Featured post

စကင်ကဲ

 အခု Facebook က skincare and beauty products honest review group ကို ဝင်ထားမိလို့ အဲဒီက မေးမြန်းမှုပေါင်း သောင်းခြောက်ထောင်ကို တွေ့နေရပါတယ်။ အဲဒီတော့မှ သူတို့ မေးတဲ့ ပြတဲ့ဟာတွေကြည့်ပြီး "ဪ.. လူတွေ သူတို့မျက်နှာကို တော်တော်ဂရုစိုက်ကြတာပဲ" လို့ တွေးမိပါတယ်။ 


အဲဒါဆို ကျွန်မက ဂရုမစိုက်ဘူးလား... ဂရုစိုက်သလား/မစိုက်သလား.. ရှင်တို့ပဲ ဆုံးဖြတ်ကြပါ။


လောလောဆယ် သိရသလောက် စကင်ကဲ (or) အလှပြင်တဲ့နေရာမှာ ဒီလိုအဆင့်တွေ ရှိတယ်တဲ့။

မနက်

မျက်နှာသစ်၊ တိုနာ၊ ရေဓာတ်ဖြည့်၊ ဟိုအရည်ဒီအရည်လိမ်း (နုပျိုတာတို့ အမည်းစက်ပျောက် ဘာညာ)၊ နေရောင်ကာ၊ မိတ်ကပ်အောက်ခံ၊ ဟိုအမာရွတ်ဖုံးတာ၊ ပေါင်ဒါမှုန့်၊ ပါးနီ (မျက်လုံးမှာလည်းဆိုး)၊ မျက်ခုံးမွှေးဆွဲ၊ setting spray ဆိုလား ဖြန်း၊ နှုတ်ခမ်းနီဆိုး။


နေ့လယ်

mist ဖြန်း (ရေဓာတ်မခြောက်အောင်တဲ့)၊ အဆီပြန်ရင် ပေါင်ဒါအုပ်၊ အဆီစုပ်စက္ကူနဲ့ အသာအသာ ပုတ်။


ညနေ

မိတ်ကပ်ဖျက် (ဆေးရည်/remover tissue/အဖတ်)၊ မျက်နှာသစ်၊ တိုနာ၊ ရေဓာတ်ဖြည့်၊ တစ်ခါတလေ mask ကပ်၊ ဟိုအရည်ဒီအရည်လိမ်း (မနက်ကဟာ ဒါမှမဟုတ် မတူတဲ့ဟာ?)၊ မျက်လုံးအောက်မှာ လိမ်းတာလိမ်း၊ အိပ်။

သူတို့က ဒီလိုအဆင့်များမြောင် မိန်းမဘောင် စကင်ကဲကြပါတယ်။ ကျွန်မကတော့ မနက်ဆို မျက်နှာသစ်၊ နေကာလိမ်း၊ နှုတ်ခမ်းနီဆိုး၊ အပြင်သွား။ အဲ.. နည်းနည်း အကြောရှည်ချင်ရင်တော့ မျက်ခုံးမွေးဆွဲ၊ eye linerဆွဲ။

ညနေပြန်ရောက်ရင် ရေချိုးတဲ့အခါ မျက်နှာသစ်၊ ပြီးရင် အိပ်။ 

ဒါပဲ။ တကယ် ဘုရားစူး ဒါပါပဲ။ တကယ်လို့ hledan centre မှာ mask တွေ buy one get two promotion ပေးတာတွေ့ရင်တော့ ဝယ်ပြီး ကပ်ကြပါတယ် (တစ်လကို တစ်ခေါက်လောက်🤣)

သနပ်ခါးမလိမ်းဘူးလား... နိုး.. သွေးရတာ လက်ညောင်းတယ်.

ကျွန်မ ပစ်စလက်ခတ်နေတာကို အဘောင်မက မကြည့်နိုင်လို့ "နင်မသွေးချင်ရင် ငါသွေးပါမယ်ဟဲ့" ဆိုလည်း မသွေးခိုင်းပါဘူး။ သူ့ဟာက သန့်မှန်း မသန့်မှန်း ဘယ်လိုသိမှာလဲ 🤷‍♀️

အခုတော့ ညီမတော်က မျက်နှာကို treatment လုပ်ရမယ် ဘာညာဆိုပြီး ordinary က niacinamide ဝယ်ထားလို့ အဲဒါတစ်ခု တိုးလာပါတယ်။ ဒါတောင် ၂လကို ၃သောင်းလောက် ထွက်ပါတယ်။ ဪ.. ဒါကြောင့် ကောင်မလေးတွေကို သူတို့ရည်းစားက ဟိုနှုတ်ခမ်းနီ surprise တိုက်လိုက်၊ မတိုက်ရင် ဝယ်ခိုင်းလိုက် လုပ်ကြတာကိုးလို့ (သူတို့လိုသာ သုံးရင် တစ်လတည်းကို ၃သောင်းလောက် ပြုတ်မယ်)

အမလေး.. မိန်းမဖြစ်ရတာ မလွယ်ပါလားနော်.. 

မဟုတ်သေးဘူး.. 

မိန်းကလေးချင်း ရင်ပေါင်တန်းရတာ မလွယ်ပါလားနော်


Comments