Featured post

World Mental Health Day

(Contains suicidal thoughts and behaviour. You've been warned)




၁၅. ၁၀. ၂၀၂၃

သန်းခေါင်ယံ ၁နာရီနဲ့ ၈မိနစ်ရှိပါပြီ။ ဒီညတော့ စာမလုပ်တော့ဘဲ သီချင်းနားထောင်တာ၊ စာရေး ပုံဆွဲတာလောက်ပဲ လုပ်ဖြစ်တော့မယ်ထင်ပါတယ်။


ဒီနေ့ ညနေက တစ်ညနေလုံး ထိုင်ငိုနေခဲ့ပါတယ်။ ညနေ တရေးအိပ်ရာက နိုးလာတာကနေ စတာပါပဲ။ ဒီနေ့က နေလည်းသာ၊ လူလည်း နည်းနည်းအားတာနဲ့ အိပ်ရာခင်းလျှော်၊ ခြင်ထောင်လျှော် လုပ်ပါတယ်။ ပြီးတော့ တစ်နေ့လုံး British Council Teaching English က သင်တန်းအပ်ထားတာ ထိုင်လုပ်နေပါတယ်။ ပြီးတော့ ညနေ ၄နာရီလောက်လည်းကျရော အိပ်ပျော်သွားရော။


ပြဿနာက အိပ်ရာက နိုးလာတဲ့အချိန်မှာ စပါတယ်။ မနက်အဝတ်လျှော်၊ ပန်းကန်ဆေးနေတုန်းက "ဪ.. ငါ့နှယ် ဘယ်တော့မှ ပန်းကန်ဆေး၊ အဝတ်လျှော်ဘဝက လွတ်မှာပါလိမ့်" လို့ တွေးပါတယ်။ ပြီးတော့ "ဒီတိုင်းနေသွားလည်း ကိစ္စမရှိဘူးပဲ" လို့ တွေးမိပြန်ပါတယ်။ အဲဒီတုန်းကတော့ ဘာမှ သိပ်မဖြစ်လိုက်ပေမဲ့ အိပ်ရာက နိုးလာတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းစိုးရိမ်သွားပါတယ်။ တကယ်လို့ ကျွန်မသာ အိမ်မှာ အဝတ်လျှော်၊ ပန်းကန်ဆေး လုပ်နေရင် ဘယ်သူက ရှာကျွေးမှာလဲ? ဆေးမဲ့ပန်းကန်မှာ ထည့်တဲ့ စားစရာကို ဘယ်ကရမလဲ? အခုကတော့ အမေက ရှာနိုင်နေပေမဲ့ သူမရှိတော့ရင် ဘယ်လိုလုပ်မလဲ? 


အရင်ခေတ်တုန်းကတော့ ဒီစိုးရိမ်ပူပန်မှုကို ဖြေရှင်းနည်းက ယောက်ျားယူလိုက်တာပဲ ဖြစ်ပါတယ်။ ကြိုက်လို့ ယူမဲ့သူမရှိတောင် အိမ်က ပေးစားကြပါတယ်။ သမီးကညာ အခါမလင့်စေနဲ့ ဘလာ ဘလာ..။ ကျွန်မမှာတော့ ရမဲ့လမ်းမမြင်ပါဘူး။ တော်တော်တော့ ရယ်ရတယ်။ အရင်တုန်းက ကျွန်မကို ယောက်ျားပေးစားဖို့အကြောင်း အဘောင်မက စကားစပါလေရော.. "ဒီကလေး ကြီးလာရင် ဘယ်သူ့သားနဲ့ သင့်တော်မလဲ" ဆိုပြီး သူ့သူငယ်ချင်း မြေးတွေကို လိုက်စဉ်းစားနေပါတယ်။ အဲဒီမှာ အမေက "ယောက်ျားပေးစားရအောင် အရင်ခေတ်မှ မဟုတ်တော့တာ" ဆိုပြီး အော်လိုက်တာ အဘောင်မခမျာ အခုထိ အဲဒီ့အကြောင်း ပါးစပ်မဟတော့ပါဘူး။ 😂😂


