Featured post
- Get link
- X
- Other Apps
ကျွန်မမှာ dissociative identity disorder ရှိနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မက အလုပ်လုပ်ရင်တစ်မျိုး၊ ကျောင်းမှာတစ်မျိုး၊ အိမ်မှာဆို တစ်မျိုး၊ အမျိုးမျိုး မျက်နှာဖုံး စွပ်တတ်ပါတယ်။ ဒါကို နေရာအလိုက် camouflage လုပ် လိုက်လျောညီထွေဖြစ်အောင်နေတယ်ပဲ ပြောမလား၊ မာယာများလှည့်ဖြားတယ်ပဲ ပြောမလား ပြောချင်ရာပြော ရှင်တို့သဘောပါပဲ
Default mode
အလုပ်မှာ
အမြဲတက်ကြွပြီး social ကျတဲ့ ငှက်ကလေး ဖြစ်ပါတယ်။ မသိတာမရှိ၊ တစ်ခုခုဆို ဝင်ပြော၊ သူများ တစ်ခုခုလိုရင် အမြဲကူညီဖို့ အသင့်ပါပေါ့။ (အဲဒါကြောင့်ပဲ အလုပ်ကလူတွေက extravert လို့ ထင်တတ်ကြပါတယ်။ အလုပ်ပြီးတာနဲ့ ချက်ချင်းတည်သွားတဲ့မျက်နှာထားကို သူတို့ မသိကြပါဘူး)
စာသင်ခန်းထဲမှာ
စာသင်ခန်းက ကျွန်မအကြိုက်ဆုံးနေရာဖြစ်ပါတယ်။ (အထက်တန်းတုန်းက စာသင်ခန်းတွေတော့ မပါပါဘူး) စာသင်ခန်းထဲမှာ တက်ကြွတဲ့သူက များများပိုသိရတာ ဖြစ်ပါတယ်။ မေးခွန်းတွေ များများမေးရမယ်၊ များများနားထောင်ရမယ်၊ များများစဉ်းစားရမယ်။ အဲဒါကြောင့် စာသင်ခန်းထဲဆို ပိုတက်ကြွလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီပုံစံက စာသင်နေတဲ့အချိန်မှာပဲ ဖြစ်တာပါ။ စာသင်ချိန်မစသေးခင်ဆို မျက်နှာက ခပ်တည်တည်နဲ့ ဘယ်သူ့ကိုမှ စကားမပြောဘဲ ကိုယ့်ဟာကိုယ် လုပ်ချင်တာ ထိုင်လုပ်နေတာပဲ။
အိမ်မှာ
အိမ်မှာဆိုရင်တော့ ကျွန်မက မေမေ့သမီးလေးပါ။ အမေပြောတာ အကုန်လုပ်၊ စကားနားထောင်၊ ပြန်မပြောတဲ့ သမီးအလိမ္မာလေး ဖြစ်ပါတယ်။ (တစ်ခါက တစ်ယောက်က မေးဖူးတယ်၊ "နင့်အမေက ရည်းစားထားတာ မကြိုက်တော့ ငါတို့ တန်းလန်းလန်းကြီး ဖြစ်နေမှာပေါ့" တဲ့။ ကျွန်မက ဒီလိုပြန်ပြောလိုက်ပါတယ် "ဪ.. အမေမကြိုက်ရင် သူမသိအောင်လုပ်ရုံပေါ့၊ ဒါများ" 🤣🤣)
Comments
Post a Comment