Featured post
- Get link
- X
- Other Apps
သူငယ်ချင်းတွေ ဘားသွားကြမယ်၊ သွားသောက်ကြမယ်ဆို ကျွန်မ မပါတာ များပါတယ်။ ပိုက်ဆံမရှိတာကြောင့်ရော၊ အိမ်က မသောက်ခိုင်းတာကြောင့်ရော၊ အိမ်ပြန်ပို့မဲ့သူ မရှိတာကြောင့်ရော၊ နောက် မသောက်တာကြောင့်ရောပါ။
အစကတော့ ပိုက်ဆံမရှိလို့။ တက္ကသိုလ်ရောက်ခါစက ကျွန်မမှာ အလုပ်မရှိတာကြောင့် အဖေပေးတဲ့ မုန့်ဖိုး? တစ်ခုတည်းနဲ့ ရပ်တည်ရပါတယ်။ တစ်လ ၅သောင်းပေးတာမှာ ကားခက ၂သောင်း၊ ရေချိုးခန်းသုံး ဘာညာ ဝယ်တာက ၁သောင်းကျော်၊ စာအုပ်ဖိုးက ၁သောင်းကျော်လောက် ဆို ကျောင်းစစဖွင့်တဲ့လမှာ အားလုံး ကုန်ပါတယ်။ နောက်လတွေတော့ ခြစ်ကုတ်ပြီး တစ်လ ၅ထောင်တန်သည် ၁သောင်းတန်သည် စုတာပေါ့။ So.. ပြောချင်တာက ထမင်းကြော်တစ်ပွဲ ၁၅၀၀ပဲ ပေးရတဲ့ ကျောင်းကန်တင်းတောင် မထိုင်နိုင်တာ ဘားသွားမယ်၊ (အရက်တို့ ဟိုဘာကော့တေး ညာကော့တေး မသောက်တောင်) အိမ်မှာ ဖျော်သောက်ရင် ၂ထောင်တောင် မကုန်ဘဲ အဲဒီမှာ ၅ထောင်လောက် ပေးရတဲ့ အသီးဖျော်ရည်တို့ သောက်ဖို့ ငွေမရှိပါဘူး။
နောက် လည်တတ်ပတ်တတ်သွားလို့ (ပိုက်ဆံနည်းနည်းရှာတတ်သွားလို့) ကြားပေါက်လေးဘာလေးရ အသက်ရှူချောင်သွားတောင် အိမ်ကြည်ဖြူတစ်ယောက် သောက်ဖို့ မရသေးပါဘူး။ ဘာလို့လဲဆို အိမ်က သတ်မှာမို့ပါ။ ကျွန်မ အဘွားတွေက ညနေ ၅နာရီဆိုတာနဲ့ ကျွန်မဆီ အိမ်မရောက်သေးဘူးလားဆိုပြီး ဖုန်းဆက်နေကြပါပြီ။ တစ်ခါ သူငယ်ချင်းတွေနဲ့ british council က ielts ပွဲသွားနားထောင်လို့ ည၈နာရီမှ အိမ်ပြန်ရောက်တာကို တစ်ညလုံး ဆဲကြလို့ ပွဲညံပါလေရော။ ဖီးဖီးကလည်း ဘုမသိ ဘမသိနဲ့ ဝင်ရှုပ်၊ သူ့ခေါင်းနဲ့ တိုက်မိလို့ မျက်လုံးတောင် အညိုအမည်းစွဲသွားပါလေရောလား။ (နည်းနည်းကောင်းတာတစ်ခုက ကျွန်မဆိုတာ ရှိတယ်တောင်မထင်တဲ့ crush ကလည်း အဲဒီတော့မှ ဟဲ့ နင်ဘာဖြစ်တာလဲ မေးလာပါတယ်။ အဲဒီတော့ ဘယ်လိုပြောရမလဲ... it has its good sides too ပေါ့)
ကျွန်မကိုယ်တိုင်ကလည်း စဉ်းစားပါတယ်။ နေ့လည်ဘက် သူတို့နဲ့လိုက်သောက်ရင်တောင်မှ (အံမယ် သူတို့က နေ့လည်ဘက်လို့လည်း မရှောင်ဘူးနော်။ အတန်းပြီးရင် Harry's Bar သွားကြမလားဆိုပြီး ထိုင်ကြတာပဲ) ငါ့ကို ဘယ်သူလိုက်ပို့မှာလဲ ပေါ့။ သူတို့က ပြန်လိုက်မပို့ဘူးလား လို့ မမေးပါနဲ့။ ပြန်လိုက်ပို့ချင်လည်း ပို့ပါလိမ့်မယ် ကျွန်မလည်း မပြောတတ်ဘူး။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်ဘာသာကိုယ် ကားငှားပြန်ရမယ်လို့ပဲ ထင်ပါတယ်။ (သူတို့က ကျွန်မကို ဂရုစိုက်ပေးမယ်လို့ မထင်ဘူး) မဖြစ် မဖြစ်။ အဲဒီတော့ မသောက်။
