Featured post
- Get link
- X
- Other Apps
ဒီရက်ပိုင်းအတွင်း စာရေးဖို့ စဉ်းစားပေမဲ့ ပျင်းတာနဲ့ (i was just being lazy)၊ မပျင်းတော့လည်း ပင်ပန်းတာနဲ့၊ နောက် မီးအားချွေတာရတာနဲ့၊ အိပ်ချင်တာနဲ့ အမျိုးမျိုးသော အကြောင်းကြောင်းတို့ကြောင့် ဟိုရွှေ့ဒီရွှေ့ လုပ်နေမိပါတယ်။ ဘာလိုလိုနဲ့ ၂၀၂၄တောင် ၅ရက်ရောက်လာပါပြီ။ နယူးယီးယား ဘာညာတွေလည်း မကြွေးကြော်ရသေးပါဘူး။ ဒီနှစ်တော့ အဲလိုတွေ မအော်ဘူးလို့လည်း စဉ်းစားထားပါတယ်။ မြစ်ထဲမှာ ရေစီးနဲ့ လိုက်မျောနေသလိုမျိုး စီးဆင်းကြည့်မလို့လေ။ ပြီးတော့ ကျွန်မရဲ့ အလုပ်အကိုင်က နောက်၃နှစ်လောက်ထိ ကျောက်ချထားပြီးပြီမို့ ဒီမှာပဲ ဆက်နေနေရတော့မှာမို့ပါ။ တစ်နှစ်တစ်ခါ ဟိုအလုပ်ပြောင်း ဒီအလုပ်ပြောင်း ပြောင်းနေတဲ့ကျွန်မတစ်ယောက် ဒီမှာပဲ အခြေကျဖို့ ကြိုးစားကြည့်လိုက်ဦးမယ်။ အဆင်ပြေမယ်ထင်ပါတယ်။ လောလောဆယ် တစ်ပတ်လောက် သွားကြည့်ပုံအရတော့ အဆင်ပြေသားပဲ။
အခု အလွတ်တန်းသင်နေတဲ့ ကျောင်းသားနှစ်ယောက်ကို ဒီနှစ်လလောက်မှာ ဖြတ်မယ်။ သူတို့ပြီးသွားရင် နောက်အလုပ် ဆက်မရှာဘဲ အချိန်ညှိစရာမလိုတဲ့ စာရေးတာမျိုး၊ ချည်ထိုးတာမျိုး၊ vlogရိုက်တာ ဘာညာ အနုပညာအလုပ်မျိုး လုပ်မယ်စဉ်းစားပါတယ်။ ဒီနှစ်ရဲ့ goals က ပိုက်ဆံများများ ရဖို့တွေ၊ နိုင်ငံခြားသွားဖို့တွေ မဟုတ်ဘဲ လူဖြစ်ရကျိုးနပ်အောင် နေဖို့ ပြီးတော့ အိမ်ကို ကောင်းကောင်းလေး ထားဖို့။
ကျွန်မ ဒီလိုတွေ ပြောလာတော့ တစ်ချို့တွေက ကျွန်မရင့်ကျက်လာတာလို့ ပြောတယ်။ ငယ်ငယ်တုန်းက (အဲဒါ ဆယ်ကျော်သက်အရွယ်လောက်တုန်းကပေါ့) ရင့်ကျက်ခြင်းရဲ့အနောက်မှာ အဘွားကြီးလို အိုမင်းသွားတာတွေ၊ အတွေးအခေါ်ဒိတ်အောက်ပြီး ပျင်းစရာကောင်းသွားတာတွေလို မကောင်းတဲ့ အဓိပ္ပာယ်တွေ ရှိမယ် ထင်ခဲ့ဖူးတယ်။ (အဲဒါက ကျွန်မ ပတ်ဝန်းကျင်က အဘွားကြီးတွေ ကြည့်ပြီး ထင်မိတာပဲ ဖြစ်မှာပေါ့ 🤣) ဒါပေမဲ့ အခုကျ ရင့်ကျက်တယ်ဆိုတာ ပျင်းစရာကောင်းတာ မဟုတ်ဘဲ လုပ်သင့်တာကို လုပ်တာ ကိုယ့်အတွက် အကျိုးရှိမှာကို လုပ်တာ၊ အိုမင်းသွားတာမဟုတ်ဘဲ အရှေ့ကို ကြိုမြင်တတ်လာတာ မလိုတဲ့နေရာမှာ အချိန်မပေးတော့တာမျိုးလည်း ဖြစ်နိုင်သားပဲပေါ့။
အသက်ကြီးလာတာနဲ့အမျှ အတွေးတွေက ပြောင်းလာတယ်။ တချို့ကိုတော့ ဘယ်လိုပြောင်းသွားတာလဲ ဘာကြောင့် ပြောင်းသွားတာလဲ သိလိုက်ပေမဲ့ တချို့ကတော့ ဘာကြောင့်ဘယ်လို ပြောင်းသွားမှန်းမသိတာမျိုးလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကို ပြောင်းလာဖို့ပဲ မျှော်လင့်ပါတယ်။
Comments
Post a Comment