Featured post
- Get link
- X
- Other Apps
အပြင်တွင် မိုးဖွဲဖွဲ ရွာနေပါသည်။ ကျွန်မက ပြတင်းပေါက်နားတွင် ထိုင်ကာ စာရေးနေပါသည်။ တစ်ချက် တစ်ချက်လည်း ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်မိပါသည်။ လေတစ်သုတ် တိုက်သောအခါ မိုးပွားကလေးများက မျက်နှာကို လာစင်ပါသည်။ မျက်လုံးကို ခဏမှိတ်လိုက်ပါသည်။ နောက် ခဏကြာသောအခါ ထိုင်ခုံမှထ၍ ပြတင်းပေါက်ဘောင်ကို မှီကာ အပြင်ကို ငေးကြည့်ပါသည်။
တိုက်အောက်တွင် လူရှင်းနေပါသည်။ မိုးက ဘယ်သူမှ အပြင်မထွက်နိုင်လောက်အောင် သည်းလွန်းတာလည်း မဟုတ်ပါ။ တနင်္ဂနွေနေ့မို့သာလျှင် ဖြစ်ပါလိမ့်မည်။ သက်ပြင်းတစ်ချက်ချပြီး ပြတင်းတစ်ချပ်ကို ပိတ်လိုက်ပါသည်။ ပြီးတော့ စောစောက ခုံမှာ ပြန်ထိုင်ပါသည်။ စားပွဲပေါ်က laptop ကို ပြန်ဖွင့်ပါသည်။ စောစောက ရေးလက်စ စာမျက်နှာအဖြူပြောင်ကြီးကို အချိန်အတန်ကြာ စိုက်ကြည့်နေမိပါသည်။ ဘယ်လောက် စိုက်ကြည့်ကြည့် အကြံက ထွက်မလာသဖြင့် ဖိုင်ကို ပိတ်လိုက်ပါသည်။ ထို့နောက် တစ်ခုခု ရလိုရငြား အရင်တုန်းက ရေးခဲ့သည့် စာအဟောင်းများကို ပြန်ဖွင့်ကြည့်ပါသည်။
"Cat's Creative Space" ဟု ခေါ်သည့် folder ကြီးထဲတွင် ယခင်ရေးခဲ့သမျှသော မပြီးမပြတ်သေးသည့် စာပုဒ်ပေါင်းများစွာကို တစ်စုတစ်စည်းထဲ သိမ်းထားပါသည်။ တစ်ပုဒ် ဖွင့်ကြည့်လိုက် ခဏဖတ်လိုက်ဖြင့် ဟိုးအောက်ဆုံးသို့ ရောက်သောအခါ Looking Back [from 2022] ဆိုသည့်တစ်ခုကို သွားတွေ့ပါသည်။ "ဪ... ဒါကိုလည်း ပြီးအောင် ရေးရဦးမှာပဲ" ဟု တွေးကာ ရေးထားသည်များကို သေချာ ပြန်ဖတ်ပါသည်။ ထို့နောက် မျက်လုံးကို အသာမှိတ်ကာ အတိတ်သို့ ပြန်ခရီးထွက်ပါသည်။
***
ဒါက အရင်ကြိုက်ခဲ့တဲ့ တစ်ယောက်ကို ပေးဖို့ လုပ်ထားတာပါ။ အမှန်ပြောရရင် ပေးမယ်သာ ပြောတာ အခုထိ ခေါင်းထဲမှာ ဘာရေးမယ်ဆိုပြီး ရေရေရာရာ မရှိသေးပါဘူး။ ဒီလိုပဲ ကောင်မလေးတစ်ယောက်က အတိတ်အကြောင်း ပြန်တွေးမယ်ပေါ့၊ ပြီးတော့ "ဒါတွေအကုန်လုံး အတိတ်မှာ ဖြစ်သွားပြီ၊ မင်းကလည်း ငါ့အတိတ်ပဲ" ဆိုပြီး ဇာတ်သိမ်းဖို့ လုပ်ထားတာပါ။ (အဲဒီ့ကောင်လေးကိုတော့ အဲဒီစာအုပ်ပေးပြီး confess လည်းလုပ်၊ တာ့တာလည်းလုပ် တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ထားတာပါ။ ဒါပေမဲ့ စာအုပ် မပေးလိုက်ရဘဲ ကြိုက်တာ ပေါ်သွားလို့ ရှက်ရမ်းရမ်းပြီး ဒါကိုလည်း လှည့်မကြည့်ဘဲ ပစ်ထားတာ အခုထိကို အပြီးမသတ်ရသေးပါဘူး) အဲဒါအပြင် မြန်မာလို မဟုတ်ဘဲ အင်္ဂလိပ်လို ရေးဖို့ လုပ်ထားတာပါ။ ဒါ စရေးတုန်းက တစ်အုပ်လုံးကို အင်္ဂလိပ်လို ရေးဖို့ပဲ။ ဒါပေမဲ့ ဒီနေ့ ပြန်ကြည့်တော့ (အင်္ဂလိပ်ကျောင်းမှာ လုပ်ပြီးနောက် ဘာသာစကားစွမ်းရည်ပဲ နိမ့်ပါးသွားသလားမသိ) ဘိုလို ဘာရေးရမှန်းမသိတာနဲ့ မြန်မာလိုပဲ ဖျစ်ညှစ်ရေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော်တော် မကောင်းဘူးဆိုရင်တောင် အဲဒီအဆုံးသတ်ကနေမှ ပြောင်းပြန် ပြန်တွေးပြန်ရေးဖို့ ကြိုးစားပါတော့မယ်။ ကျွန်မ ဒါကို လက်စသတ်ချင်နေပါပြီ။
Comments
Post a Comment