Featured post
- Get link
- X
- Other Apps
ကျွန်မအသက်ဟာ ၂၁နှစ်ရှိပါပြီ။ တစ်ခုခုဆို "မေမေရေ" အော်ခေါ်တတ်တဲ့ ကလေးအရွယ်ကို ဖြစ်သန်းပြီးပါပြီ။ "စိတ်ထင်ရာလုပ်ပစ်မယ်"ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကိုလည်း ကျော်ခဲ့ပြီးပါပြီ။ အခုတော့ ကျွန်မ အရွယ်ရောက်ဖို့ ကြိုးစားနေပါတယ်။
ဟုတ်ကဲ့။ ကျွန်မပြောတဲ့စကားကို အမှတ်တရ မှတ်ထားကြဖို့၊ ကျွန်မကို အရေးကြီးနေရာတွေမှာ ထည့်သွင်းပေးဖို့၊ ကျွန်မရဲ့ ထင်မြင်ချက်ကို လက်ခံစဉ်းစားပေးကြဖို့၊ အရွယ်ရောက်သူတစ်ယောက်လို ဆက်ဆံကြဖို့ ကျွန်မ ကြိုးစားနေပါတယ်။
သားသမီးတွေဟာ ဘယ်အချိန်ကြည့်ကြည့် မိဘရဲ့ ပူတူတူးကလေးတွေပါပဲတဲ့။ ကျွန်မတော့ ဒါကို နည်းနည်းငြင်းချင်ပါတယ်။ သားသမီးတွေဟာ အသက် ၁၀နှစ်ကနေ ၂၀၊ အဲဒီကနေ ၃၀၊ နောက် ၄၀၊ ၅၀၊ ၆၀... မိဘဘိုးဘွားတွေအရွယ်ရောက်တဲ့အထိ ကြီးပြင်းလာကြမယ်၊ သူတို့ကိုယ်ပိုင် အတွေးတွေ အယူအဆတွေ အတွေ့အကြုံတွေ ရှိလာကြမယ် အဲဒါနဲ့အတူ စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဉာဏ်ပညာဆိုတာတွေလည်း ပေါ်ထွက်လာကြမယ်။ ဒါတွေကို "ငါတို့မျက်စိထဲမှာတော့ ပူတူတူးလေးပဲ"ဆိုပြီး ကိုယ့်ရဲ့ အယူအဆကိုသာ ပြောပြီး သူ့ကို မလက်ခံပေးလို့ မရဘူး။ သူတို့အရွယ်အလိုက် ပြောစရာမလိုတဲ့ကိစ္စတွေ ရှိမယ် ဒါတွေကို လိုက်ပြီး ပြောနေစရာ မလိုဘူး။ အလုပ်လုပ်ရင်း အချိန်မှန်စားဖို့ မေ့တတ်တဲ့ အသက်၄၀အရွယ် သားတစ်ယောက်ကို ဖုန်းပြောတဲ့အခါ တခါတလေ "သား ညစာစားပြီးပြီလား"လို့ မေးတာ မေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ နေ့တိုင်း အိမ်အထိလာပြီး ထမင်းခွံ့ကျွေးစရာ မလိုဘူး။ ကိုယ်ထမင်းခွံ့တာကို လက်မခံငြင်းဆန်လို့လည်း "နင်ဟာ ဘာလို့ မိဘပြောစကား နားမထောင်တာလဲ ရိုသေမှုမရှိဘူးလား"လို့ ပြောလို့ မရဘူး။
ရှင်တို့ရော ဒီလို မထင်ကြဘူးလား။
အရွယ်ရောက်ဖို့ ကြိုးစားနေတဲ့ ကျွန်မတို့လို ၂၀ကျော်စလူငယ်တွေဟာ ဒါတွေနဲ့ အရင်ဆုံး ကြုံတွေ့ရတာပါပဲ။ ထပ်ပြောရရင် ကျွန်မတို့ဟာ ပူတူတူးလေး မဟုတ်တော့ဘူး။ Idolပုံတွေကို နံရံမှာကပ်ပြီး ကိုးကွယ်သူတွေလည်း မဟုတ်ကြတော့ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ဘဝထဲကို ဝင်လာကြပါပြီ။ ကျွန်မတို့ ညစာစားဖို့ ထပ်ခါ ထပ်ခါ သတိပေးနေဖို့မလိုပါဘူး။ ကျွန်မတို့ ဥပုသ်စောင့်တာ ဖြစ်ချင်ဖြစ်မယ်၊ dietလုပ်နေတာ ဖြစ်ချင်ဖြစ်မယ်၊ ဒါဟာ ကျွန်မတို့ ဆုံးဖြတ်ချက်ပါပဲ။ အဲဒီ့အတွက် ကျွန်မတို့ တာဝန်ယူနိုင်ပါတယ်။
မျိုးနွယ်စုမှာ လူငယ်တစ်ယောက်ဟာ အရွယ်ရောက်ကြောင်းပြသဖို့အတွက် အခက်အခဲတွေကို ဖြတ်ကျော်ရပါတယ်။ တောထဲမှာ လှံတစ်ချောင်းကိုင်လို့ တစ်ညတာ ကိုယ့်ကိုယ်ကို ကာကွယ်ကြရတယ်။ အဲဒီညဟာ သူ့ရဲ့ ခွန်အား၊ စိတ်ဓာတ်ခိုင်မာမှု၊ ဉာဏ်ပညာ၊ ဆုံးဖြတ်ချက် ခိုင်မာမှုတို့ကို အဆုံးအဖြတ်ပေးတဲ့ ညပေါ့။ တကယ်လို့ ဘေးကင်းကင်းနဲ့ ဖြစ်ကျော်နိုင်ခဲ့ရင် သူ့ကို အရွယ်ရောက်သူအဖြစ် သတ်မှတ်ပေးပြီး ရွာရဲ့ အစည်းအဝေးတွေမှာ ပါဝင်ဆွေးနွေးနိုင်ခွင့် ရှိပြီ။
