ သတိရမိတာပဲ။ မပြောဖြစ်တာ ကြာလို့လား မသိပါဘူး၊ ပြောစရာတွေ UPDATE တွေ အများကြီး ရှိပါတယ်။
ဖီးဖီး ဆုံးသွားပြီ
တစ်အိမ်လုံးကို မပျင်းရစေအောင် အမျိုးမျိုး ဖျော်ဖြေတဲ့ ဖီးဖီးလေးက မနှစ်က ကျွန်မမွေးနေ့မတိုင်ခင် ၅ရက်အလိုမှာ ဆုံးသွားခဲ့ပါတယ်။ သူနေမကောင်းဖြစ်နေတာ တစ်ပတ်လောက် ရှိပါပြီ။ အစကတော့ အစာဝင်ရင် နေပြန်ကောင်းမယ်ထင်ပြီး (အရင်နှစ်တွေကလည်း အသည်းအသန်ဖြစ်၊ နောက်ကျ ဘာမှမဖြစ်ခဲ့သလို နေပြန်ကောင်းသွား) ensure တိုက်၊ ဟိုဟာတိုက် ဒီဟာတိုက်နဲ့ နေကြတာပေါ့။ ဒါပေမဲ့လည်း ဒီတစ်ခါတော့ တကယ်ကြီး လျှောသွားတာပါ။ အရင်က ကိုယ်တွေထင်သလို ရုန်းရင်းဆန်ခတ်မဖြစ်ဘဲ အေးအေးချမ်းချမ်းလေး ဆုံးသွားတော့ စိတ်သက်သာရပါတယ်။ နာရေးဖြစ်နေတဲ့ရက်မှာ လစာဖြတ်မှာကြောက်လို့ ခွင့်မယူဘဲ အလုပ်လုပ်နေရတာရော၊ ကူငွေရတာတွေကို သူ့အချစ်ဆုံး မြေးကလေးက ငွေလိုတယ်ဆိုပြီး ချေးသွားတာတွေရော၊ အမလေး ပြောမဆုံးပေါင် တောသုံးတောင်လေးတွေ ဖြစ်လိုက်ပါသေးတယ်။
TKT မှာ band 4 နဲ့ အောင်သွားပြီ
ဖီးဖီးနာရေးဖြစ်လို့ ၂ပတ်အကြာမှာ စာမေးပွဲဖြေရပါတယ်။ စာမေးပွဲက ဘာသာ၃ခု၊ ၁နာရီခွဲစီကို တစ်ရက်တည်းဖြေလိုက်ရတော့ ခေါင်းမူးသွားကြောင်း၊ အတူဖြေတဲ့ သူငယ်ချင်း အဆွယ်ကောင်းတာနဲ့ ဘားမှာ အရက်တစ်ခွက် သွားသောက်လိုက်ကြောင်း၊ အလုပ်ကနေ ခွင့်ယူတာ မရလို့ မူးမူးနဲ့ပဲ စာ၂ချိန် (၄နာရီ) သင်လိုက်ရကြောင်း အမလေး ဂယက်တစ်သိန်းနဲ့ပါ။ ဇန်နဝါရီလကျ အောင်စာရင်းထွက်တော့ ၃ခုစလုံး အမှတ်အမြင့်ဆုံးနဲ့ အောင်သွားတာသိလိုက်ရတော့ တော်တော်ပျော်ရပါတယ်။ cambridge certified teacher ဘာညာဆိုပြီး ကြွယ်လို့ရပြီပေါ့ ဟီးဟီး
ကျွန်မရဲ့ youtube channel ကို သိပြီးကြပြီလား
မနှစ်ကပေါ့. . passive income ရှာမယ် ဘာညာဆိုပြီး ယူကျုချန်နယ် ဖွင့်လိုက်ပါတယ်။ အစကတော့ ဂိမ်းဆော့တာတွေ တင်ပါတယ်။ နောက် The Psychology Book ဖတ်ထားတာကို တင်ပါတယ်။ သူငယ်ချင်းတစ်ယောက်က ဖတ်တဲ့အတိုင်းတင်တာ ပျင်းစရာကောင်းတယ်၊ ပြင်ပြင်ဆင်ဆင်လေးတင်ပါလားဆိုလို့ ပုံစံပြောင်းတင်ပါတယ်၊ ဒါပေမဲ့လည်း ကျွန်မပုံစံ မဟုတ်တော့ စာဖတ်နေတာကိုပဲ ပြန်တင်မယ် စိတ်ကူးပါတယ်။ ကျွန်မ မွေးနေ့ကျရင်တော့ teacher's podcast လိုမျိုး လုပ်မယ် စဉ်းစားပါတယ်။ subscribe မလုပ်ရသေးရင် လုပ်သွားကြပါဦးနော်
ရည်းစား ရရင် ဘာလုပ်ရမလဲ သိသွားပြီ
ကြိုက်လိုက်ရင် ငြင်းထုတ်ခံရလို့ ချိန်ပါ service ကုမ္ပဏီထောင်ရမလား စဉ်းစားခဲ့ဖူးတဲ့ ကတ်သရင်းက နောက်ဆုံးတော့ သူ့ကို ပြန်ကြိုက်တဲ့သူနဲ့တိုးလို့ ရည်းစားရသွားသတဲ့ရှင်။ ရည်းစားရရင် ဘာလုပ်ရလဲဆိုတော့ စာလုပ်ရပါကြောင်း (ရည်းစားတော်က စာဂျပိုးမို့လေ၊ အစကတော့ စာလုပ်တာလေးကို ကြိုက်ခဲ့တာဆိုပေမဲ့ "စာလုပ်ရင် ချစ်စရာကောင်းတယ်" ဘာညာနဲ့ မန်နီပျူလိတ်လုပ်တာခံနေရတော့ အလစ်တဲလေး အမြင်မကြည်တော့ဘူးပေါ့နော်)၊ ညဘက်ဆို အတင်းတုပ်ရကြောင်း၊ ရုပ်ရှင်တူတူကြည့်ရကြောင်း။ ရည်းစားဖြစ်သူက လေဒီဘွိုင်းများ ပေါများရာမြေကမို့ ကိုကိုကနေ ဘယ်နေ့ မမ ဖြစ်သွားမလဲရင်ခုန်ရတာတော့ အဆစ်ပေါ့နော။
IELTS ဖြေတော့မယ်
ကျွန်မကို ielts သင်ရင် လစာတိုးပေးမယ် မက်လုံးပေးပြီး ညာခိုင်းတာ မနှစ်ကတည်းကပါ။ ဒါပေမဲ့ မေ့ချင်ယောင်ဆောင်ပြီး လစာလည်း မတိုးပေးပါဘူး။ အခုတော့ လာပြန်ပြီ ၆လစောင့်ကြည့်မယ်တဲ့ 🙂🙂ကျွန်မ သူ့ရဲ့ ညာလုံးတွေအောက်မှာ မခံစားချင်တော့ဘူး။ ကိုယ့်ဘာသာကို အမှတ်ကောင်းအောင် စာမေးပွဲဖြေမယ်၊ ပြီးရင် ဒီနိုင်ငံနဲ့ဝေးရာ သူတို့နဲ့ဝေးရာကို ထွက်သွားမယ်။
ကဲ နေ့လယ် ၁နာရီထိုးပါတော့မယ်။ ကျွန်မလည်း သူများဝန်ကို ထမ်းရပါတော့မယ်။ နောက်မှ ပြန်တွေ့မယ်နော်
- Get link
- X
- Other Apps
Comments
Post a Comment