Featured post
- Get link
- X
- Other Apps
ဒီနေ့က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ကျွန်မရဲ့ နားရက်လည်း ဖြစ်ပါတယ်။ မနေ့က တွေးတာကတော့ တရုတ်မုန့် ဝယ်စားမယ်ပေါ့။ ဒီနေ့မနက်ကျတော့ ကွေကာအုတ်ကို ယိုနဲ့စားပြီး တရုတ်မုန့်ကို မေ့သွားပါတယ်။ ပြီးတော့ ကျောပိုးအိတ်လျှော်၊ နောက်ဖေးကြမ်းတိုက်၊ ဘာရယ်မဟုတ် ဟိုလုပ် ဒီလုပ်နေခဲ့တာပါ။
ဪ.. နားရက်နှစ်ရက်မှာ (မနေ့ကနဲ့ ဒီနေ့) သီချင်းဖွင့်ရင်း ရေချိုးဖြစ်ပါတယ်။ အလုပ်မရခင် အရင်တုန်းကဆို ရေချိုးရင် နာရီဝက်လောက်တော့ ကြာနေကျ၊ သီချင်းဆိုပြီး လိုက်ကနေကျ။ ဒါပေမဲ့ အလုပ်ရပြီးနောက်ပိုင်း မြန်မြန်သွား မြန်မြန်ရောက်ဖို့ပဲ စိတ်လောနေတော့ သီချင်းတောင် မဆိုဖြစ်ပါဘူး။ အဲလိုနဲ့ ပိတ်ရက်တွေဆို ဘာလိုနေမှန်းမသိ တစ်ခုခု လိုနေသလို ဖြစ်နေတော့တာပါပဲ။ (facebookမှာ ၄နာရီလောက် အချိန်ကုန်တာလည်း ထည့်ပြောရမယ်)
အခုတော့ ကိုယ်လုပ်စရာရှိတာတွေကို လုပ်တတ်ဖို့ တဖြည်းဖြည်းချင်း သင်ယူနေပါပြီ။ အလုပ်မှာ complaintအရမ်း မတက်ဖို့ရော၊ နားရက်ဆို သူတို့ကမ္ဘာကြီးပဲ ပျက်နေပါစေ လှည့်မကြည့်နိုင်ဖို့ရော လေ့ကျင့်နေရပါပြီ။ အမလေး... အရင်ကတော့ full timeအလုပ်ရရင်တော့ အေးချမ်းပြီမှတ်တာ အခုတော့ ပိုတောင် ပူလောင်ရကြောင်းကို လက်တွေ့ ခံစားလိုက်ရပါပြီ 😂😂
ဘယ်လိုပြောရမလဲ... အလုပ်ကလူတွေက အိမ်ကလူတွေနဲ့ မတူဘူး။ စကားပြောရင် အထူးယဉ်ကျေးရတယ်။ အဲဒါအပြင် တစ်ချိန်လုံး မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး စကားကို ထိန်းပြောရတယ်။ ကိုယ်က အမှန်အတိုင်းပြောတာကိုလည်း သူတို့က ရွဲ့တယ်လို့ ထင်တတ်ကြတာကလား။ ဘယ်လိုတွေလဲမသိ... ဒါပေမဲ့ ဒီလိုမျိုးတွေနဲ့ မတွေ့ချင်ဘူးဆိုပြီး တစ်သက်လုံး ရှောင်လို့မရတဲ့အရာဆိုတော့ "ပညာရတာပဲလေ" တွေးပြီးပဲ ကျော်ဖြတ်နေရပါတယ်။ ဒီမှာနေရင်း တစ်ခါတည်း လူကျမ်းကျေသွားရင် ကောင်းမယ်။ (ကြေ?)
အိမ်ကအမေကတော့ စီးပွားရေးတစ်ခု စဖို့ ပြင်ဆင်နေပါတယ်။ အဲဒါလေး အဆင်ပြေသွားရင် ကောင်းမှာပဲလို့ မျှော်လင့်ဆုတောင်းနေပါတယ်။ အမေ့မှာက ပင်စင်လည်း မရှိ၊ ကျွန်မတို့ကလည်း ပြန်ပေးနိုင်ဖို့ အလားအလာက နည်းနေတော့ ဒါလေးတစ်ခု အောင်မြင်သွားရင် အိမ်က လူအိုတွေ အေးအေးချမ်းချမ်းလေး အိုသွားဖို့ ဖြစ်နိုင်သွားပါပြီ။ အဲဒါကြောင့် ကျွန်မတို့ မိသားစုတွေ အတော်ကြီး ဘုရားရှိခိုး ဆုတောင်းနေကြပါတယ်။ အဲ.. ဘာလို့ ဘုရားတရားကိုပဲ မှီခိုနေကြလဲလို့မေးရင်တော့ ဒီနိုင်ငံမှာ ရိုးရိုးအလုပ်ကြိုးစားရုံတင် မရတဲ့ လျှို့ဝှက်ဆန်းကြယ် ကံတရားကြီးက စိုးမိုးနေတာကြောင့်လို့ ပြန်ဖြေချင်ပါတယ်။
ဒီနေ့ပဲ စစ်မှုမထမ်းမနေရ ဥပဒေထွက်ပါတယ်။ အဟိ.. သူပြောတဲ့ အသက် ၁၈နှစ်ကနေ ၂၇နှစ်ထဲမှာ ကျွန်မနဲ့ အိမ်က ညီမတော်လည်း ပါသပေါ့။ ကျွန်မတို့ ဘာမှ မတတ်နိုင်ပါဘူး။ ဘုရားရှိခိုးဖို့ပဲ တတ်နိုင်ပါတယ်။ ဘုရားကယ်မှပဲ ရမှာမို့လို့ပါ။
ကဲ.. ဘယ်လိုလုပ်ကြမတုန်း ကိုယ်တော်တို့ရေ
- Get link
- X
- Other Apps
Comments
Post a Comment