Featured post

၂၅/၄/၂၄

 ဒီနှစ်က ၂၀၂၄ ရောက်လာပြီဆိုပေမဲ့ ကျွန်မစိတ်ထဲမှာ ၂၀၂၃ လို့ပဲ ထင်နေပါသေးတယ်။ ကျွန်မဟာ တစ်နှစ်ထက် တစ်နှစ် အသက်ကြီးလာပါပြီ။ ဒါပေမဲ့လည်း ကုန်ခဲ့ပြီးတဲ့နှစ်တွေကိုပဲ ပြန်တမ်းတနေတုန်းပါပဲ။ 

ဒီတလော ကျွန်မခေါင်းထဲမှာ ရောက်နေတာကတော့ အများကြီးပါပဲ။ ဒါပေမဲ့ လူက မလှုပ်ချင်လို့ ဘာမှ မရေးဖြစ်ပါဘူး။ ဒီနေ့တော့ စာသင်ရမဲ့ အတန်း ၂ တန်းက ပျက်သွားတာကြောင့် လုပ်စရာ သိပ်မရှိ ဖြစ်နေပါတယ်။ အဲဒါကြောင့် စာလာရေးတာပါ။ 😂😂

ပြန်တွေးကြည့်ရင် သင်္ကြန်တုန်းက တော်တော်ကို မကောင်းမြင်ခဲ့တာပဲ။ ဘာကို မကောင်းမြင်တာလဲဆိုတော့ အကုန်လုံးကို မကောင်းမြင်နေတာ။ တစ်ယောက်ယောက် ဓာတ်ပုံရိုက်ပြီး တင်ထားတာတွေ့ရင် "ဟင်း ဒါမျိုးဓာတ်ပုံရဖို့ ဘယ်သူ့ကို ရိုက်ခိုင်းတာလဲမသိ။ လူတွေဆိုတာ ရှိုးထုတ်ဖို့ပဲ တတ်တယ်" ဘာညာနဲ့ စိတ်ထဲက ပွားနေတာပေါ့။ အဲလိုနဲ့ စာလည်း မရေးနိုင်၊ crochet လည်း မထိုးနိုင်၊ အလုပ်လည်း မလုပ်နိုင်၊ ဥပုသ်လည်း မစောင့်နိုင်ဘဲ ဝေလေလေနဲ့ အချိန်ကုန်သွားခဲ့ပါတယ်။ 

ဪ... မကောင်းမြင်တာလည်း တော်တော်ကို မကောင်းတာပဲလို့။ အချိန်လည်းပုပ်၊ လူလည်း နေမကောင်း၊ စိတ်လည်း မသက်မသာ ဖြစ်ရပါတယ်။ အခုတော့ ဘယ်လိုလဲတော့ မသိဘူး။ အလုပ်ပြန်ဝင်ရမှာမို့နဲ့ တူပါရဲ့၊ နေပြန်ကောင်းသွားပါပြီ။ အလုပ်မှာ မျက်နှာကြီး စူပုပ်ထားလို့မှ မရဘဲ။ ရုံးသွား ကျောင်းသွား အလုပ်လုပ်တာ အဲဒါတစ်ခုတော့ ကောင်းတယ်။ စိတ်လည်း ကြာကြာမပုပ်နိုင်ဘူး။ it regulates emotions ပေါ့။

ဒီနေ့တော့ ဒီလောက်ပဲ ပြောပါဦးမယ်။ နောက်မှ ဖြည်းဖြည်း စဉ်းစားပြီး ပြောချင်တာတွေ မှတ်ထားပါ့မယ်

Comments