ကျွန်မ စဉ်းစားမိတယ်။ ကျွန်မတို့သာ အဲလို အရွယ်ရောက်မှုကို ဆုံးဖြတ်ခံရရင် ကောင်းမှာပဲလို့ပေါ့။ အခုက ဘာကို သက်သေပြလို့ သက်သေပြရမှန်း မရေရာ ဖြစ်နေပါတယ်။ ဝင်ငွေလား၊ ပိုင်ဆိုင်မှုတစ်ခုလား၊ အလုပ်တစ်နေရာလား၊ relationshipတစ်ခုလား၊ ဘာလဲ...။
ဒါကတော့ ဒုတိယ အခက်အခဲဖြစ်ပါတယ်။ ကျွန်မတို့ အရွယ်ရောက်ပြီဆိုတာ ဘာနဲ့ ဖော်ပြရမလဲဆိုတာတွေက ဝေဝါးနေတဲ့အတွက် ကျွန်မတို့ရဲ့ အနာဂတ်တွေဟာလည်း ဦးတည်ချက် မဲ့နေတတ်ပါတယ်။ ဦးတည်ချက် မဲ့နေတော့ guideline ပေးတဲ့သူ မရှိရင် ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က ဘာလုပ်ရမှန်းမသိရင် (ဖြစ်ချင်တာကို သိပေမဲ့ ဘာလုပ်ရမှန်းမသိတာရော ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတာရောပေါ့) ယောင်ခြောက်ဆယ် ဖြစ်နေကြတယ်ပေါ့။ အဲဒါဆို အမေတွေဆီက "နင်က ကလေးပဲ ရှိသေးတယ်" ဆိုတာကို ကြားရ၊ လုပ်ချင်ပေမဲ့ ဘာလုပ်ရမှန်းမသိ၊ အဲဒါက ပိုဆိုးစေ၊ အဲလိုနဲ့ ထပ်ခါထပ်ခါ သံသရာလည်ပြီး အလိုမကျ စိတ်ဆင်းရဲရပါတော့တယ်။ ဒါပေမဲ့ များသောအားဖြင့် အခြေကျတယ်လို့ ပြောတဲ့အခါ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခု ရတာကိုပဲ ညွှန်းကြတာ များပါတယ်။
ဒီနေရာမှာ ကယ်တင်ရှင်ကတော့ စမ်းသပ်ပိုင်ခွင့် ဖြစ်ပါတယ်။ တကယ်လို့ ဆယ်ကျော်သက်လောက်ကတည်းက ဟိုနေရာ စမ်းသွားကြည့်၊ ဟိုဟာတွေ စမ်းလုပ်ကြည့် (အလုပ်နဲ့ဆိုင်တာတွေရော ဝါသနာနဲ့ဆိုင်တာတွေရောပေါ့) အဲလိုစမ်းရင်းနဲ့ ကိုယ်က ဘယ်နေရာတွေမှာ အားသာလဲ အားနည်းလဲဆိုတာ သိလာတော့ ကိုယ့်လမ်းရှာတဲ့အခါ အထောက်အကူ ဖြစ်စေပါတယ်။
ဒီလိုအခွင့်ထူး (ဟုတ်ကဲ့ ဒါက လူတိုင်း လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ကံကောင်းသူအချို့သာ စမ်းသပ်ခွင့်ရတာပါ) ကို ရရှိဖို့ အရင်းအမြစ်တွေ အထောက်အပံ့တွေ လိုပါတယ်။ ဒီမှာ ငွေကြေးပါမယ်၊ မိသားစုဝင်တွေရဲ့ ခွင့်ပြုမှုနဲ့ အားပေးမှုတွေပါမယ်၊ ကိုယ်ကိုယ်တိုင်ရဲ့ မဆုတ်မနစ် အားထုတ်မှုတွေ ပါမယ်၊ နောက် စမ်းသပ်နေတဲ့ဌာနက အကြီးအကဲကောင်းတွေ လိုပါမယ်။
ဒီလိုအခွင့်ထူး မရသူတွေကတော့ မိဘလက်ငုတ်လက်ရင်းကိုပဲ ဆက်လုပ်နေရတာ၊ ဒါမှမဟုတ် ငွေရလွယ်တဲ့အလုပ်ကိုပဲ ဝင်လုပ်လိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီထဲမှာမှ ကံကောင်းသူတစ်ချို့ကတော့ ဝင်လုပ်လိုက်ရတာနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတော့ အဆင်ပြေနေကြရော။ ဒီလိုကျတော့လည်း ကိုက်ညီရာကို ရှာဖို့ အပိုငွေနဲ့ အချိန်တွေ မကုန်တော့ဘူးပေါ့။
***
ဒါက အောက်တိုဘာ ၆ရက်၊ ၂၀၂၁တုန်းက ရေးထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက volunteer အဖွဲ့မှာ ကလေးဆန်တယ်လို့ အပြောခံရတာကြောင့် စိတ်ပေါက်ပြီး ရေးခဲ့တာပါ။ ရယ်တော့ ရယ်ရတယ်။ အဲဒီတုန်းကတော့ ဒီလို ကြီးကြီးကျယ်ကျယ်တွေ တွေးလိုက် ရေးလိုက် လုပ်ခဲ့ပြီး အခု ၂၃ကျတော့ ပေါတောတော ဖြစ်နေတာ တော်တော်ခံရခက်တာပဲ!!
- Get link
- X
- Other Apps
Comments
Post a Comment