Featured post

slow mornings



ဒီရက်ပိုင်းတွေမှာ ၇နာရီခွဲကျော် ၈နာရီလောက်မှပဲ အိပ်ရာက ထဖြစ်ပါတယ်။ မနက်ပိုင်း စာသင်စရာ မရှိတော့ နေရတာ အရမ်းပေါ့ပါးသွားပါတယ်။ အိပ်ရာထရင် မနေ့ညက ကျန်တဲ့ အမှတ်ခြစ်စရာတွေ လက်စသတ်ရင် သတ်မယ်၊ ဒါမှမဟုတ် ကျောင်းသူအတွက် video ရိုက်ရင် ရိုက်မယ်၊ မနက်စာစားမယ်၊ အိမ်ကလူတွေနဲ့ စကားပြောမယ်... တော်တော်ကို သက်တောင့်သက်သာရှိပါတယ်။ သက်တောင့်သက်သာအဖြစ်လွန်လို့ အိမ်ကထွက်တာ နောက်ကျပြီး ကျောင်းရောက်နောက်ကျတာတော့ ရှိတာပေါ့လေ 😂😂


အရင်ကတော့ စဉ်းစားတာ... မနက်အချိန်ရတုန်း စာ၁နာရီခွဲလောက် သင်လိုက်ဦးမယ်ပေါ့။ တစ်သိန်းလောက် အပိုရလည်း နည်းလား..။ ဒါပေမဲ့ နောက်ပြန်စဉ်းစားတော့ ဒီအလုပ်က အချိန်ဇယား မငြိမ်တာနဲ့၊ စာသင်ဖို့ စာဖတ်ရမှာနဲ့၊ ကျောင်းသား စာတတ်မတတ်ကို တွေးပူရမှာနဲ့ဆို မကိုက်ဘူးလို့ တွေးမိပါတယ်။ (နောက်ပြီး အလျင်စလိုနဲ့ taxi စီး၊ အဲဒီ့ပိုက်ဆံပြန်ကုန်ရော) အဲဒါကြောင့် နောက်ပိုင်းလာအပ်သမျှ ကျောင်းသားတွေကို အချိန်မရှိဘူးပြောပြီး ငြင်းလွှတ်နေပါတယ်။ 


အစကဆို ပိုက်ဆံရှာရမယ်တွေးပြီး ကုန်းလုပ်နေမိဦးမှာပဲ။ ဒါပေမဲ့ ဟိုတလောက အင်္ဂလိပ်စာ ဖတ်စာအုပ်မှာ slow movement ဆိုတာလေး တွေ့လိုက်ပါတယ်။ အဲဒီ podcastက လူတစ်ယောက်ဆို slow movement ကို ရှာတွေ့ပြီး အဲဒီအတိုင်းနေတဲ့အခါမှ ကိုယ့်အတွက်အချိန်ရတယ်လို့ ပြောပါတယ်။ အရင်ကဆို မနက်နိုးရင် ကော်ဖီတစ်ခွက်သောက်၊ အလုပ်လုပ်၊ နေ့လယ်ကျတော့လည်း အိပ်မငိုက်အောင် ကော်ဖီ သုံးလေးခွက်လောက်သောက်၊ နောက် ညဘက်ကျ မောပြီးအိပ်သွား၊ နောက် လေးငါးနာရီကြာတော့ မနက်ရောက်လို့ ထရပြန် အဲလို သံသရာလည်နေသတဲ့။ ကျွန်မတော့ အဲလိုကြီး မနေချင်ပါဘူး။ အလွန်ဆုံးနေရ နောက် နှစ်လေးငါးဆယ်ပေါ့။ အဲဒီမှာ တစ်ဘဝလုံး နွားလိုရုန်းပြီး နေရမှာတဲ့လား။ passion ရှိတဲ့အလုပ်ဆိုပြီး ကျန်တာ ဘာမှမလုပ်နိုင်အောင် တစ်ရက်ကို ၁၆နာရီလောက် လုပ်နေရမှာတဲ့လား။ အမလေး.. ပိုက်ဆံရပြီး ရောဂါဖြစ်တော့ အဲဒီ့ပိုက်ဆံတွေနဲ့ ပြန်ကု ဘာထူးလို့လဲ။ 


အဲဒါကြောင့် အခုကစပြီး တွေ့သမျှအလုပ်တွေ လိုက်မလုပ်ဘဲ နည်းနည်းနဲ့ ထိထိရောက်ရောက်ရှိမဲ့အလုပ်မျိုး လုပ်ဖို့ စဉ်းစားထားပါတယ်။ ဒီလို မျှောလိုက်နေတဲ့ အချိန်အတွင်းမှာ စာတွေ အများကြီး ဖတ်မယ်၊ စာတွေ အများကြီး ရေးမယ်၊ ကမ္ဘာကြီးကို မြင်အောင်ကြည့်မယ်၊ ပြီးတော့ အားရအောင် နေပစ်ပါဦးမယ်။

Comments