Featured post

10-minute reflection 1

 28/10/23

blogလည်း ရေးချင်ပေမဲ့ ခါတိုင်းလို့ အချိန်အများကြီး မကုန်ချင်လို့ ၁၀မိနစ် အချိန်မှတ်ပြီး ရေးပါမယ်။ ငါ ၁၀မိနစ်အတွင်းမှာ ဘယ်လောက် ပြီးနိုင်လဲပေါ့။


အခုတလော အာရုံစိုက်ရတာ ခက်ခဲလာတယ်။ တိုးတက်လာတဲ့ လူနေမှုဘဝရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ အလုပ်ရှင်တွေက အလုပ်သမားတွေရဲ့ လုပ်အားကို ရနိုင်သမျှ ရအောင် ညှစ်ယူဖို့ ဖန်တီးထားတဲ့ multitasking လို့ခေါ်တဲ့ concept တစ်ခုကြောင့်လို့ပဲ ပြောချင်ပါတယ်။ ဘယ်လောက်တောင် ဆိုးလဲဆို အလုပ်တစ်ခုကို နာရီဝက်တောင် စိတ်နှစ်ပြီး မလုပ်နိုင်ဘူး။ တရွရွနဲ့ ဘယ်သူက စာပို့ထားပြီလဲ၊ ဘယ်သူက ဘာဖြစ်နေပြီလဲ၊ ငါလွတ်သွားပြီလား ဒါတွေ တွေးပူနေလို့ ဖြစ်ပါတယ်။ အရင်ကဆို စိတ်နောက်လိုက်ပြီး အဲဒါတွေ ထိုင်ကြည့်နေလို့ ဘာအလုပ်မှ မပြီးပေမဲ့ အခုနောက်ပိုင်းတော့ အဲဒီ့အကျင့်ကို မရရအောင် ပြင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာလို့လဲဆို စက်ရုပ်တစ်ရုပ်လို လှုပ်ရှားမှ ဖူလုံမဲ့ လူလတ်ပိုင်းအရွယ်ကို ရောက်တော့မှာကိုး။ စက်ရုပ်တစ်ရုပ်လို မရှင်သန်ချင်ရင် ကိုယ့်ရဲ့အချိန်ကို ကိုယ်ကိုယ်တိုင် နိုင်အောင်ခန့်ခွဲမှ ရမယ်။ 

အနှောင့်အယှက်တွေကတော့ အိမ်ကလူတွေပါပဲ။ တစ်ခုခုဆို "နိုနိုရေ" "မမကြီးရေ" နဲ့ ဘာပျောက်ပျောက် ကျွန်မကို ရှာကြတယ်။ မနေ့က video ရိုက်နေတုန်း ဖီးဖီးက အခန်းထဲဝင်လာလို့ အဲဒါကို ရပ်ပစ်ခဲ့ရသေးတယ်။ ဒါကတော့ working from home ရဲ့ မကောင်းတဲ့ အချက်ပါပဲ။ ဒါတွေကြားထဲမှာပဲ လှုပ်သာ ရွေ့သာရှိအောင် ညှိယူနေရမှာပဲ။


စိတ်ငြိမ်အောင် စည်းကမ်းထားတာမှာ အကူအညီဖြစ်စေတာကတော့ တရားထိုင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာပါ။ နှစ်ခုစလုံးကို ၁၀မိနစ်စီလောက်ပဲ လုပ်ပါတယ်။ ၁၀မိနစ် ဘာကိုမှမတွေးဘဲ ဘာကိုမှလည်း မလုပ်ဘဲ ငြိမ်ငြိမ်လေး နေရတာ အင်မတန် ခက်ခဲပါတယ်။ နည်းနည်းလောက်ဆို လူက လှုပ်ချင်လာပြီ။ ဘယ်တော့များ ပြီးမလဲလို့ စိတ်မောလာပြီ။ အခုတော့ နည်းနည်း နေသားကျလာပါပြီ။ daily to do listတွေလည်း အကုန်ပြီးလို့ ညဘက်တွေဆို စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ရပြီဆိုပါတော့...

Comments