Featured post
- Get link
- X
- Other Apps
29.10. 23
ဒီနေ့က သီတင်းးကျွတ်လပြည့်နေ့ပါ။ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လူတွေ ဘုရားသွားကြပါတယ်။ ဒါကြောင့် ဘတ်စ်ကားတွေ ကျပ်ပိတ်သိပ်နေတာပါပဲ။ အိမ်ကလူတွေလည်း ဘုန်းကြီးကျောင်းသွားကြလို့ ကျွန်မနဲ့ ဖီးဖီးပဲ ကျန်ခဲ့ပါတယ်။ ဖီးဖီးက ခုံလေးမှာ ကြောင်တောင်တောင်လေး ထိုင်လိုက်၊ ရှေ့မှာချထားတဲ့ သာကူကို စားလိုက်၊ ပြန်ဖုံးထားလိုက်၊ ငိုက်လိုက် လုပ်နေပါတယ်။ ကျွန်မကတော့ မနေ့က ကြည့်လက်စ hamilton ဂီတပြဇာတ်ကို ဆက်ကြည့်နေပါတယ်။
ကြည့်နေရင်းနဲ့ ကျွန်မလည်း ဆယ်တန်းတုန်းက အခန်းဆက် ပြဇာတ်လို ကဗျာတွေ ရေးခဲ့တာ မှတ်မိပါတယ်။ နာမည်က 'လောကပါလ' တဲ့။ ဇာတ်လမ်းအကျဉ်းက ကမ္ဘာကြီးက သစ်ပင်လည်းမရှိ၊ အမှိုက်တွေနဲ့ ပြည့်နေတယ်ပေါ့။ အဲဒါကို လူတစ်ယောက်က "လောကပါလနတ် မရှိတော့ဘူးလား" လို့ တိုင်တည်၊ နတ်က ထွက်လာပြီး သူဘာမှမတတ်နိုင်ကြောင်း ပြန်ပြောကြတဲ့ ဇာတ်လမ်းပါ (ဪ.. ငါလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက နေရာတကာပါ🥲) ။ အခန်း ၂ တောင် ပြီးပြီနော်။ အခုတော့ အဲဒီစာအုပ်ကို အဖွက်လွန်ရင်း ဘယ်နားထားမိလိုက်လဲ မသိတော့လို့ (ကြောက်ကြောက်နဲ့ လွှင့်ပစ်လိုက်တာလည်း ဖြစ်နိုင်) အထဲက ကဗျာတွေကို နှမြောတသစွာနဲ့ပဲ လွမ်းဆွတ်နေရတဲ့ ဘဝရောက်နေပါတယ်။ အဲဒီတုန်းကသာ တစိုက်မတ်မတ်ရေးခဲ့ရင် အခုဆို အဆင့်အတန်းရှိတဲ့ ကဗျာစာအုပ်တစ်အုပ် ထုတ်လို့ ရနေလောက်ပါပြီ။ ဒါက ကိုယ်ရည်သွေးတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အခုခေတ် ရေးနေကြတဲ့ ကဗျာဆိုတာတွေက ကာရန်လည်းမရှိ၊ ရေးချင်တာရေး၊ ပေါက်ကရအကြောင်းတွေရေး၊ ပြီးရင် ထုတ်ကြတာ။ အဲဒါကို ဖတ်တဲ့လူကလည်း ရှိတယ်တဲ့။ မြန်မာနိုင်ငံမှာလည်း သေသေချာချာကို စနစ်တကျ ရေးထားတဲ့ ပြဇာတ်တို့၊ အနုပညာခံစားမှုလက်ရာတွေ ရှိလာရင်ကောင်းမယ်။ အင်းပေါ့လေ... ခေတ်ပျက်ကြီးထဲမှာ ဒါတွေ လိုက်ရှာနေလို့ ဘယ်မှာတွေ့ပါ့မလဲ။
- Get link
- X
- Other Apps
Comments
Post a Comment