Featured post
- Get link
- X
- Other Apps
မနေ့က တစ်နေ့လုံး အချိန်ဖြုန်းပြီးနောက် ဒီနေ့တော့ မနက်စောစောထပြီး အလုပ်လုပ်ပါတယ်။ အလုပ်ဆိုတာ ဟိုမသာကောင်ရဲ့ အလုပ်တော့မဟုတ်ပါဘူး။ ကိုယ့်အိမ်အလုပ်ပါ။ အဝတ်လျှော်တယ်ပေါ့။ အဝတ်လျှော်နေရင်း တွေးမိတာက "ငါလည်း ဖြစ်လာသမျှနဲ့ လိုက်လျောညီထွေနေတတ်ဖို့ ကျင့်ယူရဦးမှာပဲ" လို့ပါ။ နောက်ဘာဖြစ်မယ်မသိဘူး၊ ကိုယ်ဖြစ်ချင်တာ ဖြစ်ရင်တော့ ပျော်ရပေမဲ့ မဖြစ်ချင်တာကြီး ဖြစ်ရင် ကိုယ့်ဆန္ဒတွေကို တွေးရင်း တနုံ့နုံ့နဲ့ စိတ်မသက်မသာဖြစ်ရတာ မကောင်းပါဘူး။ ဒါကြောင့် ဘဝကြီးပေးလာသမျှကို အလိုက်သင့်လေးနေရင်း စိတ်သက်သာအောင်နေမယ်လို့ စိတ်ကူးမိပါတယ်။ ဒီတော့ တစ်ခုပင်ပန်းမှာက ကိုယ့်ဆန္ဒတွေကို မကြီးထွားလာဖို့ ကျင့်ယူရတာပါပဲ။
ကျွန်မက အလိုဆန္ဒကြီးပါတယ်။ အစားတောင် ကိုယ်စားချင်တဲ့အခါမှ စားတယ်၊ ပစ္စည်းတစ်ခုခုကို လိုချင်ရင်လည်း လောလောဆယ်မရနိုင်ရင်တောင် ရနိုင်တဲ့အချိန်မှာ (ကိုယ့်အတွက် အကျိုးရှိရှိ မရှိရှိ) ဝယ်ပစ်တယ်၊ လိုချင်တာ မရရင်လည်း တနုံ့နုံ့နဲ့ မကျေနိုင်မချမ်းနိုင်။ ဘဝကြီးမှာ ရှင်သန်လာတာ ကိုယ်လုပ်ချင်တာ လုပ်ဖို့ပဲ ဆိုတဲ့မူကို လက်ကိုင်ထားပါတယ်။ အင်းလေ ရှင်တို့ပဲ စဉ်းစားကြည့်၊ ကိုယ်မမွေးချင်ပဲ မွေးလာရပြီး ကိုယ်မသေချင်တဲ့အချိန်မှာ သေသွားရမယ်ဆို ရှင်နေတဲ့ကာလလေးမှာတော့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်သွားရမယ် မဟုတ်ဘူးလား. . .
ဒါပေမဲ့ အခုတော့ အဲလိုနေတာကြီးက စိတ်ဆင်းရဲစရာကောင်းတယ်ဆိုတာကို တဖြည်းဖြည်း သိလာရပါပြီ။ အဲဒီတော့ လေယူရာကို အလိုက်သင့်ယိမ်းဖို့ ပြင်ဆင်နေပါပြီပေါ့။ ဝါးပင်တွေလိုပဲ အလိုက်သင့်နေတတ်ရင် ပြိုလဲစရာအကြောင်း မရှိဘူး။ တစ်ခုတော့ ရှိတာပေါ့လေ. . . ဝါးပင်တွေက တစ်ပင်တည်းဘယ်တော့မှာ မနေဘူး၊ ပေါက်ရင် အရုံလိုက်ပဲ ဆိုတော့ ကိုယ့်ဘေးနားမှာ ကိုယ့်လိုနေမဲ့သူတွေ ဝန်းရံထားဖို့တော့ လိုတာပေါ့နော
- Get link
- X
- Other Apps
Comments
Post a Comment