Featured post
- Get link
- X
- Other Apps
ဒီနေ့က မြန်မာနှစ်ဆန်းငါးရက်နေ့ ဖြစ်ပါတယ်။ ခါတိုင်းဆို အိမ်ရှင်းနေကျ ဖြစ်ပေမဲ့ ဒီနှစ်တော့ ဘာမှ မလုပ်နိုင်ဘဲ ခွေနေရပါတယ်။ ရာသီဥတု ပူတာက ၃၀ ရာခိုင်နှုန်းလောက်၊ ပျင်းနေတာက ၆၀ ရာခိုင်နှုန်းလောက်၊ မီးမလာတာက ၁၀ ရာခိုင်နှုန်းလောက်ကြောင့်ပါ။ အရင်နှစ်တွေက ပိတ်ရက်ရှည် မရပေမဲ့ ဒီနှစ်တော့ အလုပ်ဝင်လိုက်တာမှာ ကံကောင်းထောက်မစွာနဲ့ ၁၀ရက်တောင် ပိတ်ရက် ရပါတယ်။ April အစက တွေးထားတာပေါ့။ ငါဖြင့် ပိတ်ရက်ကျရင် စာတွေ ဖတ်မယ်၊ စာပြန်ရေးတဲ့ အကျင့်လုပ်ထားမယ်၊ volunteer ကိုလည်း ပြန်အသက်ဝင်အောင်လုပ်မယ်၊ စသဖြင့် အမျိုးစုံ တွေးထားခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်ပိတ်ရက်ရောက်လာတော့ အပေါ်ကပြောသလို ခွေနေရတာပါပဲ။
ခဏနားချင်လို့၊ နောက် နားတာက အရှိန်ရသွားလို့ မရပ်နိုင်တော့ဘဲ ခွေနေချင်လို့၊ နောက် လုပ်ချင်တာတွေ လုပ်စရာတွေများပြီး ဘာလုပ်ရမှန်း မသိလို့.. အကြောင်းပြစရာကတော့ အများကြီးပါပဲ။ အဲလိုနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင်နေတာ ဟိုတနေ့ကမှ မဟုတ်သေးပါဘူးဆိုပြီး အလုပ်နည်းနည်း ပြန်လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ပြုံပြီး လုပ်သလိုတွေ ဖြစ်နေတော့ မပျော်ရပါဘူး။
အလုပ်လုပ်တာပဲ ပျော်ဖို့လိုသလားလို့ မေးရင် ကျွန်မက ပျော်ဖို့ လိုတယ်လို့ ပြန်ဖြေမှာ ဖြစ်ပါတယ်။ ကျွန်မပြောတဲ့ ပျော်တယ်ဆိုတာ ဟိုလို မြောက်ကြွမြောက်ကြွနဲ့ တစ်ချိန်လုံး ရယ်နေတာမျိုး မဟုတ်ပါဘူး။ လုပ်နေရင်းနဲ့ မငြီးငွေ့တာ၊ လုပ်ပြီးသွားတဲ့အခါလည်း ကျေနပ်မှုတစ်ခု ရနေတာ ဖြစ်ပါတယ်။ တစ်ရက်ကို ၈နာရီ အလုပ်လုပ်တာမှာ ဒီလိုမျိုး ခံစားသင့်တယ်လို့ ထင်ပါတယ်။ အိပ်စရာ နေရာရှိမယ်၊ စားစရာလည်း မငတ်လောက်အောင် ရှိမယ်၊ အိပ်ပြီး စားပြီးလို့ ပိုတဲ့အချိန်ကို အလကားမဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်ပျော်တဲ့အရာ တစ်ခုကို လုပ်သလိုမျိုး ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ကိုယ်နဲ့ ထိုက်သင့်တဲ့ လစာကတော့ အမြတ်ပေါ့။ အဲဒါ အရမ်းများ သူဌေးသမီး ဆန်နေလားတော့ မသိပါဘူး 😂😂 ဘာလို့လဲဆို လူအများစုက လစာရဖို့ အလုပ်လုပ်ကြတာ ဖြစ်နေလို့ပါပဲ။
"လစာရမှ စားလို့ရမယ်၊ လိုအပ်တာတွေ ဝယ်လို့ရမယ်၊ ပိုပြီးလစာကောင်းတဲ့ အလုပ်ကိုရအောင် သင်တန်းတွေ ထပ်တက်လို့ရမယ်၊ ပိုပြီး လစာကောင်းတဲ့အလုပ်ကို ရတော့ ပိုပြီးကောင်းတဲ့ အိမ်မှာနေမယ်၊ ပိုပြီး ကောင်းတာလေးတွေ သုံးမယ်၊ လိုချင်တာတွေ ဝယ်မယ်၊ သက်တောင့်သက်သာနေမယ်၊ ဒါပေမဲ့လည်း ထပ်ပြီး ချမ်းသာအောင် ကြိုးစားရဦးမယ်၊ ကိုယ်တင် မဟုတ်တော့ဘဲ ကိုယ့်သားသမီးတွေအတွက်လည်း ကောင်းကောင်းလေးတွေ ချန်ထားရမှာမို့ပေါ့၊ အဲဒါကြောင့် ပိုပြီး အလုပ်လုပ်မယ်၊ အလုပ်က မကောင်းလည်း ချမ်းသာတဲ့အထိ သည်းခံလုပ်ရဦးမယ်" ဟော တွေ့လား လူတွေဟာ ပိုက်ဆံနောက်ကိုပဲ လိုက်နေရသလို ဖြစ်နေပါတယ်။ တစ်ရက်ကို ၈နာရီ စိတ်မသက်မသာ ဖြစ်ရရင် အသက် ၂၄လောက်ကစလို့ ၆၅လောက်အထိ အနှစ်လေးဆယ်လုံးလုံး စိတ်အညစ်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုသာ ဖြစ်နေရင် နေရတာ ပြည့်ဝတယ်လို့ ခံစားရပါ့မလား။ သေသွားရင်ရော ပြုံးပြုံးလေးနဲ့ သေသွားနိုင်ပါ့မလား။ ကျွန်မကတော့ အဲလိုပဲတွေးပြီး အလုပ်ရွေးဖို့ ကြိုးစားပါတယ်။
Comments
Post a Comment