Featured post

၂၀၂၃တွင် သင်ယူလိုက်ရသော အရာများ

 ၂၀၂၃ ကုန်ပါတော့မယ်။ အခု ဒီဇင်ဘာရောက်ပါပြီ။ 


ဒီနေ့တော့ အလုပ်လည်း ပါးလို့ နည်းနည်းအချိန်ရ၊ လူလည်း စိတ်ကြည်ကြည်လင်လင်ရှိတာနဲ့ ဒီမှာလာရေးပါတယ်။ ၂၀၂၃မှာ ကျွန်မ ကြုံတွေ့ခဲ့တာတွေက အရင်နှစ်တွေမှာ ကြုံတွေ့ခဲ့တာတွေထက် ပိုများသလို ပိုလည်း အရှိန်ပြင်းပြင်းနဲ့ လာဆောင့်ပါတယ်။ လူက ပိုပြီး နိုးကြား၊ မျက်လုံးပွင့်၊ နားပွင့် ဖြစ်သွားတာပေါ့။ 


၁. ကိုယ်က ဘယ်သူ့ပုံရိပ်ဖြစ်နေသလဲ

ပထမဆုံးတစ်ခုကို ပြောရရင် မြန်မာနိုင်ငံက နာမည်ကြီး အဖွဲ့အစည်းတစ်ခုနဲ့ အလုပ်တွဲလုပ်ခွင့် ရခဲ့တာပါပဲ။ ကျွန်မ လုပ်အားပေးနေတဲ့အဖွဲ့ရဲ့ တည်ထောင်သူက အဲဒီနာမည်ကြီးအဖွဲ့ရဲ့ တည်ထောင်သူနဲ့ သိပါတယ်။ အမှန်က သူမှ သိတာမဟုတ်ပါဘူး။ ကျွန်မလည်း သိတာပါပဲ။ နာမည်ကြီးအဖွဲ့ရဲ့ တည်ထောင်သူက ကျွန်မ ရန်ကုန်တက္ကသိုလ်မှာ တက်စဉ်အခါ social work အတန်းမှာ စာသင်ခဲ့တာကိုး။ တွဲလုပ်တော့ ကျွန်မက ကိုယ်တွေရဲ့ လုပ်ပုံလုပ်နည်းနဲ့ပဲ သွားတာပေါ့။ ဟိုဘက်ကလည်း အရင်က ကိုယ်တွေနဲ့ သိခဲ့တဲ့ ဆရာပဲဆိုတော့​လေ... ဒါပေမဲ့ နိုးနော်။ လူတွေက ကိုယ်ထင်သလိုမဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ ပြီးတော့ ကိုယ့်မှာ တစ်ဖက်သတ်ယူဆချက်တွေ တအားများနေကြောင်း သတိထားမိလိုက်ရတယ်။ နောက်ဆုံးနဲ့ အရေးအပါဆုံးကတော့ လူတစ်ယောက်ယောက်နဲ့ ပြောဆိုဆက်ဆံရတဲ့အခါ ကိုယ်ဘယ်မှာ ရပ်တည်နေသလဲဆိုတာ ပြန်ကြည့်၊ ပြန်ဆင်ခြင်ရတယ် ဆိုတာပါပဲ။ "မှန်လိုကျင့်" ဆိုတာတွေ၊ "သူများ ဘာလုပ်လုပ် ကိုယ်က ကောင်းအောင်နေ" ဆိုတာတွေထက် ကျွန်မ လောလောဆယ် လက်ကိုင်ထားရသလောက်ကတော့ "ဘာမှမလုပ်ခင် ကိုယ်က ဘယ်မှာ ရပ်နေတာလဲဆိုတာကို ပြန်ကြည့်ရမယ်"တဲ့။ ကိုယ်က ဘယ်သူ့ကို ကိုယ်စားပြုနေသလဲ၊ အဖွဲ့အစည်းတစ်ခုကိုလား၊ တိုင်းပြည်တစ်ခုကိုလား၊ ကိုယ့်ကိုယ်ကိုယ်လား၊ ဘယ်အခန်းကဏ္ဍမှာ ပါနေသလဲ ဆိုတာကို အရင် ပြန်ကြည့်ရပါမယ်။ ပြီးရင် ကိုယ်ရပ်တည်နေတဲ့ဘက်ကို အရင်ဆုံး ထည့်စဉ်းစားရပါမယ်။ ကိုယ်က ဘယ်လိုနေရာမှာ ရှိသလဲ၊ ကိုယ့်ရဲ့လုပ်ရပ်ကို သူတို့က ဘယ်လောက်အထိ အရေးကြီးတယ်လို့ မှတ်ယူကြမလဲ။ အဲဒါတွေ တွေးမိရင်တော့ သတိလက်လွတ်နဲ့ ပေါ့ပြက်ပြက် ပြုမူမိမှာ မဟုတ်တော့ဘူးပေါ့။ တကယ်ပါ၊ အဲဒီတုန်းက ကျွန်မ လုပ်ခဲ့တာအတွက် ပြန်တွေးလိုက်တိုင်း ရှက်ပါတယ်။


