Featured post

ပူသောနွေ

 နွေရာသီက အင်မတန်ကို ပူပါတယ်။ ဒီနှစ်လည်း အပူလှိုင်း ဖြတ်ပြန်ဦးမတဲ့လို့ ကြေငြာထားပါတယ်။ အရင်နှစ်ကတော့ ဦးလေးအိမ်မှာ ရောက်နေလို့ ကံကောင်းထောက်မစွာနဲ့ သိပ်မပူလိုက်ပါဘူး။ ဒီနှစ်တော့ အိမ်မှာပဲ နေရမှာမို့ ပူရပြန်ပါဦးမယ်။ ဪ... ကျွန်မက အလုပ်ရတာကို မေ့နေမိတာပဲ။ အလုပ်သွားရင်လို့ ဟိုမှာ အဲယားကွန်းဖွင့်ရင် သိပ်ပူတော့မှာ မဟုတ်တော့ပါဘူး။ 

ဒီနေ့က ပိတ်ရက် ဖြစ်ပါတယ်။ အဲဒါကြောင့် အိမ်မှာ အဝတ်လျှော်၊ ဈေးသွား၊ သန့်ရှင်းရေးလုပ်ရပါတယ်။ မလုပ်ရင်လည်း မရဘူးလေ။ အလုပ်သွားရတဲ့ရက်တွေဆို အိမ်အလုပ် ဘာမှ မလုပ်နိုင်ဘူး။ ပင်ပန်းလို့ပေါ့။ 

ပင်ပန်းတယ်ဆိုတော့ နင်တို့ ဟိုမှာ ဘာတွေများ လုပ်ရတာလဲ မေးရင် "စာသင်ရတယ်၊ စာသင်ချိန်မရှိရင် စာဖတ်တယ်၊ ထိုင်နေရတာပါပဲ" လို့ပဲ ဖြေရမယ်။ ဒါပေမဲ့ ကျောင်းကပြန်လာရင် နုန်းချိပြီး ဘာကိုမှ မလုပ်ချင်တော့ပါဘူး။ နွေရာသီပူတာကြောင့်လည်း ပါပါမယ်။

နွေရာသီက တော်တော်ပူပါတယ်။ မနက် ၇နာရီဆို လင်းထိန်ပြီး နေပူနေပါပြီ။ ကားကလည်း ကျပ်တော့ ဘယ်လောက်ရေချိုးချိုး ချွေးတလုံးလုံးပါပဲ။ ပြန်ရင် ပိုဆိုး။ မနက်ကမှ ညကအေးတဲ့အရှိန်လေး ကျန်တာကြောင့် သက်သာသေးတယ်။ ညနေဆို တစ်နေကုန်ပူထားတဲ့ အရှိန်တွေ ကျန်သေးတော့ အငွေ့နဲ့တင် ပူတာ ပြောလို့မတတ်နိုင်ဘူး။ အဲဒါအပြင် ညဘက် စာသင်ချိန်ထပ်ရှိသေးရင် ငိုချင်စိတ်ပေါက်၊ ဟော... နောက်နေ့မနက် အစောကြီး ပြန်ထရရင် သေချင်စိတ်ပါ ပေါက်တာပဲ။ 

တစ်ဖက်ကနေ ပြန်ကြည့်တော့ နွေရာသီက ၃လပဲရှိလို့ တော်သေးတယ် တွေးရပြန်ပါတယ်။ မတ်၊ ဧပြီ၊ မေပြီးရင် ဇွန်လရောက်ပြီ။ ဇွန်လဆို ဘာပဲဖြစ်ဖြစ် မိုးလေး တဖြောက် နှစ်ဖြောက်ရွာတော့ အေးနေပြီ။ အခု ပူကျွတ်တဲ့အချိန်မှာ အနာဂတ်လာလတဲ့သော မိုးကလေးကို တွေးလို့ စိတ်ဖြေရပါတယ်။ ဪ... နွေရာသီဟာ ပူလိုက်တာနော်..

Comments