အမှန်ပြောရရင် ကျွန်မလည်း အိမ်ရှင်မအဖြစ် နေရမှာ အတော်ကြောက်ပါတယ်။ ဒါက အိမ်မှာပဲ အားလုံး ပြည့်စုံအောင် စီမံလုပ်ကိုင်ပေးနေတဲ့ အိမ်ရှင်မအကြောင်းတို့ကို စော်ကားလိုခြင်းအလျှင်း မရှိပါဘူး။ (တလောက "content writer အလုပ်ကို မလုပ်နိုင်ဘူး" လို့ ပြောမိတာမှာ ethic နဲ့ မညီဘူး သဘောရောက်သွားလို့ ကျွန်မကို ဝိုင်းတုတ်ကြတာ မှတ်မိပါသေးတယ်။ အဲဒါကြောင့် ဒီမှာ ကြိုစကားခံထားတာပါ။ ethic နဲ့ မညီတဲ့ content writer အကြောင်းကိုတော့ နောက်မှ သေချာရှင်းပါဦးမယ်) ဒါပေမဲ့ ကျွန်မက လိင်ကျွန်အိမ်ဖော် မလုပ်နိုင်ပါဘူး (ဒါက အဆုံးစွန်ဆုံး scenario ကို ပြောပြတာပါ၊ တန်ဖိုးအထားခံရပြီး အောင်မြင်တဲ့ အိမ်ရှင်မတွေ ရှိတာ သိပါတယ်) ကျွန်မ ပတ်ဝန်းကျင်က လူ (ဆွေမျိုး) အချို့ကတော့ ဒီလိုစိတ်မကောင်းစရာဘဝကို ရခဲ့ကြပါတယ်။ သူတို့လည်း တန်ဖိုးအထားခံရ၊ အချစ်ခံရ၊ ဒီလိုပဲ ယှဉ်တွဲနေထိုင်သွားမယ်ထင်လို့ ဒီလမ်းကို ရွေးခဲ့ကြတာပဲ။ ဒါပေမဲ့ တစ်ဖက်လူက သူတို့ကို အသုံးချစရာ ပစ္စည်းတစ်ခုလောက်သာ မြင်တော့ အဲ... ငရဲရောက်သွားတာပဲ။ လူကလည်း အိမ်ထဲမှာနေပြီး ငတုံးမကြီးဖြစ်၊ စိတ်ဓာတ်ကကျ၊ အဖြစ်မရှိသလို ခံစားရ၊ အဲဒါတွေက ကိုယ့်တစ်ယောက်တည်းတင်မဟုတ်တော့ဘဲ သားသမီးတွေဆီ ကူးစက်သွားတော့တာပါပဲ။ 


အဲဒီတော့ ကျွန်မ အတော်တုန်လှုပ်သွားပါတယ်။ အိမ်ရှင်မတွေအတွက် တိုးတက်ရာ တိုးတက်ကြောင်း ကိုယ်စိတ်အထောက်အပံ့ပေးတဲ့နေရာတွေ များများစားစား မကြားမိပါဘူး။ ဒီတော့ ကိုယ့်ဘာသာကိုယ် အလုပ်လုပ်ဖို့ စိတ်မကူးဘဲ ဒီလိုလေး နေလိုက်ဖို့ စိတ်ကူးမိတဲ့ ကိုယ့်ကိုယ်ကိုယ် တော်တော်ကို စိတ်ပျက်သွားမိတော့တာပါပဲ။ 


နောက်ဆက်တွဲ လိုက်လာတာကတော့ "ငါအသုံးမကျဘူး" ဆိုတဲ့ အတွေးပဲ ဖြစ်ပါတယ်။ အဲဒီ့အချိန် ခေါင်းထဲက ပြန်ပြောတဲ့အသံက "အင်းလေ.. ဘာမှမလုပ်ဘဲ အိမ်မှာပဲနေမယ်ဆိုကတည်းက အရည်အချင်းက မရှိလို့ပေါ့"ဆိုတာပါ။ အဲဒီ့ခဏမှာ အခွင့်အရေးကွာခြားမှုတွေ ကိုယ်ပြုပြင်လို့မရတဲ့ အခြေအနေတွေ အားလုံးကို မေ့သွားပါတယ်။ ပြီးတော့ အခုရောက်နေတဲ့ နေရာကိုပဲ ယှဉ်ကြည့်မိပါတယ်။ အဲဒါနဲ့ အကြီးအကျယ် စိတ်ဓာတ်ကျတော့တာပဲ။


နောက်မှာ လိုက်လာတာကတော့ "ငါက ဘာလုပ်ဖို့ ရှိနေဦးမှာလဲ" ဆိုတာပါ။ တလောက လိုင်ဇာစစ်ဘေးရှောင်စခန်းကို ဝင်ပစ်လို့ လူတော်တော် သေကုန်ကြပါတယ်။ အာဏာသိမ်းကတည်းကလို့ပဲ ပြောရမလား.. လူတစ်ယောက် သေသွားတိုင်း "ဘာလို့ ငါက မသေဘဲ ကျန်နေရတာလဲ" ဆိုတာက ခေါင်းထဲ ရောက်ရောက်လာပါတယ်။ သေသွားတဲ့လူတွေကြည့်လိုက်ရင် ဆေးကျောင်းသား၊ ဘာကျောင်းသားနဲ့ တစ်ခုခုမှာ တော်ကြတဲ့သူတွေချည်းပါပဲ။ အိပ်လိုက်စားလိုက်နဲ့ အသက်ရှင်နေတာကတော့ ဟောဒီက ဆန်ကုန်မြေလေး ကျွန်မပါပေါ့။ အဲဒီတော့ တစ်နေ့တစ်နေ့ အသက်ရှူနေတဲ့ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်လာရော။ 


