Featured post

ကြောင်တောင်တောင် နိုး ဂျိန်းတောင်တောင်

 ဒီစာကတော့ အရင်တစ်ပတ်တုန်းက ကတ်သရင်းတစ်ယောက် ကြောင်တောင်တောင်နဲ့ အလုပ်ရသွားပုံ ဖြစ်ပါတယ်။ အလုပ်က မရှိဘူးလားဆိုတော့ မဟုတ်ဘူး၊ ရှိတယ်။ ဒါပေမဲ့ နည်းနည်း နာမည်ကြီးတဲ့ကျောင်းက ခေါ်နေတာတွေ့တော့ ရလည်း နည်းလား ဆိုပြီး လျှောက်လိုက်တာ ရသွားပါတယ်။ အမှန်က ရမယ်တောင် မထင်။ အံ့တွေ ဩလို့။ 


အဲလိုနဲ့ အင်တာဗျူး သွားဖြေပါတယ်။ ဖြေတော့ ဆရာမက ကျွန်မကို မေးခွန်းတွေ အများကြီး မေးပါတယ်။ ကျွန်မက သူများနဲ့ စကားပြောရင်သာ ဘာပြောရမှန်းမသိတာ။ ကိုယ့်အကြောင်းမေးရင်ကျ ပါးစပ်မပိတ်နိုင်တဲ့သူလေ။ အဲဒါနဲ့ တစ်နာရီကျော်တောင် ပြောဖြစ်သွားတယ်ဆိုပါတော့။ နောက် ပြီးသွားတော့ ပြန်လာ။ 


နောက် ၃ရက်လောက်နေတော့ အစမ်းခန့်ရကြောင်း၊ သူတို့အတန်း လာတက်ဖို့အကြောင်း ဖုန်းဆက်လာပါလေရော။ အဲလိုနဲ့ သွားတက်ရော ဆိုပါစို့။ အဲ ဖြစ်ရပုံက ထုံးစံအတိုင်း အိမ်ကထွက်တာ နောက်ကျလို့ taxi ငှားရ၊ ဟိုကို ကွက်တိလေး ရောက်သွား၊ ရောက်တော့ ကြောင်တောင်တောင်လေး ဝင်ထိုင် ပေါ့။ ဪ.. အရင်ကဆို "နာမည်က ကတ်ပါ။ အခုကတော့ ကတ်တောင်တောင်ပေါ့" ဆိုပြီး မိတ်ဆက်လို့ ရပေမဲ့ အဲဒီမှာတော့ ကတ်သရင်း ရှိပြီးသားမို့ နာမည်အသစ်ယူရမတဲ့။ အဲဒါနဲ့ စိတ်ထဲပေါ်တဲ တစ်လုံးပြောလိုက်တာ ဂျိန်း ဖြစ်သွားပါလေရောလား။ အဲဒါနဲ့ လူကလည်း တစ်နေ့လုံး ဂျိန်းတောင်တောင် ဖြစ်နေတယ် ဆိုပါစို့လေ 🥲🥲

အခု အဲဒါက အစမ်းသွားလုပ်ရတာတောင် ပင်ပန်းလို့ အိမ်ရောက်ရင် မလှုပ်ချင်။ ဟို အရင်သင်လက်စဟာတွေကိုလည်း မလုပ်နိုင်တော့ဘူး။ ဘယ်လိုတောင် လုပ်ရပါ့။ စိတ်ညစ်ရမလား လစာတောင့်တောင့်တင်းတင်းလေး ရှိတဲ့ အလုပ်သစ်ရလို့ ပျော်ရမလား ဘာမှန်းတောင် မသိတော့ပါဘူး အရပ်ကတို့ရေ


Comments