Featured post
- Get link
- X
- Other Apps
မနက်ခင်းတွေက ကျွန်မအတွက် ဘယ်လိုရှိနေသလဲ?
မဟုတ်သေးပါဘူး.. ကျွန်မရဲ့ မနက်ခင်းတွေက ဘယ်လိုလဲ?
အဲဒါက အရင်နေ့ညက ဘယ်လိုအိပ်ခဲ့သလဲဆိုတာနဲ့ အများကြီး ဆိုင်ပါတယ်။ ကျွန်မက "အလုပ်တာဝန်တွေ ပြီးပြီ၊ အိပ်တော့မယ်" ဆိုပြီး အိပ်တာက ရှားပါတယ်။ များသောအားဖြင့်တော့ "အိပ်ရာမှာ ခဏလေး လှဲမယ်" ဆိုရာကနေ ပြန်မနိုးတော့တာမျိုး၊ အစကတည်းက အိပ်ရာမှာ မှောက်ပြီး ဓာတ်မီးထွန်းလို့ စာဖတ်တာဖြစ်ဖြစ် laptop ဖွင့် စာရေးတာဖြစ်ဖြစ် လုပ်နေရင်းကနေ အိပ်ပျော်သွားတာမျိုး၊ ဒါမှမဟုတ် "၁နာရီအိပ်ပြီးရင် ပြန်ထမယ်" ဆိုပြီး အိပ်သွားရာကနေ မနက်အထိ ဆင်အော်တောင် မနိုးတော့သော အိပ်ခြင်းနဲ့ အိပ်သွားတာမျိုးပေါ့။
အဲလိုမျိုးတွေဆို "ဟဲ့ သေပြီ" ဆိုပြီး မျက်လုံးပွင့်လာတာမျိုး၊ "ဘယ်နှနာရီရှိပြီလဲ"ဆိုပြီး နာရီကြည့်ရာကနေ "what the fuck" ဆိုပြီး ကမန်းကတန်းထပြေး.. နည်းနည်း အေးအေးဆေးဆေးရှိတဲ့နေ့တွေဆိုရင်တော့ ဖီးဖီးရဲ့ "မမကြီးရေ" အော်သံနဲ့ ထရပါတယ်။ သူက အုန်းနို့ခေါက်ဆွဲ ဝယ်ပေးလို့ တောင်းနေတာ။ တစ်ခါတလေကျ အိပ်ရာအထိ ရောက်လာပြီး လူကို လာကိုင်တယ်။ အဲတော့မှ "အမလေး" ဆိုပြီး ထဝယ်ရပါတယ်။
ဒါမှမဟုတ် အမေက မီးဖိုချောင်ကနေ "ထတော့ ထတော့" လို့ အော်နှိုးနေတာမျိုးပေါ့။ အဲဒါဆို ထပြီး သူခိုင်းတာလုပ်၊ ချက်ပြီးလို့ ကျန်တဲ့ ပန်းကန်တွေဆေး၊ ပြီးရင်တော့ ပြန်အိပ်ချင်အိပ် မအိပ်ရင် တရုတ်ဝတ္ထုဖတ်။
တစ်ပတ်မှာ ၃ရက်လောက်ကတော့ ဈေးသွားရပါတယ်။ ဈေးဆို တစ်ပတ်စာဝယ်မဲ့အခါလောက်ပဲ အိမ်က မျက်နှာသစ်ပြီး မနက်စာစားပြီး သွားပါတယ်။ ဒီတိုင်း ဟိုဟာဝယ် ဒီဟာဝယ်ရုံလောက်ဆို ဆံပင်စုတ်ဖွားနဲ့ ခြင်းတောင်းတစ်လုံး ကောက်ကိုင်ပြီး ဒီတိုင်းသွားတာပဲ 🤣
မနက်စာက အိမ်မှာနေတဲ့ နေ့တွေဆို ၁၀နာရီလောက်မှ ထစားတာ များပါတယ်။ အဲဒီမတိုင်ခင် အချိန်တွေကတော့ laptop ရှေ့မှာ တကုပ်ကုပ်ပဲ။
အင်း.. အခုတလောတော့ အေးအေးချမ်းချမ်း စာရေးနိုင်၊ ကွေကာအုပ်စားနိုင် မနက်ခင်းလေးတွေကို ဖြတ်သန်းနေရလို့ ဝမ်းသာနေရပါတယ်။ ဘယ်အချိန်ကျရင်တော့ သံပတ်ပေးထားတဲ့ စက်ရုပ်လို ပြန်ဖြစ်မလဲ မပြောတတ်ပါဘူး။ အဲဒါကြောင့် အခုအချိန်ကို အတတ်နိုင်ဆုံး တဝကြီး ခံစားဖြတ်သန်းနေပါတယ်ပေါ့
- Get link
- X
- Other Apps
Comments
Post a Comment