Featured post

တိုးတက်လာတဲ့ စိတ်ဒုက္ခ

 နောက်ဆုံးတော့ ဒီကိုပဲ ပြန်ရောက်လာရတာပါပဲ။ ကျွန်မပျောက်သွားတဲ့အတောအတွင်း ကိစ္စတော်တော်များများ ဖြစ်သွားပါတယ်။ ဒါပေမဲ့ အနှစ်ချုပ်လိုက်ရင်တော့ ကျွန်မ ပိုပြီး စိတ်ဓာတ်ကျလာတယ်၊ သေချင်လာတယ်၊ လောကကြီးမှာ မနေချင်တော့ဘူး။


တစ်ပတ်မှာ ၄၈နာရီ အလုပ်လုပ်ရတာ တော်တော်ပင်ပန်းပါတယ်။ အထူးသဖြင့် အဲဒီ့အလုပ်ကို ဝါသနာပါမနေရင်ပေါ့။ တဖြည်းဖြည်း သိလာတာက ကျွန်မဟာ စာသင်တဲ့အလုပ်နဲ့ မကိုက်ဘူးဆိုတာပါပဲ။ စာသင်တယ်ဆိုတာ ဒီတိုင်း သင်လိုက်လို့ ရတာမဟုတ် (သင်ချင်ရင်တော့ ရတာပေါ့။ အခုလည်း ဒီလိုပဲ သင်နေတာပါပဲ။ ဒါပေမဲ့ သင်ပြီးတဲ့အခါ ကျေနပ်မှုကို မခံစားရဘူး)၊ ကြိုတင် ပြင်ဆင်ရတယ်၊ သင်ပြီးရင်လည်း ဒီတိုင်းထားလိုက်လို့ ရတာမဟုတ်၊ နောက်သင်တဲ့အခါ ပိုကောင်းအောင် ပြန်လှန်ဆင်ခြင်တွေးတောရသေးတယ်။ ကြည့်ပါတော့ တစ်ရက်ကို ၅နာရီလောက် စာသင်၊ ၂နာရီလောက် စာထိုင်စစ်နေရတဲ့သူမှာ အဲဒါတွေအတွက် အချိန်ရှိမလားဆိုတာ။ အဲဒါတွေ မလုပ်တော့ ဘာဖြစ်လဲ၊ စာသင်ပြီးတဲ့အခါ စိတ်ကျေကျေနပ်နပ်ကြီး မခံစားရဘူး၊ တစ်ခုခုလိုနေသလို ခံစားရတယ်။ အဲဒါတွေ တစ်ရက်ပြီးတစ်ရက် စုလာတဲ့အခါ စိတ်ဓာတ်ကျလာတော့တာပဲ။ ကိုယ်တစ်ယောက်တည်းမနေဘဲ သူများတွေနဲ့ စုနေရတဲ့အခါ ပိုဆိုးတာပေါ့။ "သူများတွေက ရပြီး ဘာလို့ ငါက မရရတာလဲ၊ ငါ အသုံးမကျတော့ဘူးလား၊ နောက် ဘယ်လိုဆက်သွားရမလဲ" စသဖြင့် စသဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်တဲ့ မေးခွန်းတွေ ဝင်လာပြီး သေချင်စိတ်ပေါက်လာတော့တာပဲ။ 


စောစောကဆိုပုံအရဆို အလုပ်က တစ်ရက် ၈နာရီနဲ့ မလောက်လို့ ကိုယ့်အချိန်ထဲက ဖဲ့လုပ်ရမဲ့ပုံ။ ဒါပေမဲ့ ကျွန်မက မလုပ်ချင်နေဘူး။ ရတဲ့စိတ်ကျေနပ်မှုနဲ့ ပိုက်ဆံနဲ့က သုံးရတဲ့အချိန်နဲ့ မတန်ဘူးလို့ထင်တယ်။ ပိုဆိုးတာက ဒီအလုပ်ကို ပိုက်ဆံလိုချင်လို့ လုပ်တာဆိုတော့ ခိုလို့ရသမျှ ခိုတော့တာပဲ။ အဲ.. အပေါ်ကပြောတဲ့အတိုင်း တစ်ယောက်တည်းဆို အကြောင်းမဟုတ်၊ အလုပ်မှာက စံတစ်ခုရောက်အောင် ကြိုးစားနေသူတွေချည်းဆိုတော့ သူတို့ထက် မညံ့အောင် လုပ်နေရသေး။ အဲဒီတော့ ဖိအားက ပိုများပြီး ပိုသေချင်ရော။ 


အဲဒီမှာ နားရက်မရတာက ပိုထောင်းသေး။ အခု အလုပ်က ဆရာမတစ်ယောက်က အသံအိုးပြဿနာဖြစ်လို့ ခွင့်ယူထားပါတယ်။ အဲဒီတော့ သူနဲ့ကျွန်မတွဲသင်တဲ့အတန်းကို ကျွန်မကပဲ ဝင်ရတော့တာပေါ့။ စိတ်ညစ်လိုက်တာဆိုမှ။ ညညဆို အိပ်မက်ထဲမှာ စာသင်နေ၊ အဲဒါကို မကြိုက်၊ နောက်နေ့တော့ စာသင်ချိန်ရှိတာ မေ့ပြီး အိပ်နေတယ်လို့ အိပ်မက်မက်ပါလေရော၊ ပိုဆိုးပဲ။ အဲသလို တစ်ပတ်လုံးဖြစ်နေပါတယ်။ လူလည်း မျော့မျော့ပဲ ကျန်ပါတော့တယ်။ 


ဘယ်နေ့တော့ ဘယ်လို ဘာတွေဖြစ်မယ် မပြောတတ်ပါဘူး။ 

Comments

  1. Hey Cat,
    I haven't read your blog in forever but you popped in my mind today so, here I am.
    I was at first glad to see you had a (relatively) recent entry. After having read it, I'm sorry to learn that you are going through such a struggle.
    I hope things will somehow get better for you.
    Sending best wishes your way.
    ~Your friend in America

    ReplyDelete
    Replies
    1. Oh god. Thank you so much for your comment. It made my day!

      Delete

Post a Comment