၂. ဒါတွေက ပြီးသွားမှာ၊ အဓိက အလုပ်တာဝန်ကိုပဲ အာရုံစိုက်

နောက်တစ်ခုကလည်း တခြားအဖွဲ့တစ်ခုနဲ့ ပူးပေါင်းလုပ်ရတဲ့အခါမှာ သင်ယူလိုက်ရတာပါပဲ။ အဲဒီအဖွဲ့ကကျတော့လေ ခေါင်းဆောင်က ငယ်ငယ်လေးနဲ့ အဖွဲ့က နည်းနည်းကြီးကြီးမားမား (ကျွန်မ လုပ်အားပေးနေတဲ့ အဖွဲ့ထက်ပိုကြီးပါတယ်၊ ဝန်ထမ်းဦးရေအားဖြင့်ရော သူတို့ စီမံနေတဲ့ program တွေ အားဖြင့်ရောပေါ့) ဆိုတော့ ကျွန်မက သူတို့နဲ့ အလုပ်တွဲလုပ်ရဖို့ကို စိတ်လှုပ်ရှားပါတယ်။ ပထမတစ်ခါလည်း အဆင်ပြေထားတယ် ဆိုတော့ ဒီတစ်ခေါက်လည်း အဆင်ပြေဖို့ မျှော်လင့်ထားတာပေါ့လေ။ နောက် သိလိုက်ရတာက သူတို့က တခြားနေရာမှာတော့ တော်ချင်တော်မယ်၊ အစည်းအဝေးထိုင်ပြီး ပူးပေါင်းဆုံးဖြတ်ကြတဲ့နေရာမှာတော့ ချာတယ်ဆိုတာပါပဲ။ အမှန်ဆို ၁နာရီခွဲဆိုတဲ့အချိန်မှာ တစ်ဖွဲ့အကြောင်း တစ်ဖွဲ့ သိသင့်သလောက် သိသွားရမယ်၊ နောက် ဘာတွေ ဆက်လုပ်ဖို့ရှိတယ်ဆိုတာတွေ အကြမ်းဖျင်းတော့ သဘောတူအစီအစဉ်တွေ ချမှတ်ရမယ်၊ ဒီနှစ်ခုဆောင်ရွက်ဖို့ မလုံလောက်ဘူးလား။ ကျွန်မကတော့ လုံလောက်တယ်လို့ ထင်တာပဲ။ ဟော... နောက်တစ်ခါ ပြန်တွေ့ကြရင် အရင်ချမှတ်ခဲ့တဲ့ လုပ်စရာတွေ ဘယ်လောက်ပြီးနေပြီလဲဆိုတာ ပြန်ပြောကြမယ်၊ အခက်အခဲတွေရှိရင် အဲဒါတွေကို အတူတူ အဖြေရှာကြမယ်၊ နောက် ဘာလုပ်မယ်ဆိုတာ ဆက်ပြောမယ်ပေါ့။ အဲလိုမဟုတ်ဘူးလား... အဲဒီမှာ တစ်ခုအရေးကြီးတာက ပြင်ဆင်လာခြင်းပေါ့။ ဒီအစည်းအဝေးတက်ဖို့ ကိုယ်က ကိုယ့်ဘက်က လုပ်စရာတွေ ပြီးနေရမယ်၊ မပြီးရင် ဘာလို့ မပြီးရသလဲဆိုတာ အကြောင်းပြချက် ရှိနေရမယ်။ ဒီအဖွဲ့ကတော့ အဲလို မဟုတ်ပါဘူး။ သူတို့က ဘာမှလည်း မပြင်လာဘူး၊ ပြီးရင် မပြင်လာတာကိုလည်း ဝန်မခံဘဲ ကျွန်မတို့ကိုပဲ အပြစ်ထိုးချပြီး ၁နာရီ ခွဲသွားပါတယ်။ ကျွန်မ အတော်ကို စိတ်တိုသွားတာပေါ့။ ဒါပေမဲ့ ပထမအဖွဲ့တုန်းက သင်ခန်းစာ ယူထားတာဆိုတော့ ကျွန်မ လက်လွန်ကြက်သွန် မဖြစ်အောင်တော့ ထိန်းပါတယ်။ ဒါပေမဲ့ ကျွန်မ စိတ်တိုတာကြီးက တအားကို သိသာပါတယ်။ အစပိုင်းမှာ ချိုသာပြီး နောက်ပိုင်းတော့ မျက်နှာကတော့ ပြုံးနေပေမဲ့ စကားပြောတာတွေ တအားမြန်လာတာမျိုးပေါ့။ နောက်တော့လည်း ပြန်စဉ်းစားမိပါတယ်၊ ဒီတာဝန် ပြီးဖို့က အဓိက၊ ကိုယ်က သူတို့အတွက် စဉ်းစားပြီ အားမရတာလည်း ဖြစ်စရာမလို၊ ဒီအလုပ်ပြီးအောင် လုပ်ပြီး ကိုယ့်အဖွဲ့အတွက်လည်း အကျိုးရအောင် ယူရမယ် ဆိုတာပါပဲ။ 