ကျွန်မ သေချင်တယ်လို့ စပြောတာ ကျွန်မ ၈တန်းလောက်ကတည်းက ဖြစ်ပါတယ်။ အဲဒီတုန်းက အဘွားအိမ်မှာ နေရတယ်၊ ကျောင်းကို နေ့တိုင်း နောက်ကျတယ်၊ ကျောင်းမှာ နေ့တိုင်း သံသေးသံညောင်နဲ့ အလှောင်ခံရတတယ်၊ ပြီးတော့ တစ်တန်းလုံးက စကားမပြောတော့ဘူး သေချင်တာ သိပ်တော့ မဆန်းပါဘူး ပြောရမယ်။ တစ်နေ့တော့ ကျွန်မကို စကားပြောတဲ့ သူငယ်ချင်း ၂ယောက်ကို ဖွင့်ပြောမိပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း သူတို့က အလေးမထားပါဘူး။ "ပြန်လည်မွေးဖွားလိုက်ပြီ" ဘာညာနဲ့ လုပ်နေကြပါတယ်။ သေချင်တဲ့လူမှာ အဲလိုမှ မရှိတာ..


နောက် ၁၀တန်းကျတော့ သေချင်တာက ပြန်ပေါ်လာပါတယ်။ ရယ်တော့ ရယ်ရတယ် ကျွန်မက အသားနာမှာ တအားကြောက်တယ်။ အဲဒါကြောင့် ဓားတွေဘာတွေလည်း မကိုင်ရဲဘူး။ အဲဒီတော့ လက်ကို ဘောပင်နဲ့ ထိုင်ခြစ်တာပဲ လုပ်နိုင်ပါတယ်။ အဲဒါတောင် အဘွားမြင်ရင် ပြောမှာစိုးလို့ အရမ်းတောင် မလုပ်ရဲပါဘူး။ နောက် တက္ကသိုလ်တက်တော့ ကျောင်းစာမှာ စိတ်ရောက်သွားပြီး သေချင်တာကို ခဏမေ့သွားပါတယ်။


နောက်ဆုံး ပြန်ပေါ်လာတာကတော့ မနှစ်က ကိုဗစ်အသည်းအသန် ဖြစ်ကြချိန် ဖြစ်ပါတယ်။ အမေက သူ့အပေါ် ကျွန်မတို့က ကျေးဇူးကြွေးတင်ကြောင်း ခဏခဏ ပွစိပွစိ ပြောပါတယ်။ ကျွန်မက အကြွေးဆို ဘာအကြွေးမှ တင်ရတာ မကြိုက်ပါဘူး။ အမှန်ကတော့ အဲလိုပွစိပွစိဒဏ် မခံနိုင်တာပေါ့။ (အိမ်ရှင်မ မလုပ်ချင်တာကလည်း အဲဒီယောက်ျားက သူက ဘယ်လို ပိုက်ဆံရှာရကြောင်း၊ သူ့ကြောင့်သာ ဒီလိုနေနိုင်တာ ဖြစ်ကြောင်းတွေ ပြောမှာ မြင်ယောင်လို့ ဖြစ်ပါတယ်) အဲဒီတုန်းက တစ်အိမ်လုံးက နေမကောင်းဖြစ်နေကြချိန်၊ အလုပ်ကလည်း ရပ်လို့မရ၊ plus ပွစိပွစိ။ နေရမှာကို တော်တော်ကို စိတ်ကုန်ပါတယ်။ နောက်တော့လည်း မသေဘဲ ဆက်နေဖို့ ဖြစ်သွားပါတယ်ပေါ့။ လုပ်နေတဲ့အလုပ်တွေ ရပ်ပစ်လိုက်လို့မှ မရဘဲ။ တကယ်သေသွားရင်က အကြောင်းမဟုတ်၊ ပြန်ရှင်လာရင် အလုပ်က ထပ်ရှာရဦးမယ်၊ ဟော... အလုပ်နားရတဲ့အကြောင်းရင်းကို အလုပ်ရှင်လောင်းများ သိသွားရင် နူတဲ့လူကို ဆက်ဆံသလို နှာခေါင်းက ရှုံ့ကြပြန်ဦးမယ်။ 


ဒီနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရဲ့ ဆောင်ပုဒ်က "Mental health is universal human right. စိတ်ကျန်းမာရေးသည် လူသားတိုင်း၏ အခွင့်အရေးဖြစ်သည်" လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါက ဒီလိုပဲ အော်နေကြတာပါ။ အင်း.. အခွင့်အရေးဖြစ်တာတော့ ဟုတ်ပါရဲ့။ ရရော ရကြလို့လားလို့ မေးရင် အခွင့်ထူးခံတချို့ပဲ ရကြပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။ ဒါကတော့ စိတ်မကောင်းစရာ အမှန်တရားပါပဲ။

Comments