Featured post
- Get link
- X
- Other Apps
(အစကတော့ skincare အကြောင်းနဲ့ ပတ်သက်ပြီး ရေးမလို့ပါပဲ။ ဒါပေမဲ့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ပြောစရာတွေက အသားအရေနဲ့တင် မကလို့ ဒီလိုပဲ ခေါင်းစဉ်တပ်လိုက်ရပါတယ်။)
Caring for appearance
ကျွန်မက ရယ်ရတယ်။ လူတွေ့ရင် မသန့်မှာစိုးလို့ လက်အကိုင်မခံရတာနဲ့၊ အထိမခံရတာနဲ့ ပြီးတော့ မခံချင်တဲ့ ကျွန်မကို ကြည့်လိုက်ရင် အမြဲ ဆံပင်စုတ်ဖွားနဲ့ အင်္ကျီက အစုတ်တွေ ဝတ်ထားတာ များပါလိမ့်မယ်။ အဲဒါအပြင် မျက်နှာကလည်း အမာရွတ်တစ်ပုံနဲ့။ ဖိနပ်ကလည်း ရေချိုးခန်းသွားတဲ့ ဖိနပ်အကြမ်းကြီး စီးထားတာ ဖြစ်ပါလိမ့်မယ် 🤣🤣 ပြီးရင်တော့ မယ်စကြဝဠာလောက် confidence နဲ့ ခေါင်းမော့ပြီး နေရာတကာလျှောက်သွားနေပါလိမ့်မယ်။
ခေါင်းမဖြီးဘူးလား.. တို့ဆံပင်ကကွာ ဘီးနဲ့ဖြီးရင် Hagrid ဆံပင်လို ပွပွကြီး ဖြစ်သွားရော ဆိုတော့ လက်ကလေးနဲ့ အသာအသာ ဖြီးသင်မှ ရပါတယ် (လူကသာ ငမွဲ၊ ဆံပင်ကတော့ သူဌေးဆံပင်) ဒါပေမဲ့ ကျွန်မက ငပျင်း အိပ်ပုပ်ကြီးဆိုတော့ အိပ်ထားလို့ စုတ်ဖွားထနေတဲ့ ဆံပင်ကိုပဲ ဆံပင်စည်းကွင်းနဲ့ စုချည်ပြီး အပြင်ကို သွားပါတယ်။ အင်္ကျီဆိုလည်း ဗီရိုထဲက ဝတ်လို့ကောင်းတဲ့တစ်ထည် ကောက်စွတ်လိုက်တာပဲ Lol (မြန်မာနိုင်ငံရာသီဥတုနဲ့ ဝတ်လို့ကောင်းတာကလည်း ပွပွချောင်ချောင်နဲ့ ချည်သားတီရှပ်တွေပဲ ရှိတယ်ဆိုတော့ကာ.. ၃ထည်လောက်ကိုပဲ ပြန်လျှော်၊ ပြန်ဝတ်နေတော့ ဟောင်းနေရော)
အဲဒီမျက်နှာကို ဘာမှလည်း မလိမ်းဘူးတော့။ သူများတွေဆို အသားလေး ကြည်ချင်လို့ ဟိုဟာလိမ်းရ ဒီဟာလိမ်းရ (အဲလိုအမျိုးစုံလိမ်းလို့ပဲ steroid ပါတာနဲ့ တိုးကြ 😬)၊ ဒီကတော့ အလုပ်ရှုပ်တယ် ပိုက်ဆံကုန်တယ်ဆိုပြီး ဘာမှမလုပ်။ အဲဒီတော့... 🤷♀️
Eating street food
ကြီးကျယ်တယ်တော့ မဟုတ်ပေမဲ့ အဲ... ကြီးကျယ်တယ်ပဲ ထားလိုက်ကြပါစို့။ ကျွန်မက လမ်းဘေးစာတွေ မစားပါဘူး။ ကျွန်မ သွားလေရာမှာတော့ ရွှေရင်အေးကအစ အကင်မျိုးစုံ၊ အထောင်းမျိုးစုံ နောက်ဆုံး မာလာရှမ်းကောပါရတဲ့ လမ်းဘေးဆိုင်ပိစိလေးတွေရော ဧရာမကြီးတွေမှာရော လူတွေ တိုးကြိတ်ပြီး စားကြတာ တွေ့ရပါတယ်။ ကျွန်မ အသိတွေ တော်တော်များများလည်း စားကြပါတယ်။ ကျွန်မက ဘာလို့ မစားလဲ.. ဗိုက်နာလို့၊ ပြီးတော့ မသတီလို့။