၃. လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်မှာ ထလုပ်

ဒီတစ်နှစ်လုံးက အလုပ်တော်တော်များပါတယ်။ စာအုပ်ရေးတော့လည်း တစ်ချိန်လုံး ဒါအမြန်ပြီးဖို့ကိုပဲ အာရုံထားရ၊ နောက် ကျောင်းတက်ပြန်တော့လည်း ကျောင်းတစ်ဖက်နဲ့ ပါရမီမှာလည်း လုပ်၊ international school တစ်ခုမှာ psychology လည်း သွားသင်လိုက်သေး၊ နောက် အရင်ကတည်းက သင်နေတဲ့ ကလေးကိုလည်း စာသင်၊ တော်တော်ရှုပ်ပါတယ်။ နောက် ကျောင်းပြီးသွားပြန်တော့လည်း အင်္ဂလိပ်စာသင်ဖို့ ရုန်းကန်၊ အလုပ်သစ် ထပ်လျှောက်နဲ့ လှုပ်မရပါဘူး။ ဒီမှာ သင်ခန်းစာ အကြီးကြီး ရလိုက်တာကတော့ အချိန်မဆွဲဖို့နဲ့ ကိုယ်ချထားတဲ့ အချိန်ဇယားကို တိတိကျကျ လိုက်နာဖို့ပါပဲ။ ဘယ်အချိန်မှာ ဘာလုပ်ဆိုပြီး ချထားတာက တကယ်လုပ်သင့်လို့ ဖြစ်ပြီး လိုက်မလုပ်ရင်တော့ ညစာငတ်၊ ရေမချိုးရ၊ အိပ်ရာမထနိုင်တွေ ဖြစ်မယ် ဆိုတာပေါ့။ လုပ်သင့်တာကို လုပ်သင့်တဲ့ အချိန်မှာ လုပ်လိုက်တာက စက်ရုပ်ဆန်တာမဟုတ်၊ အချိန်ကို သင့်တော်သလို စီမံခန့်ခွဲတာသာ ဖြစ်တယ် ဆိုတာပါ။ အခုတော့ ဒီနေရာမှာ ကောင်းကောင်း အနေကျနေပြီလို့ ဂုဏ်ယူစွာ ပြောချင်ပါတယ်။ 
(အဲလိုပြောပြီး သိပ်မကြာ ရေချိုးရမဲ့အချိန်မှာ မချိုးလို့ ညမှ ချိုးရပါတော့မယ် ဟီးဟီး)

