Featured post
- Get link
- X
- Other Apps
ရှင်တို့ လက်ဆောင်ရဖူးကြပါသလား။ ရှင်တို့ ဘယ်လိုခံစားရပါသလဲ။
စစရချင်းတုန်းကတော့ ရှင်တို့ အလွန်ပျော်ကြပါလိမ့်မယ်။ အယ်... ဘယ်လိုမျိုးလဲ။ "ငါ့ကို သူ စိတ်ထဲ ထားပါတယ်၊ သတိရနေပါတယ်" ပေါ့။ နောက် အဲဒီ့လက်ဆောင်ကို တစိမ့်စိမ့်ကြည့်ရင်းလည်း ကြည်နူးချင် ကြည်နူးနေပါလိမ့်မယ်။ "အမလေး ချစ်စရာကောင်းလိုက်တာ" ပေါ့။ ပိုပြီးလည်း ချစ်ချင် ချစ်လာနိုင်ပါတယ်။ "ဒီလိုလူမျိုးကိုမှ မချစ်ရင် ဘယ်သူ့ကို ချစ်မှာလဲ" ပေါ့။
လက်ဆောင်တွေက တစ်ခါတလေကျရင်တော့ ဝန်ထုပ်ဝန်ပိုး ပိသလို ခံစားရစေပါလိမ့်မယ်။ "အင်း... ငါက ဒါတွေကို လိုနေလို့လား" ဒါမှမဟုတ် "ဟယ် အဲလောက်ကြီး မလိုပါဘူး၊ ရပါတယ်" လို့ပေါ့။ ရတဲ့ ပစ္စည်းတွေ များလာတဲ့အခါ အကြွေးတင်သလို ခံစားလာရပါလိမ့်မယ်။ "ငါ့ဟာငါလည်း ဝယ်နိုင်သားပဲ" ဒါမှမဟုတ် "အမလေး အားနာလိုက်တာ" ပေါ့။ အဲဒါထက် များလာတဲ့အခါ သူ့ကို ချစ်တာ ဘာကြောင့်လဲလို့ သံသယဝင်လာပါလိမ့်မယ်။ "သူက ငါ့ကို ဒါတွေပေးလို့ပဲ ငါက သူ့ကို ချစ်နေတာလား" "သူသာ ဘာမှမပေးရင် သူ့ကို ချစ်ပါ့မလား" လို့ပေါ့။ ပိုဆိုးလာရင် ကိုယ့်ကို ချည်နှောင်ထားတဲ့ သံကြိုးတွေလို့တောင် မြင်လာနိုင်ပါတယ်။ "ဘာမှ မဟုတ်ဘူး။ သူက ငါ့ကို ဒါတွေနဲ့ ဖြားယောင်းနေတာ။ နောက်တစ်ခါ ဘာမှမပေးဖို့ ပြောရမယ်" ပြောသာပြောတာ စိတ်ထဲမှာတော့ သူပေးလာမဲ့ တစ်ခုခုကို မျှော်နေတတ်ပါတယ်။
ရှင်တို့ ဘယ်အဆင့် ရောက်ကြပြီလဲ။ ကျွန်မကတော့ "ငါတို့ ပြတ်သွားရင် ဒါတွေ သူ့ကို ပြန်ပေးရမှာလား" လို့ တွေးပူတဲ့ အဆင့်ဖြစ်ပြီး သူကတော့ "ဟင် ဘာလို့ပြတ်မှာလဲ" လို့ ချေပတဲ့ အဆင့်ဖြစ်ပါတယ်။
- Get link
- X
- Other Apps
Comments
Post a Comment