Featured post

Trust Issues

 တစ်ယောက်ယောက်ကို ယုံကြည်ဖို့ ခက်ခဲတာ ဘာကြောင့်လဲ? ကိုယ့်ရဲ့ တစ်စုံတစ်ခုကို အပ်နှင်းဖို့ တွန့်ဆုတ်နေတာ ဘာကြောင့်လဲ?

အဲဒါနဲ့ ပက်သက်ပြီး မကောင်းတဲ့ အတွေ့အကြုံ ရှိထားလို့၊
သူများတွေရဲ့ မကောင်းတဲ့ အတွေ့အကြုံကို ကြားထားလို့၊
ဒါမှမဟုတ် သူကိုယ်တိုင်ကကို သံသယလွန်တဲ့ ဗီဇရှိပြီး အဲဒီ့ယုံကြည်မှုကို ဖျောက်ပေးမဲ့သူ မရှိလို့။ 


ကျွန်မအနေနဲ့ တစ်စုံတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် တော်တော်စကားများပြီး အကုန်ဖွင့်ပြောသလို ထင်ရပေမဲ့ ကျွန်မကို ဆက်သွယ်နိုင်ဖို့ အခြားသော နည်းလမ်းတွေ မပေးပါဘူး။ ဥပမာ - ဖုန်းနံပါတ်လို၊ email လို၊ နေတဲ့နေရာလိုပေါ့။ အပြင်မှာ တွေ့ဖို့ဆိုလည်း အင်မတန် တွန့်ဆုတ်ပါတယ်။ မတွေ့နိုင်ဘူးလို့ ငြင်းရင် "ဘာပြောရမလဲ"လို့ တွေးတာက နည်းနည်း၊ "အဲဒီလူ ငါ့ကို ဘာလုပ်မလဲ"လို့ တွေးတာက များများပါ။ ဘာလုပ်မလဲဆိုတာ ... ပြန်ပေးဆွဲတာမျိုး ဖြစ်နိုင်သလို date-rape drug တွေထည့်ပစ်လိုက်တာမျိုးပေါ့။ Who knows what they're capable of!

မယုံတာ အဲဒါတင်ပဲ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က တစ်ခုခု လုပ်ပေးမယ်ဆိုရင်လည်း ပေးမလုပ်ရဲပြန်ဘူး။ အားနာလို့ ဝန်ပိုစေမိမှာစိုးလို့ ဆိုတာထက်... သူလုပ်တာ မကောင်းမှာစိုးလို့ 🥲🥲။ လုပ်ပေးတာကတော့ ဟုတ်ပါရဲ့၊ တကယ်လို့ မလုပ်တတ်မကိုင်တတ်ဆို ပေါက်ကရထွက်လာမှာ၊ ကိုယ်စိတ်တိုင်းမကျမှာ စိုးရိမ်တယ်။ အဲလိုနဲ့ ကျောင်းတက်ကတည်းက presentation slides ရိုက်တာကအစ ကိုယ့်ဘာသာကိုယ်ရိုက်၊ စာတွေဆိုရင်လည်း သူတို့ နားမလည်မှာစိုးလို့ ကြိုရှင်းပြနဲ့ အလုပ်တွေကို ရှုပ်လို့..


သူတို့တင်ပဲ မဟုတ်ပါဘူး။ ပစ္စည်းတစ်ခုခု ဝယ်မယ်ဆိုရင်လည်း အတော်ကြာအောင် စဉ်းစားပါတယ်။ အထူးသဖြင့် လျှပ်စစ်ပစ္စည်းတွေဆိုရင်ပေါ့။ "ဝယ်ပြီး တစ်လလောက်နဲ့ ပျက်သွားရင် ဘယ်လိုလုပ်မလဲ"😦😦


အိမ်က မိသားစုတွေကိုလည်း မယုံပါဘူး။ သူတို့ကတော့ ချစ်တယ်ပြောပြီး ငိုအောင်လုပ်တဲ့သူတွေ ဖြစ်ပါတယ်။ 


အဲဒါကြောင့် ချစ်တယ် လာပြောတဲ့သူတွေကိုလည်း မယုံပါဘူး။




Comments