၄. မေတ္တာထားတာ

ဒီလိုပြောတော့ နည်းနည်း ဘုရားတရားဆန်တယ် ထင်ကြမယ်။ ကဲ.. ရိုးရိုးစကားနဲ့ "ချစ်တတ်လာတယ်" လို့ ပြောရင်ကျ မဟုတ်တရုတ်တွေ ထင်ကြမှာမဟုတ်လားပြော 🥹🥹။ ဒါပေမဲ့ကွာ ချစ်တယ်ဆိုတာမှာလည်း သူ့နည်းရှိတယ်ဆိုတာကို နားလည်လာတယ်ပေါ့။ ဥပမာပြောရရင် ဘောင်ဘောင်က "ဟိုဟာလုပ် ဒီဟာလုပ်" လို့ပြောနေရင် "သိပြီးသားကို ဆရာလာလုပ်နေတယ်" လို့ တွေးတာကို ဖျောက်ပြီး "စေတနာနဲ့ပြောတာပဲလေ" လို့ ပြောင်းတွေးဖြစ်တယ်။ အဲဒီတော့ သူပြောတာကို အရင်ကလောက် ခံရခက်သလို မခံစားရတော့ဘူး။ အဲဒီတော့ ကိုယ့်ဘက်က ပိုပြီး ပြန်မပြော၊ ပြန်မအော်ဖြစ်တော့ဘူးပေါ့။ အဲဒီတော့ သူလည်း စိတ်ချမ်းသာ၊ ကိုယ်လည်း စိတ်ချမ်းသာ။ သူစိတ်ချမ်းသာတော့ ကိုယ့်အတွက် ပိုလုပ်ပေးချင်၊ ကိုယ်စိတ်ချမ်းသာတော့ သူ့အတွက် ပိုလုပ်ပေးချင်တယ်ပေါ့။ တစ်ခါတလေကျတော့ အချစ်ဆိုတာ တိတ်တိတ်လေး နေလိုက်တာပဲ။ အရမ်းကြီး "အင်ဒီပန်းဒန့်" မလုပ်ရဘူးပေါ့ ဟီးဟီး။ လုပ်ချင်ရင်လည်း အရမ်းကြီး ပြန်မပြောနဲ့၊ လူအမြင်ကတ်တယ်။

လောလောဆယ်တော့ ဒါတွေပဲ သတိရပါတယ်။ တကယ်လို ထပ်ပြီး အမှတ်ရလာရင် ထပ်ရေးပါဦးမယ်။ နောက်နှစ်မှာတော့ ပိုက်ဆံ သိန်းဆယ်ချီရပြီး အိမ်တစ်လုံး ဝယ်ချင်ပါတယ်။ အဲဒါမှ ကျယ်ကျယ်ဝယ်ဝယ်နဲ့ နေရတာ တန်၊ တစ်အိမ်လုံးလည်း ပိုပြီး အသက်ရှူချောင်ကြမယ်လို့ ယူဆရပါတယ်။

Comments