Featured post
- Get link
- X
- Other Apps
ကျွန်မက အချိန်စီးကြောင်းတွင် ငြိမ်းချမ်းစွာ မျောပါနေပါသည်။ သူက သေချာသတိမထားကြည့်လျှင် မသိနိုင်သော တည်ရှိမှုပုံစံမျိုးဖြင့် ကျွန်မအနား ရောက်လာပါသည်။ ကျွန်မက သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်၊ ထို့နောက် ကိုယ်လုပ်စရာရှိသည်များကို ဆက်လုပ်နေပါသည်။ သူကတော့ တစ်ချိန်လုံး ကျွန်မအနားတွင် ရှိနေခဲ့ပါသည်။
---
ပစ္စုပ္ပန်ကာလသို့ ကျွန်မ ပြန်ရောက်သွားပါသည်။ ထို့ကြောင့် အချိန်စီးကြောင်းတွင် မျောပါနေသော ကျွန်မ၏ သိစိတ်ကလည်း နိုးထလာရပါသည်။ ကျွန်မ၏ နေ့ရက်များကို ခါတိုင်းလိုပင် ဖြတ်သန်းပါသည်။ တကုပ်ကုပ် အလုပ်လုပ်ရင်း၊ မိတ်ဆွေများနှင့် ရယ်မောရင်း၊ မတရားခံရသည့် အချိန်များတွင်တော့ ကျယ်လောင်စွာ ဟစ်ကြွေးရင်း..
ဟော.. ကျွန်မ သူ့ကို တွေ့ပြန်ပါသည်။ ဒီတစ်ခါတော့ သူက အကောင်အထည်လိုက်ကြီး ကျွန်မရှေ့တွင် ရပ်နေပါသည်။ သူက ရှောင်လွှဲ၍ မရသော ကံကြမ္မာကြီး ဖြစ်ပါသည်။ ကျွန်မ သူ့ကို တစ်ချက်မော့ကြည့်လိုက်ပါသည်။ သူက ဘေးဘက်တွင် အလိုက်သင့် ချထားသောလက်ကို မြှောက်၍ ဝှေ့ယမ်းပြပါသည်။ သူက ဘာကို ပြောချင်သလဲ...
"Hello" လို့ပဲ နှုတ်ဆက်ချင်တာလား
"မှတ်မိလား" လို့ မေးချင်သလား
"ထပ်ဆုံကြပြန်ပြီနော်" လို့ပဲ ပြောချင်တာလား
ကျွန်မ နားမလည်ပါ။ သို့သော် သူ ပြန်ချလိုက်သော လက်ကို တွဲ၍ ကျွန်မတို့ လမ်းလျှောက်သွားကြပါသည်။
"အိုး... နင်က သူ့အကြောင်းကို ဂဃနဏလည်း မသိဘဲနဲ့လေ။ အန္တရာယ်များလိုက်တာ" လို့ ပြောချင်နေကြမယ်မဟုတ်လား။ စိတ်ရင်းဖြင့် ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါသည်။ သို့သော် ရှင်တို့သိအောင် ပြောချင်သည်မှာ ကျွန်မကတော့ ဘယ်တုန်းမှ မခံစားခဲ့ရဖူးသည့် စိတ်ချလုံခြုံမှုမျိုးကို ခံစားနေရသည်ဟူ၍ ဖြစ်ပါသည်။ ကျွန်မ သိပါသည်။ သူ့ကို တွေ့ဖူးပါသည်။ အနာဂတ်တုန်းက ဖြစ်ပါသည်။ အဲဒီတုန်းက ကျွန်မတို့က လှုပ်ခတ်ခြင်းမရှိသည့် အေးချမ်းမှုမျိုးတွင် တည်ငြိမ်စွာ တည်ရှိနေခဲ့ကြပါသည်။
---
အဲဒါကတော့ ကျွန်မရဲ့ နောက်လာမဲ့ ဇာတ်လမ်းအသစ်ထဲက တစ်ပုဒ် ဖြစ်ပါတယ်။ နာမည်က "ကြူးစာများ" တဲ့။ အရမ်း cringe တယ်မဟုတ်လား 🤣🤣။ ကျွန်မလည်း အဲဒီအတိုင်းပဲ ထင်ပါတယ်။ မတတ်နိုင်ဘူးလေ ပိုကောင်းတဲ့ နာမည်မရှာနိုင်သေးသရွေ့ ဒါပဲ ထားရဦးမှာပဲ။ ရေးတုန်းကတော့ သီချင်းနားထောင်ရင်း တဒေါက်ဒေါက်နဲ့ ရိုက်နေခဲ့ပေမဲ့ ပြန်တည်းဖြတ်တဲ့အခါကျ "ewww" ဆိုတာကို ပါးစပ်ကမချ ဆိုနေရမယ်ထင်ပါတယ်။ 🤧🤧 well.. not my fault, it's his!
မကြာခင်တော့ blog ကို စတိုင်ပြောင်းတော့မယ် ထင်ရပါတယ်။ (ကိုယ်လုပ်မှဖြစ်တာကိုတောင် "ထင်ရပါတယ်" လို့ တပ်ပြောနေရတာကတော့ အခုတလော ဘာကိုမှ မသေချာလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ပတ်တစ်ခါ ဒီမှာ လာရေးနိုင်အောင်တော့ ကြိုးစားပါဦးမယ်) ခါတိုင်းလို ကျွန်မ ဘာဖြစ်တယ်လို့ တင်နေတာထက် ဇာတ်လမ်းတွေရယ် သူ့နောက်ကွယ်က ဘယ်လိုရေးခဲ့ရတယ်ဆိုတဲ့ writing process တွေပဲ လာတင်ဖြစ်တော့မယ် ထင်ပါတယ်။
Comments
Post a Comment