Featured post
- Get link
- X
- Other Apps
ကတ်သရင်းတစ်ယောက် လမ်းပျောက်နေပြန်ပါပြီ။ ဘာလုပ်ရမလဲ..
ဟိုတစ်နေ့က အပြင်ကျူရှင်သင်ဖို့ ဖုန်းလာတော့ ချက်ချင်း ငြင်းချပစ်ပါတယ်။ ဘာလိုလဲ? အပြင်သွားလို့မှ ရမှာမဟုတ်တာ။ ဘောင်ဘောင်က ခါးနေမကောင်းသေးတော့ ထမင်းပွဲပြင်တာကအစ အိမ်သာအိုးသွန်တာအဆုံး ကိုယ်ပဲ လုပ်နေရပါတယ်။ မလုပ်ဘဲ ပေကပ်နေရင်တော့ ရရဲ့၊ သူက ထလုပ်ရော၊ နားနေရမဲ့သူက အငြိမ်မနေတော့ သူ့ရောဂါက မကောင်း၊ အဲလိုနဲ့ နေ့လည်း ညည်း ညလည်းညည်းနေတော့ ကြားရတာ အဆင်မပြေပါဘူး။ သူ့ကို ကြည့်ရတာလည်း အဆင်ပြေမနေပါဘူး။ ဒီတော့ လုပ်စရာရှိတဲ့ အိမ်အလုပ်ဟူသမျှက ကျွန်မပဲ လုပ်နေရပါတယ်။ အဲဒါနဲ့ စဉ်းစားတယ်... ငါ ဘာလုပ်ရမလဲ?
ဒီတိုင်းဆို အစက စဉ်းစားထားတဲ့ နံနံခြားမှာ စာသွားသင်ဖို့ကလည်း ဖြစ်မှာမဟုတ်၊ အနည်းဆုံး အိမ်ကျယ်ကျယ်တစ်လုံး၊ ဟိုသွားဒီသွား ကားတစ်စီး၊ အိမ်မှာ အချိန်ပြည့်နေပေးနိုင်ဖို့ အကူတစ်ယောက်၊ အသုံးစရိတ်တွေအတွက် ဝင်ငွေလမ်းကြောင်းတစ်ခု တော့ ဖန်တီးပေးခဲ့မှ စိတ်အေးရပါမယ်။ နို့မို့ ကိုယ်အဝေးရောက်နေတုန်း သူတို့တစ်ခုခုဖြစ်သွားရင် စိတ်ဆင်းရဲလို့ ဆုံးမှာ မဟုတ်ပါဘူး။
အင်း... ဘယ်လိုပဲ မချစ်ဘူးပြောပြော တကယ်က ချစ်တယ်ထင်ပါရဲ့။
အဲဒီတော့ ဘာလုပ်ရမလဲဆိုတဲ့ ပြဿနာက ပေါ်လာပါတယ်။ အခုရော ဘာတွေ လုပ်နေလဲ? အချိန်ပိုင်းအလုပ် လုပ်တယ်၊ အမေ့ကို ကူတယ်၊ ဒီမှာလာပြီး အီးယောင်ဝါးတယ်၊ ဪ.. စာမျက်နှာအဖြူကြီးကို စိုက်ကြည့်နေတာက ရှိသေး။ တလောကပဲ "ဪ... ငါ့မှာ အိမ်မှာနေရင်း လုပ်လို့ရမဲ့အလုပ်ဆိုလို့ စာရေးတာပဲ" ဆိုပြီး ဝတ္ထုထိုင်ရေးကြည့်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ခေါင်းထဲက ဘာမှ ထွက်မလာဘူး။ ဟာ.. ဒီလိုအဖြစ်မျိုး ကျွန်မ ဘဝမှာ ပထမဆုံး ကြုံဖူးတာပဲ။ အရင်က သင်တန်းမှာတောင် သူများတွေ အကြံမရလို့ စိတ်ညစ်နေတဲ့အချိန် ကိုယ့်မှာ အကြံတွေ ချရေးမကုန်နိုင်အောင် တစ်ပြွတ်ပြွတ် ထွက်နေတဲ့ဟာ .. ဘယ့်နှယ် အခုကျမှ ဘာမှစဉ်းစားမရဘူးရယ်လို့.. "ပိုက်ဆံရဖို့ စာရေးမယ်" ဆိုတဲ့စိတ်မဟုတ်ဘဲ "ရေးချင်လို့ ရေးတယ်" ဆိုတာမျိုး တွေးရမယ်ထင်ပါရဲ့။
ဒီနေ့ညနေကတော့ စိတ်ပျက်လက်ပျက်နဲ့ အရင် bookmark တွေကို လျှောက်မွှေဖြစ်ပါတယ်။ အဲဒီမှာ အရင်က တက်လက်စတန်းလန်း dart ကို ပြန်တွေ့တာပဲ။ အင်း.. လောလောဆယ်တော့ အဲဒါပြန်ဆက်မယ် စိတ်ကူးပါတယ်။ 🤷♀️
Comments
Post a Comment