Featured post

မင်္ဂလာဆောင်ခြင်း

ဟိုတစ်နေ့က အမျိုးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သွားဖို့ ဖြစ်လာပါတယ်။ ခါတိုင်း မင်္ဂလာဆောင်ဆို ပွဲကြိုက်ခင် ဘောင်ဘောင်နဲ့ ဖီးဖီး၊ နောက် ဖီးဖီးမသွားနိုင်တော့တဲ့အခါကျ အမေတို့ပဲ သွားကြတာပါ။ ဒီတစ်ခေါက်တော့ အဘောင်မလည်း လမ်းမလျှောက်နိုင်တော့ ကျွန်မလိုက်ရဖို့ ဖြစ်လာပါတယ်။ 


မင်္ဂလာဆောင်တစ်ပွဲသွားရဖို့ကို တော်တော်ပိုက်ဆံကုန်ပါတယ်။ ကျွန်မ ခါတိုင်းအပြင်သွားနေသလို နက်ပြာရောင် ကြောင်တောင်ကျားတား ဘောင်းဘီနဲ့ အပြာရောင်အင်္ကျီနဲ့ သွားလို့မရ။ မြန်မာအင်္ကျီနဲ့မှ ရသတဲ့။ (ဗမာမင်္ဂလာဆောင်ကိုး။ တခြားအင်္ကျီနဲ့ လာတဲ့သူတော့ ရှိပါရဲ့။ ဂါဝန်ဝတ်ရမှာ။ ကျွန်မက ဂါဝန်မှ မကြိုက်တာ) ရှိတဲ့ဟာတွေကလည်း ပွဲသွားလို့ ရတာ မရှိလေတော့... ချုပ်စမ်း ဝယ်စမ်း..။


ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်ကို ၇,၀၀၀ ကျတဲ့ခေတ်မှာ ဝမ်းဆက်တစ်စုံ (အင်္ကျီ၊ ထမီ၊ ပဝါ) ကို ၆၀,၀၀၀ လောက်ကျတယ်ဆိုတော့ ဈေးကြီးတယ်လို့လည်း မဆိုသာပါဘူး။ အဲ... ဒါပေမဲ့ မရှိတဲ့သူအတွက်တော့ နင့်ခနဲပါပဲ။ ဒါတောင် ဒီလိုမှ မျက်စိမှိတ်မဝယ်ရင်လည်း နောက်ဆို သွားစရာရှိရင် ထပ်ကုန်နေဦးမှာ။


အဲဒါနဲ့ သွားရော။ ကားပေါ်မှာပဲ နောင်တရသွားပါတယ်။ ဘာလို့လဲဆို အသက်ရှူမဝလို့။ နောက်တော့လည်း ပြန်တွေးပြီး စိတ်ဖြေလိုက်ပါတယ်။ "အမျိုးသမီးတိုင်း ကြုံရမဲ့ ဒုက္ခကို ငါက အခုမှ ခဏလေးခံရမဲ့ဟာ"လို့။ ကြည့်ပါဦး ဗစ်တိုးရီးယားခေတ်ကတည်းက ဝတ်ခဲ့ရတဲ့ corsetတွေ၊ သူများတွေ တက္ကသိုလ်တက်ကတည်းက ဝတ်လိုက်တဲ့ ဗမာအင်္ကျီတွေ (ကျွန်မက တီရှပ်အဟောင်းနဲ့ နှစ်ပါးသွားခဲ့တာလေ 🤣) ဘုရား ဘုရား သူတို့လိုသာ ဝတ်ရရင် တစ်လမခံဘူး အသက်ရှူကျပ်လို့ သေမယ်ထင်တယ်။


ထားပါတော့...


ကြားရတာကတော့ သတို့သားက သတို့သမီးကို ငွေနဲ့ အပိုင်သိမ်းတာဆိုပဲ။ ကောင်မလေးက ပိုက်ဆံကို သိန်းဆယ်ချီ ရှာနိုင်ပြီးသားတဲ့။ အဲဒါကို ကောင်လေးက သူ့လုပ်ငန်းတွေ ဦးစီးဖို့ အိမ်ထောင်ရှင်မလိုတယ်ဆိုပြီး ကောင်မလေးကို အလုပ်ထုတ်လာပြီး ယူကြတာဆိုပဲ။ ကောင်မလေးက သူ့မိဘအိမ်ကို ထောက်ပံ့ဖို့၊ တစ်ခုခုထိခိုက်လာရင် အချိန်မရွေး ကွာပြီး ကိုယ့်အလုပ်ကိုယ် လုပ်နေမှာဖြစ်ကြောင်း စကားခံထားတယ်ဆိုပဲ။ သူတို့ကို ဝိုင်းလက်ဖွဲ့ကြတာ သိန်းပေါင်း သောင်းချီရလို့ တက်လာတဲ့လူတွေက "ကံကောင်းလိုက်တာ... မိဘလုပ်ကျွေးတဲ့ သမီးလေး" ဘာညာနဲ့ ဝိုင်းချီးမြှောက်နေကြပေမဲ့ ကျွန်မကတော့ "ဪ.. ဒီတစ်ယောက်တော့ ပိတ်မိပြီး မထွက်နိုင်ဘဲ ဖြစ်ရင် ဘယ်လိုလုပ်မလဲ" ပေါ့။ ကြည့်လေ အရင်ကဆို သူရှာသမျှဟာ သူ့ငွေ။ အခုတော့ သူ့ယောက်ျားနဲ့ ယောက္ခမက သူ့မိဘကို ထောက်ပံ့တယ် ဖြစ်ရော။ (ကိုယ်က သူ့အိမ်မှာ နေပေးပြီး သူတို့အလုပ်တွေ ဝိုင်းကူရမှာကိုလေ) ဒီတစ်ပွဲသွားလို့ သူ့လုပ်အားခ ဘယ်လောက် ဆိုတာမျိုး မရှိတော့ဘူး။ စိတ်ကြိုက်စီမံဆိုတာမျိုး မရှိတော့ဘူး။ ယောက်ျားကို သံတော်ဦးတင်ရမယ်။ နောက် ကွာချင်ရင်တောင် လွယ်လွယ်ပေးထွက်မှာမဟုတ် (သူတို့လောကက ကွဲလိုက် ကွာလိုက်ဆို နာမည်ပျက်လို့ နောက်ကွယ်မှာပဲ စမောဆွဲနေကြတာလေ အမလေး ဘုရား ဘုရား အဲဒီစမောကနေ ရောဂါတွေ ပါလာရင်ဖြင့်) ကျွန်မတော့ အတော်ကို ရင်လေးပါတယ်။ 


နောက်မှ စဉ်းစားမိတယ်။ "ဪ.. ငါ့နှယ် ကိုယ့်ကိစ္စလည်းမဟုတ်ဘဲ ဘာတွေဝင်ပူနေတာလဲ" ပေါ့။ အင်းလေ ကျွန်မအဆင့်နဲ့ အဲလောက်လည်း ရှာဖို့ မဖြစ်နိုင်သလို ဒီလိုစိတ်နဲ့ အဲလိုမိသားစုထဲလည်း ဝင်မှာမဟုတ်တာ ဘာတွေ စိတ်အပင်ပန်းခံနေသလဲပေါ့။ အဲဒါပြောတာ တစ်ခါတလေကျရင် ဘာတွေတွေးပူမှန်းမသိဘူး။

Comments