ရှင်တို့ကို ရွံအောင် ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့က ညစ်ပတ်ကြတာ များပါတယ်။ သူတို့မှာ အစားအစာကို ချက်ပြုတ်ဖို့ နေရာသီးသန့် ဖယ်ထားတာ မရှိပါဘူး။ သူတို့ရဲ့ စားပွဲကလေးမှာပဲ အကုန်လုံး ရောမွှေထည့်ကြတာပါ။ ပြီးတော့ အဲဒီ့နေရာကို အစားအစာ တစ်ခါပြင်ဆင်ပြီးတိုင်း ပြန်သန့်ရှင်းတယ်လို့ မရှိပါဘူး။ ဟော.. ဆေးဖို့နေရာလည်း သီးသန့် မရှိပြန်ဘူး။ ပန်းကန်ဆေးဖို့ဆို ရေဇလုံတစ်ခုရယ်၊ နောက် ဆပ်ပြာဖျော်ထားတဲ့ ဇလုံနှစ်ခုပဲ ထားပါတယ်။ စားပြီးတဲ့ ပန်းကန်တွေကို ရေဇလုံထဲ ပစ်ထည့်၊ ပြီးရင် ဆပ်ပြာဇလုံထဲထည့် ပြီး စောစောက ရေဇလုံထဲ ပြန်ထည့်၊ လက်နဲ့ ဘက်ဘက်လို့ သုတ်လိုက်ပြီးရင် သူတို့စားပွဲကလေးပေါ်ပြန်တင်၊ နောက်လူကို အဲဒီ့ပန်းကန်နဲ့ ထည့်ပေး အာ.. ညစ်ပတ်စိန်။
အဲဒါတင် မကသေးပါဘူး။ အဆိုးဆုံးကတော့ သူတို့ လက်မဆေးကြတာပါပဲ။ သူတို့လက်နဲ့ မျိုးစုံနှိုက်မယ် (ဟင်းခွက်တို့၊ ပြင်ထားတဲ့ စားစရာခွက်တို့ကို ပြောပါတယ်၊ နှာခေါင်းလည်း နှိုက်ချင် နှိုက်မှာပေါ့ ဘယ်ပြောတတ်မလဲ။ တလောကတောင် လှည်းတန်းမှာ corndog ကြော်ရောင်းတဲ့ အလုပ်သမားက နှာခေါင်းနှိုက်ပြီး စားစရာကိုင်နေတာကို ဝယ်သူက ချက်ချင်းမိလို့ ဟိုးလေးတကြော်ကြော်နဲ့ ပွဲဖြစ်သွားပါလေရောလား) ပြီးရင် လက်မဆေးဘဲ ထိုင်နေမယ် ဒါမှမဟုတ် ထမီမှာဖြစ်ဖြစ် လက်ခုမှာဖြစ်ဖြစ် apron မှာဖြစ်ဖြစ် တဘက်ဘတ်နဲ့ သုတ်မယ်, နောက်လူလာရင် အဲဒီ့လက်နဲ့ပဲ စားစရာပြင်ပေးပါလိမ့်မယ်။ ဩ.. သူတို့ လက်အိတ်ဝတ်ထားတယ်ဆိုပြီးတော့လည်း စိတ်မချပါနဲ့။ ကျွန်မ ဈေးသွားရင်း မြင်လိုက်တာ အဲဒီ့မုန့်သည်က လက်အိတ်စွတ်ပြီး စားစရာလည်းကိုင်၊ ပိုက်ဆံလည်း ကိုင်နေတာ၊ သူ့ရှေ့ အော့ခနဲ မလုပ်မိအောင် အမြန်ရှောင်လာရတယ်။
အဲဒါကြောင့် ဆိုင်ကြီးကနားကြီးနဲ့ ချက်တဲ့သူတစ်ယောက်၊ ငွေရှင်းတဲ့သူတစ်ယောက် မရှိရင် ကျွန်မ မစားပါဘူး။ ဒီတော့ တစ်ခုခု စားချင်ရင် အိမ်မှာ အမေချက်တာ၊ ညီမတော်ချက်တာကို စောင့်ပါတယ်။
အမလေး.. ၂ခုနဲ့တောင် အတော်ရှည်သွားလို့ ကျန်တာကို နောက်မှပဲ ဆက်ပါတော့မယ်
Comments
Post a Comment