တစ်ရက်တော့ မူးအောင်သောက်ဖို့ အခွင့်အရေးပေါ်လာပါတယ်။ အဲဒါကို ပြောပြဖူးလားတော့ မသိ။ ဘယ်နေ့လဲတော့ မေ့သွားပါပြီ အဲဒီနေ့မှာ ညီမတော်အရူးထလို့ steak လုပ်စားကြပါတယ်။ အဲဒါနဲ့တင် မရပ်၊ ဝိုင်သောက်မယ်ဆိုပြီး နှိုးဆော်ပါတယ်။ (သူက တကယ် bad influence ပဲ။ ကျွန်မတစ်ယောက်တည်း မလုပ်ဖြစ်မဲ့အရာတွေကို သူက လာလာပြီး ကလိကလိနဲ့ နှိုးဆော်ပါတယ်၊ ပြီးရင် ထိန်းထားတဲ့စိတ်ကို မယိုင်ယိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်နှောင့်ယှက်ပါတယ်) အဲဒါနဲ့ ဝယ်လာပြီး တစ်ရက် အခန်းထဲမှာ သောက်ကြရော။ ဝိုင်ဆိုတာ သူ့ခွက်မှာ ဖင်ကပ်ပဲထည့်ပြီး အနံ့ရှူလိုက် ဘာလိုက် ဇိမ်ခံသောက်ရမှာကို ကျွန်မက အိုဗာတင်းခွက်နဲ့ တစ်ခွက်အပြည့် သောက်ပါတယ်။ လောဘကြီးတာကိုး၊ ပြီးတော့ အမေမတွေ့ခင် မြန်မြန်လက်စဖျောက်ဖို့ လိုတယ်လေ။ တော်တော်ရယ်ရတယ် သောက်လို့ တစ်ဝက်လောက်မှာ အမေက တွေ့သွားရော.. ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ အခန်းထဲက ထွက်သွားရော။ ဟော.. အရှေ့မှာ ဖွင့်ထားတာက Infinity war (marvel)ဆိုတော့ မျက်စိက နောက်၊ ခွက်ရဲ့ လေးပုံ သုံးပုံကျိုးအောင်လည်း သောက်ပြီးရော အန်ချင်လာပါလေရော.. အပြင်လည်း မထွက်ရဲတော့ ခွက်ထဲမှာပဲ ပြန်အန်ထည့်ရော 🤮🤮 ပြီးတော့ အိပ်ရာပေါ် မူးပြီးမှောက်နေရော။ crush ဆီလည်း စာရိုက်ပို့လိုက်သေး "ဟေ့ ငါမူးနေပြီ။ ဒါပေမဲ့ ဝတ္ထုတွေထဲကလို စာလုံးတွေလည်း မှားမရိုက်ပါလားဟေ့" (အင်္ဂလိပ်လိုပေါ့ 🙂။ ဪ.. အဲဒီအချိန်မှာ crush က နောက်တစ်ယောက်ပြောင်းသွားပါပြီ) ပြီးတော့ စဉ်းစားလိုက်ပါသေးတယ်။ "ကောင်းတယ်ဆိုလို့ သောက်တာ တိုင်ကို ပတ်ပတ်လည်လှည့်လို့ ခေါင်းမူးတာနဲ့ ဘာမှမထူးပါလား။ အဲဒါကိုများ အထူးတလှယ်လုပ်နေတယ်" လို့။ အဲဒီနောက်ကစ ဘယ်တော့မှ မထိတော့ပါဘူး။
ကျွန်မကို တကယ်ဒုက္ခတွေ မေ့သွားစေတဲ့ မူးယစ်ခြင်းကတော့ ညဉ့်နက်သန်းခေါင် ဒီလိုအချိန်မှာ သီချင်းနားထောင်ပြီး ဘလော့ရေးတာ/ ဝတ္ထုရေးတာ/တစ်ခုခု ရေးနေတာကသာ ပေးစွမ်းနိုင်ပါတယ်။
နောက်ဆုံးမှာတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ပြောထားတဲ့ စကားပြောနဲ့ နိဂုံးချုပ်လိုက်ပါရစေ။
"Cath က သောက်တတ်လား"
"မသောက်ဘူး"
"ဘာလို့လဲ"
"မူးရတာ မကြိုက်လို့"
"မမူးဘူးဆိုရင်ရော သောက်မှာလား?"
"မမူးဘူးဆို ဘာလို့အရက်သောက်တော့မလဲ? အသီးဖျော်ရည်ပဲ သောက်တော့မှာပေါ့"
မျက်နှာပေးကတော့ ကတ်သရင်းရဲ့ signature မျက်တောင်ပုတ်ခတ်ပုတ်ခတ် pose ဖြစ်ပါတယ်။ ပြောလို့အပြီးမှာ သူက ငင့်ခနဲဖြစ်သွားတာ မြင်လိုက်ရပါတယ်။ နောက် ကျွန်မကို အရက်အကြောင်း လာမပြောတော့ပါဘူး။ 😶
- Get link
- X
- Other Apps
Comments
Post a Comment