Featured post

19.3.24

 ဒီနေ့က မနက်တည်းက ကျောင်းသွားပြီး ညနေမှ ပြန်လာရတဲ့နေ့ ဖြစ်ပါတယ်။ ကျွန်မ အလုပ်စလျှောက်တုန်းက ဒီလိုဘဝကို မျှော်မှန်းပြီး လျှောက်ခဲ့တာပါ။ မနက်စောစော အလုပ်သွားမယ်၊ ညနေဆို ကားစီးပြီး ပြန်လာမယ်၊ ဘာအလုပ်မှ မရှိတော့တာကြောင့် အေးအေးဆေးဆေး ကားပေါ်မှာ သီချင်းနားထောင်မယ်၊ ပြန်လာရင် ပုံဆွဲမယ်၊ သင်တန်းတက်မယ်၊ စာရေးမယ်၊ ကြိုက်တာလုပ်မယ်၊ အလုပ်က ၈နာရီတည်းဆိုတော့ လုပ်စရာအချိန်ရှိတယ်လေ။

တစ်လရတာနဲ့လည်း လောက်နေမယ်၊ မုန့်ဘာညာလည်း စားလို့ ရမယ်၊ စာအုပ်ဘာညာလည်း ဝယ်လို့ရမယ်၊ နည်းနည်းပါးပါးလေးလည်း စုမိမယ်။ အဲဒါလောက်ဆို ကျေနပ်ပြီ။ ပိုက်ဆံချည်းပဲ ရှာနေတော့ ဘာလုပ်မှာလဲ။ တစ်ခါလောက် အေးအေးဆေးဆေး လူလိုနေချင်သေးတယ်။

အလုပ်မှာ စိတ်ညစ်စရာလည်း ရှိမှာပေါ့၊ မရှိဘူး ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ အလုပ်မပြုတ်သေးဘူး မဟုတ်လား? ကိုယ်ကလည်း ဒီအတွက် သင်ယူနေတယ် မဟုတ်လား? ဘေးပတ်ဝန်းကျင်လည်း အကဲခတ်နေတယ် မဟုတ်လား? အဲဒါဆို ရပြီပေါ့။ အလုပ်က စိတ်ညစ်စရာကို နားတဲ့အချိန်မှာ ဖြေဖျောက်ပစ်မယ်။ 

အဲဒါက ကျွန်မ စိတ်ကူးယဉ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း အချိန်ဇယားဆွဲတဲ့ အစ်မကြီးက ညဆိုင်းတွေသာ ထည့်နေလို့ အိမ်ရောက်လည်း ထမင်းအမြန်သွပ်ပြီး စာသင်ရပါသေးတယ်။ အဲဒါအပြင် အခု စာသင်နေတဲ့ကလေးက ရပ်လို့မရတာကြောင့် နည်းနည်းအားတဲ့အချိန်မှာ သူ့ကို သင်ရပါသေးတယ်။ အခုတော့ သူ့ကို နားရက်ကို ရွှေ့ထားလိုက်လို့ တော်ပါသေးတယ်။ နို့မို့ဆို မလွယ်ဘူး။ 


အခုတော့ အချိန်စာရင်းအစ်မကြီးကို ညနေ စာသင်ချိန်တွေ မထည့်ပါနဲ့လို့တော့ ပြောထားပါတယ်။ သူက လိုက်လုပ်ပေးရင်တော့ နေ့တိုင်း blog လာရေးနိုင်လောက်ပါတယ်။


p.s. ကျွန်မရဲ့ ခရမ်းချဉ်ပင်က အသီးသီးတာ ၃လုံးမြောက် ရှိပါပြီ

Comments