Featured post
- Get link
- X
- Other Apps
blog မရေးတာတောင် အတော်ကြာပါပြီ။ ဒီကြားထဲမှာ အတော်ကို စိတ်ပူစရာ၊ စိတ်ဖိစီးစရာတွေနဲ့ လုံးချာလည်လိုက်နေပါတယ်။
စာသင်ရတာ အတော်ပင်ပန်းပါတယ်။ ကိုယ်က အေးဆေး နှပ်နေလို့ မရပါဘူး။ စာမသင်ခင်ကလည်း ပြင်ဆင်ရသေး၊ သင်နေတော့လည်း ဟိုပတ်ကြည့် ဒီပတ်ကြည့် process တစ်ခု အောင်အောင်မြင်မြင် ပြီးသွားဖို့အရေး ကြွက်တစ်ကောင်လို ခုန်ဆွခုန်ဆွ လုပ်နေရ၊ ပြီးသွားတော့လည်း ကိုယ်ဘာလုပ်ခဲ့လဲ ပြန်စဉ်းစားရနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ "ဪ... ငါ ဘာလို့များ ဒီအလုပ်ဝင်လုပ်ဖို့ ရွေးခဲ့လဲ" ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထုချင်တဲ့အထိပါပဲ။ ကြားထဲ ကျောင်းက admin ကို ကြောက်ရတာနဲ့၊ တခြားဆရာမတွေကို ကြောက်ရတာနဲ့ အေးအေးချမ်းချမ်း မရှိပါဘူး။ ကျောင်းသားလည်း ပြန်ကြောက်ရသေးသတော့။ bad review ဆို ဆရာမ ဘာဖြစ်ဖြစ် သူတို့ ဂရုမစိုက်ဘူး၊ ကျောင်းသားကိုပဲ ယုံကြရော။
ပြီးရင် ကလေးထိန်းရတဲ့ဒုက္ခက ရှိပါသေးတယ်။ ကျောင်းသွားရတဲ့ ရက်တွေဆို အဲဒီနားက ဦးလေးအိမ်သွားနေပါတယ်။ အဲဒီကနေဆို နာရီဝက်နဲ့ ရောက်တော့ မနက်ဆိုလည်း စောစောထစရာမလိုဘူးပေါ့။ အေးဆေးလေး လုပ်ရင် ရပြီ။ တစ်ခုရှိတာက ကလေးထိန်းရပါတယ်။ ကျောင်းမှာလည်း စာ ၂ချိန်သင်ရ၊ အဲဒီမှာလည်း ကလေးထိန်းရ (ဟုတ်ကဲ့ လူကြီးတန်းထဲကို ကလေးတစ်ကောင် လာထိုးထည့်ထားလို့ပါပဲ)၊ အိမ်ပြန်ရောက်တော့လည်း မျောက်ရှုံးတဲ့ တူမတော်ထိန်းရနဲ့ အိပ်ရာမှာလှဲလှဲချင်း အိပ်ပျော်သွားတဲ့အထိပါပဲ။
ဪ.. ဘုရား ဘုရား။ ဒီလိုနေနေရင် ဘယ်လိုများ စာရေးမလဲ၊ ပုံဆွဲသင်မလဲနော်လို့ တွေးပူမိပါတယ်။ ကျွန်မတစ်ယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မအကြောင်းကို ညည်းမိတော့ နောက်ဆရာမတစ်ယောက်ကလည်း "ဟုတ်တယ်နော် တီချယ်ရယ်။ အစက self-improvement တွေဖြစ်အောင်လုပ်မယ်၊ productive ဖြစ်ရမယ် ဘာညာနဲ့ ကြွေးကြော်ထားတာ အခုတော့ ဘာမှလည်း မဖြစ်လာလို့ စိတ်ညစ်ရတယ်" တဲ့။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတော့ တော်ပါသေးရဲ့လို့တောင် တွေးမိလိုက်ပါသေးတယ် 😈😈။
လျှို့ဝှက်ချက်ကတော့ အလုပ်မှာ စိတ်နှစ်ပြီး မလုပ်ဖို့ပါပဲ။ ကျွန်မတို့ဟာ မိသားစုစီးပွားရေးမှာ ဝင်လုပ်နေတာ မဟုတ်ဘူးဆိုတာ ခေါင်းထဲမှာ စွဲထားရမယ်၊ အလုပ်ရှင်တွေဟာ အကျိုးအမြတ်တွေကို ကျွန်မတို့ကို ခွဲပေးမှာမဟုတ်ဘူး အကျိုးအမြတ်ရှာဖို့က ကျွန်မတို့တာဝန်ပဲလို့ စွဲသိထားရမယ်၊ ဒါကြောင့် ဒီအလုပ်ဟာ ကိုယ့်ကို အကျိုးအမြတ် မပေးတော့တာနဲ့ ချက်ချင်းပိုကောင်းတာရှာထားပြီး ထွက်ပစ်ဖို့ ဝန်မလေးရဘူးဆိုတာကို အမြဲသတိပေးနေရပါမယ်။ အလုပ်ရှင်က ဘာလို့ထွက်တာလဲလို့ မေးရင် ဒီကုမ္ပဏီက ကျွန်မကို တအားစိတ်ပျက်စေလို့ပဲလို့ ဖြေရုံပေါ့။
- Get link
- X
- Other Apps
Comments
Post a Comment