Featured post
- Get link
- X
- Other Apps
ဒီနေ့ House of the Dragon ထိုင်ကြည့်နေခဲ့ပါတယ်။ အစကတော့ မင်္ဂလာဆောင်သွားရမှာမို့ စောစောအိပ်မလို့ပဲ။ ဒါပေမဲ့ မျက်လုံးက ပြူးကြောင်နေတော့ ရုပ်ရှင်တစ်ပိုင်းကြည့်ရင် အိပ်ချင်မလားလို့။ နိုး... မအိပ်ချင်သေးလို့ ဒီမှာ လာစာရေးနေတာပေါ့။ ကြည့်ပြီး တော်တော်သံဝေဂ ရပါတယ်။
မိန်းမဖြစ်ရတာ အလွန်ဆိုးရွား
ဒီထဲက အဓိကဇာတ်ကောင် မင်းသမီး၊ သူ့ရဲ့ ငယ်ငယ်က အဖော်တဖြစ်လဲ မိထွေးသည်၊ နောက် ယောက္ခမအဘွားကြီး၊ မင်းသမီးရဲ့ အမေ၊ မင်းသမီးယောက္ခမရဲ့ သမီး နဲ့ နောက်လာမဲ့သမီးများ အမလေး အကုန်လုံးဟာ ခေတ်နဲ့ ယောက်ျားတွေရဲ့ လောဘနဲ့ အတ္တကြောင့် စိတ်ဆင်းရဲခဲ့ရသူတွေဖြစ်ပါတယ်။ (တစ်ချို့ဆို စိတ္တသုခတင်မက အသက်ပါ ပျောက်) အမှန်ဆို Alicent ကို အမြင်ကတ်ရမှာပေမဲ့လည်း မကတ်နိုင်။ သူ့အဖေအယုတ်တမာကြီးက တစ်ချက်လွှတ်အမိန့်နဲ့ ခိုင်းတာကိုး။
ဒီယောက်ျားတွေက ဘာဖြစ်နေကြတာလဲ
တစ်ချို့လူတွေကိုတော့ နားလည်ပေးနိုင်ပေမဲ့ နားမလည်နိုင်သူတွေလည်း ရှိပါတယ်။ ဥပမာ Sir Criston ဆိုပါတော့။ သူက ဘာဖြစ်နေတာလဲ? သူ့ကို အငယ်အမြှောင်းထားချင်တဲ့ ဟိုမင်းသမီးကြောင့် မာနထိခိုက်ပြီး မခေါ်နိုင် မပြောနိုင် ဖြစ်သွားတယ်ပေါ့။ ဒါဆို သူငယ်ချင်း (သူ့အဆင့်က ရံရွေတော်လို့ပဲ ပြောရလောက်မလား) မင်းသမီးရဲ့ အဖေကြီးကို မြှူဆွယ်ပြီး ကိုယ့်သားတွေကို နန်းရအောင် ခွင်ဖန်နေတဲ့ Alicent ကိုကျတော့ သူ့ရဲ့ မှန်ကန်လှတဲ့ စာရိတ္တမျက်လုံးနဲ့ ကြည့်နိုင်တယ်ပေါ့? သူက ဘာဖြစ်နေတာလဲ?
ဟော... Alicent အဖေကရော ဘာဖြစ်နေတာလဲ? ကိုယ့်ဘာသာကိုယ် တဝ စားသောက်ပျော်ပါးရင် တော်ပြီပေါ့။ ဘာလို့ အဲလောက်တောင် လူကုန်ကူးပြီး စည်းစိမ်ရှာရတာလဲ?
ဘာမှန်းမသိတဲ့ လော့ဂျစ်
ဒီထဲမှာ ဘာမှန်းမသိတဲ့ လော့ဂျစ်ကတော့ ဆံပင်ဖြူခြင်း/မဖြူခြင်းပါပဲ။ လူတစ်ယောက် ဆံပင်ဖြူ/မဖြူဟာ ဘာနဲ့ဆိုင်လဲ? အမေနဲ့တော့ မဆိုင်တာ သေချာတယ်။ Alicent က ဆံပင်အနီ၊ သားတွေက ဆံပင်အဖြူ၊ မင်းသမီးက ဆံပင်အဖြူ၊ မွေးတော့ အနက်လား အညိုလား မှောင်မှောင်ကလေးတွေ။ အိုခေ? အပြင်လောကရဲ့ လော့ဂျစ်ဟာ ဇာတ်လမ်းအပေါ်မှာ သက်ရောက်မှုမရှိ 🤔
Comments
Post a Comment